Tuesday, December 12, 2006

ကောက်ညှင်းပေါင်း အတွေး

ခုတလော အဖေနဲ့ကျမ ကော်ဖီချိန်လေးတွေမှာ လဖက်ရည်ဆိုင်မထိုင်ဖြစ်တာ ကြာပါပြီ။ အဖေလဲ သူ့အလုပ်နဲ့သူ ရှုပ်နေ … ကျမလဲ ကိုယ့်ကိစ္စနဲ့ကိုယ် မအားတဲ့အတွက် နှစ်ယောက်ဆုံပြီး မသွားဖြစ်ကြဘူး။ ကျမကတော့ အိမ်မှာပဲ အလုပ်လုပ်ရင်း ကော်ဖီဖျော် သောက်သလို အဖေကလဲ ကြုံတဲ့နေရာမှာပဲ သောက်ဖြစ်တယ်လို့ ဆိုပါတယ်။
တနေ့ကတော့ ကော်ဖီချိန်လေးမှာ အဖေက ကျမအတွက် ကောက်ညှင်းပေါင်းတထုပ် လူကြုံနဲ့ ပို့ပေးလိုက်ပါတယ်။ ကောက်ညှင်းပြန်ပေါင်း ပူပူလေးပါ။ ခြစ်ထားတဲ့ အုန်းသီးဖတ်လေးတွေဖြူးထားပြီး နှမ်းထောင်းနံ့ကလေးကလဲ သင်းနေတာပါပဲ။

ကောက်ညှင်းပေါင်းနဲ့ ကော်ဖီသောက်နေရင်း ကျမတို့အိမ်မနီးမဝေးကဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကောက်ညှင်းပေါင်းနဲ့ ဘယာကြော် အလှူပြုတာကို သတိရမိတယ်။ ကျောင်းထိုင်ဆရာတော်က အလှူဖိတ်စာမှာ ကောက်ညှင်းပေါင်းကို ကောင်းခြင်းပေါင်းလို့ ကွင်းစကွင်းပိတ်နဲ့ ရေးပါတယ်။ ကောင်းခြင်းတွေပေါင်းစုစေမဲ့ အတိတ်နိမိတ်နဲ့ပေါ့။ ဘယာကြော်ဆိုတာလဲ ဘေးဘယာတွေ ကျော်လွှားနိုင်စေဖို့ ရည်ရွယ်ပါသတဲ့။

အတိတ်နိမိတ် အယူအစွဲအလမ်းကြီးတဲ့နေရာမှာ ကျမတို့လူမျိုးတွေကို ဘယ်သူမှ မမီနိုင်ဘူးလို့ ခပ်ကြွားကြွား တွေးမိပါသေးတယ်။ အယူတော်မင်္ဂလာဦးနိုး ဆိုရင် ဒီ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ တွေနဲ့ပဲ ဘုရင် (ဘိုးတော်ဘုရား) ရဲ့ သူကောင်းပြု မြှောက်စားခြင်း ခံခဲ့ရတာ မဟုတ်လား။ ရှေးအစဉ်အဆက် ဒီလို အတိတ် နိမိတ်တွေ ကောက်လာတော့လဲ ခုချိန်ထိ ဒါတွေကို လက်ခံကျင့်သုံးကြတာ အဆန်းတော့မဟုတ်ပါဘူး။

ကျမသူငယ်ချင်းတယောက် အမေရိကန်ဗီဇာဝင်ခါနီး ဗေဒင်သွားမေးပါတယ်။ ဟိုက သူ့ကို ဘယ်လို ယတြာလုပ်ခိုင်းလဲဆိုတော့ အမေရိကန် ကောင်စစ်ဝန် အင်တင်တင်မဖြစ်အောင်လို့ အင်ဖက် ကို စီးဆင်းနေတဲ့ ရေထဲမျှောပါတဲ့။ ရယ်တော့ ရယ်ရသား။ သူငယ်ချင်း အကူအညီတောင်းတာနဲ့ သူနဲ့ကျမ အင်ဖက် ရှာပုံတော် ထွက်ရပါတယ်။
‘နင်ကလဲ … ခုခေတ်မှာ ဖက်တို့ဘာတို့ သိပ်မှ မသုံးကြတော့တာ၊ ကျွတ်ကျွတ်အိတ်တွေနဲ့ပဲ ထည့်ကြတဲ့ဟာကို … အဲဒီတော့ နင် အင်ဖက်အစား ကျွတ်ကျွတ်အိတ်လေး ရေထဲမျှောပါလား ဟ … ၀ယ်ရတာလဲ လွယ်တယ်’
ကျမက သူ့ကိုခပ်နောက်နောက် ပြောမိတယ်။ ဒါပေမဲ့ ဗိုလ်တထောင် ဆိပ်ကမ်းနားက သစ်သီးသည်တွေ ဆီမှာ အင်ဖက်ရခဲ့ပါတယ်။ ပိုက်ဆံပေး ၀ယ်မယ်ဆိုတာကို ဈေးသည်က အလကားပေးလိုက်တာပါ။ သူလဲ လွှင့်ပစ်ရမဲ့အတူတူဆိုပြီး ပေးလိုက်တာ ထင်ပါရဲ့။ ဒါနဲ့ပဲ ကျမသူငယ်ချင်းဟာ အင်ဖက်ကြီး ရေထဲမျှောပြီး အမေရိကန်ဗီဇာ ၀င်ပေမဲ့ ကောင်စစ်ဝန်က အင်’ လိုက်တာပါပဲ။ ကြည့်ရတာ အလကားရတဲ့ အင်ဖက်မျှောမိလို့ လား မသိပါဘူး။

မအင်’အောင် အင်ဖက်မျှောတာကိုတွေးမိရင်းနဲ့ သီချင်းတပုဒ် သတိရမိပါတယ်။
‘ကြာတာတွေကို မကြာစေဖို့ .. ကြာတွေလှူပြီး ဆုတောင်းမယ်’ ဆိုတဲ့ ခိုင်ထူးရဲ့ သီချင်းလေးပါ။
ကျမသူငယ်ချင်းက မအင် အောင် အင်ဖက် မျှောပြီး ခိုင်ထူးကတော့ မကြာစေဖို့ ကြာလှူပါတယ်။
တချို့ကတော့ ကြာစေချင်လို့ ကြာပန်းကြီးတွေလုပ်တာကို တွေ့ရတယ်။
ဟိုအရင်ကတော့ ‘ပြောင်းဖူး …ပြုတ်ဖူး’ ယတြာဆိုတာ ကြားခဲ့ဖူးတယ်။ အခုတော့ ကြာပန်း ယတြာပေါ့။
အဲဒီ ကြာပန်းကလဲ ဇာတ်လမ်းနဲ့ပါပဲ။ ဟုတ်မဟုတ်တော့မသိပါဘူး။ ကြားမိတာလေး ပြောပါတယ်။
အသစ်တည်ဆောက်ထားတဲ့ မြို့တော်ရဲ့ အထင်ကရ လမ်းခွဆုံမှာ ကြာပွင့်ပုံကြီး ပြုလုပ်ဖို့ စေခိုင်းပါသတဲ့။
ကြာပွင့်ပုံ ထုလုပ်တဲ့ ဆရာဟာ လက်ရာအလွန်မြောက်ပြီး အလွန်လှတဲ့ ကြာပွင့်ကို ပြုလုပ်ပေးလိုက်တယ်၊ ဒါပေမဲ့ ချက်ချင်းပဲ ပြန်ဖျက်ခိုင်းလို့ ဖျက်လိုက်ရတယ်တဲ့။
ဘာကြောင့်လဲ ….. ။
လက်ရာအလွန်မြောက်တဲ့ ကြာပွင့်ပုံမှာ ကြာဖူးတွေပါ ပါ နေလို့တဲ့လေ …။ ကြာ ဆိုတာကလဲ အပွင့်ရော အဖူးပါ ပါမှ လှတာမဟုတ်လား။ အဲ … ကြာဖူး ဆိုတော့ မကြာတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတဲ့အတွက် … ဆိုလား ….ပြန်ဖျက်ပြီး အသစ်ပြန်လုပ်ရပါသတဲ့ … ။
အဲ ….. အဲသလို ကြားခဲ့ဖူးပါတယ်။
အခုတော့ အဲဒီဒေသမှာ အဖူးမပါ အပွင့်သက်သက် ကြာပန်းပွင့်ကြီး ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့်နဲ့ လမ်းခွဆုံအလယ် ထည်ဝါနေလေရဲ့။

သြော် …. ကျမတို့လူမျိုး အတိတ် နိမိတ် အစွဲ အလမ်း ကြီးပုံများ … နော်။
ကျမလဲ ဟိုတွေးဒီတွေး တွေးရင်းနဲ့ စားလိုက်တာ ကောက်ညှင်းပေါင်းတထုပ် ကုန်သွားပါရောလား။ ကောက်ညှင်းပေါင်းစားရင်းတွေးမိတဲ့အတွက် ကောက်ညှင်းပေါင်းအတွေးလို့ အမည်တပ်လိုက်ပါတယ်။
ကောက်ညှင်းပေါင်းအတွေးဆိုတော့လဲ … ခပ်စေးစေးပေါ့။
***
11.12.06
11:42pm

7 comments:

Thyda said...

I did't know 'Kyar's story. It is funny. Thanks for sharing!

This post made me laugh:-D

Myanmar Blues said...

ဟားဟားဟား။ ရီနေရတယ် မမေဓါ။ ကြာပွင့်ထဲ ကြာဖူးသွားထည့်တဲ့  ပန်းရံဆရာ...။

ဖြူဖြူ said...

မမေရေ…
ပြောင်းဖူးအကြောင်းတော့ ကြားဖူးတယ်။ ခုမှပဲ ကြာတွေအကြောင်းသိရတော့တယ်။ အတော်ဟုတ်တာပဲနော်။ ကောက်ညှင်းပေါင်းနဲ့ ဗယာကြော်ကတော့…အင်း….ညီမတို့ အဖွားဆိုလဲ အဲလိုပဲပြောဖူးတယ်။ စည်းစည်းလုံးလုံးနဲ့ ဘေးဘယာကျော်လွှားနိုင်အောင်ဆိုလား ငယ်ငယ်တုန်းက အိမ်တက်မှာ အဲလို ကျွေးတာမှတ်မိတယ်။

generation96 said...

ကျနော်လည်း ကြာပန်းကြီး အကြောင်း အမပြောမှ သိရတယ်။ ဟီး…တကယ်ပေါတာပဲ။ ကြာပန်းဆိုပေမယ့် ကြာပွင့်ဆိုလည်း ဟုတ်တာပဲနော်။ ကြာရင်တော့ ပွင့်လောက်ပါရဲ့။

ကလိုစေးထူး said...

အင်း.. အတိတ်နမိတ်ကို ယုံကြည်လက်ခံတာရဲ့ အကျိုးဆက်အတွက်ပဲထင်ပါရဲ့.. ရောင်းကောင်းနေတဲ့ မဂ္ဂဇင်း ဂျာနယ်တွေမှာ မနောမယ တို့လို၊ ဂမ္ဘီရ တို့လို၊ စာစောင်တွေ ရောင်းတန်းဝင်နေတယ်...နောက်ပီး.. သိတဲ့အတိုင်းပေါ့ဗျာ... ဘိုးတော်တွေ နေရာရချက်ကတော့....... ပြန်ရောက်ရင်တော့ ဘိုးတော်ပဲ လုပ်စားတော့မယ်.. ဟဲဟဲ

Anonymous said...

Pls keep posting about the news... We are apart of myanmar and once we see your blog, we know the news..
Thanks for sharing me...

Anonymous said...

ကြီးမေ ဘာရယ်မဟုတ်ဘူး စာတွေလေ့လာရတာမောလို့ဘလော့မွှေနေတာ ပို့စ်အဟောင်းတွေ မဖတ်ရသေးတာ ကျန်နေလို့ ဖွသွားတယ် ရွှေပြည်ကလူတွေကတော့ ဒီလိုနဲ့လမ်းဆုံးကြတော့မှာလား မသိဘူး အပြောင်းအရွှေ့ထွက်ခါနီးဆို နေကြာစေ့ မစားရတာနဲ့ ပြောင်းဖူး မစားရတာနဲ့ အခုဆို ဆူပါကော်ဖီလည်း မသောက်ကြတော့ဘူး ဗျ လုပ်ငန်းရှင်ကြီးတော့ တံဆိပ်ပြောင်းရတော့မယ်ထင်တယ် ဘာဆိုင်လဲလို့မမေးနဲ့ဗျာနော သူကြီးတွေ ခဏခဏလာလာစစ်ဆေးတော့ အဆူခံရတဲ့အထဲပါမှာစိုးလို့ ဆူပါ မသောက်ကြတာတဲ့ဗျာ

ခင်မင်စွာဖြင့်
seesein