Tuesday, December 26, 2006

ကဗျာ ... ကာရန်နှင့် .. ကျမ

ကျမရဲ့ “ဆောင်းညအတွေး” ပို့စ်က ကဗျာလေးဟာ ကာရန်မပါဘူးဆိုပြီး Prince က “ကာရန်မပါရင် ကဗျာမဟုတ်ဘူး ကဗျွတ်” လို့ ကွန်မန့်မှာ ရေးခဲ့ပါတယ်။ ကိုသံလွင်ကတော့ “ကာရန်မဲ့လို့ကဗျာမဟုတ်ဘူးလို့ ပြောလို့မရတာတော့ သေချာပါတယ်” လို့ ပြန်ရေးခဲ့တယ်။
ကဗျာလောကမှာ ကာရန်မဲ့ ကာရန်ရှိကိစ္စ အငြင်းပွါးခဲ့ကြတာ ကြာပါပြီ။
ကျမကတော့ “ကာရန်ပါတိုင်း ကဗျာမဟုတ်သလို .. ကာရန်မပါတိုင်း စကားပြေမဟုတ်ဘူး” … လို့ ယူဆလက်ခံထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ အဖေယူလာတဲ့ စာအုပ်ထဲက ကာရန်မဲ့ကဗျာအကြောင်းရေးထားတဲ့ ဆောင်းပါးထဲမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ ကာရန်မဲ့ကဗျာတပုဒ် ဖတ်လိုက်ရတာနဲ့ပဲ … ပြန်လည်ဝေမျှလိုက်ပါတယ်။ (ဟိုဆရာကြီးတွေ့ရင် ကဗျွတ်လို့ ဆိုလေအုံးမလားမသိ)
ဖတ်ကြည့်ကြပါအုံး။

***
ကာရန်မဲ့ကဗျာ (မြဇင် - ကဗျာ့နရီနှင့် နိမိတ်ပုံ စာအုပ်မှ )

မင်းသုဝဏ်သည် ကာရန်စည်းကမ်းကြီးသော ကဗျာဆရာဖြစ်သည်၊ ကာရန်အသုံးပြုရာ၌ အစဉ်အလာကို မပျက်ပြားစေလို၊ အစဉ်အလာက သတ်မှတ်သော စည်းကမ်းဘောင်အတွင်း၌ ကာရန်စပ်ဟပ်လိုသည်၊ ဆရာသည် ပညာရည် ကဗျာရည်ရှိသောကြောင့် ကာရန်ကို ထိရောက်စွာအသုံးချ၍ ကဗျာ့အရည်သွေးကို မြှင့်တင်နိုင်ခဲ့သည်။ ကာရန်နှင့်ပတ်သက်သော စည်းကမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ကာရန်၏ တန်ဖိုးကို သိနားလည်သော ဆရာသည် ကာရန်မဲ့ကဗျာဘက်သို့ လှည့်စရာအကြောင်းမရှိပါ၊ သို့သော် ဆရာသည် “အင်းယားကန်သို့ အိုကုတို့” စာအုပ် စာမျက်နှာ ၁၈၉ တွင် ကာရန်မဲ့ ကဗျာတပုဒ်ကို ရေးစပ်ထည့်သွင်းထားသည်။

ရွာလိုရွာလော့ မိုးနတ်သား
---------------------------
ဓနိယ နွားကျောင်းသားဆို၏။
ငါသည်
ထမင်းချက်ပြီးပြီ။
ဤမဟီမြေကမ်းပါး၌
အပေါင်းအသင်းတို့နှင့်
ငါနေ၏။
တင်းကုပ်ကိုမိုးပြီးပြီ။
မီးကိုညှိပြီးပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါ့တွင်
အမျက်မရှိ။
ငြောင့်တံသင်းလည်းကင်း၏။
ဤမဟီမြစ်ကမ်းပါး၌
တညတာမျှ ငါနေသည်။
ငါ့တင်းကုပ်သည်
အမိုးဟင်းလင်းဖြစ်၏။
ငါ့မီးသည်
ငြိမ်းသက်ပြီးဖြစ်၏။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ဤအရပ်၌
မှက်၊ ခြင်၊ ယင်ရဲတို့မရှိ။
ရေကြည်ရာ မြက်နုရာ၌
ငါ့နွားများ ကျက်စားကြသည်။
မိုးကြီးရွာလည်း
သူတို့ခံနိုင်ရည်ရှိကြပါ၏။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါသည်
ဖောင်ကိုကောင်းစွာဖွဲ့၍
ဝဲသြဃကိုဖြတ်ကူးကာ
တဖက်ကမ်းသို့ရောက်ခဲ့ပြီ။
ငါ၏အဖို့ ဖောင်ကုတို့သည်
မလိုတော့
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ငါ့မယားသည်
ငါ့အလိုသို့လိုက်၏။
တည်ကြည်၏။
ငယ်ပေါင်းကြင်ဆွေဖြစ်၏။
သူ၏အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါ့စိတ်သည်
ငါ့အလိုသို့လိုက်၏။
ကိလေသာမှ လွတ်မြောက်ခဲ့၍
ကြာရှည်စွာ ပွားများအပ်သည်
ကောင်းမွန်စွာ ဆုံးမအပ်သည်
ဖြစ်သောကြောင့်
ငါ့အား
မကောင်းမှုမရှိတော့ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ငါသည်
ကိုယ်ပိုင်အလုပ်ဖြင့်
အသက်မွေး၏။
ငါ့သားသမီးတို့သည်
ငါနှင့်အတူနေကြ၏။
ကျန်းမာသန်စွမ်းကြ၏။
သူတို့အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါသည်
သူခစားမဟုတ်။
ရအပ်သောအစွမ်းဖြင့်
ခပ်သိမ်းသောလောကတွင်
ငါလှည့်လည်၏။
ငါ့အဖို့
အခကြေးငွေမလိုတော့။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ငါ့မှာ
နွားသိုးပေါက်များရှိ၏။
နို့စို့နွားငယ်များရှိ၏။
ဇီးနှင့်နွားမများလည်းမရှိ။
ရှေ့ဆောင်လမ်းပြ
နွားလားဥဿဘလည်းမရှိ။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ချည်တိုင်ငုတ်တို့ကို
ခိုင်မြဲစွာစိုက်ပြီးပြီ။
ဖြူဆံမြက်ကြိုးသစ်တို့ကို
ကောင်းစွာကျစ်ပြီးပြီ။
ကြိုးသစ်တို့ကို နွားငယ်တို့သည်လည်း
မဖြတ်နိုင်ကုန်။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
နှောင်ကြိုးကိုဖြတ်၍
လွတ်မြောက်သောနွားကဲ့သို့
နွယ်ကြိုးကိုဖြတ်၍
လွတ်မြောက်သောဆင်ကဲ့သို့
ပဋိသန္ဓေနေခြင်းမှ
ငါလွတ်မြောက်ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ထိုခဏ၌
ကုန်းကိုလည်းကောင်း ကျင်းကိုလည်းကောင်း
ပြည့်လျှမ်းစေလျက်
မိုးကြီးသည်းစွာ ရွာ၏။
မိုးသံကိုကြားသောအခါ
ဓနိယသည် ဤစကားကိုဆို၏။
ဘုရားသခင်ဖူးမြင်ရ၍
ငါတို့အဖို့ ကျေးဇူးများစွ။
မျက်စိသခင် ကျေးဇူးရှင်။
အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍
ကျွန်ုပ်တို့ ဆည်းကပ်ပါ၏။

မုနိသနင်း ရဟန်းမင်း
အသျှင်ဘုရားသည် ကျွန်ုပ်တို့၏
ဆရာဖြစ်တော်မူပါလော့။
ကျွန်ုပ်တို့လင်မယားသည်
အသျှင်ဘုရားထံတော်ပါး၌
မြတ်သောအကျင့်ကို ကျင့်လိုကြပါ၏။
တဖက်ကမ်းသို့ ကူးမြောက်ကာ
ဆင်းရဲ၏အဆုံးကို
ပြုလိုကြပါကုန်၏ဘုရား။ ။
***
ဆောင်းပါးတပုဒ်လုံး ရိုက်ဖို့ အချိန်မပေးနိုင်တဲ့အတွက် သည်းခံကြပါ။
ဆောင်းပါးရဲ့ အဆုံးမှာ … ဆရာမြဇင်က ခုလိုရေးထားပါတယ်။
***
အတွေး၊ စကား၊ နရီအပြင် တခြား ကဗျာပစ္စည်းတွေ ရှိသေးသည်။ သို့သော် အတွေး၊ စကား၊ နရီ ဤသုံးခုမှာ အဓိကဖြစ်သောကြောင့် ဤသုံးခုပိုင်လျှင် ကာရန်မဲ့ကဗျာကောင်း ဖြစ်ပေါ်လာနိုင်သည်။
***
ကျမ … ကဗျာမစပ်တတ်သေးပါ။
ကျမ … ကဗျာဆရာမဟုတ်ပါ။
ကာရန်ရှိ - ကာရန်မဲ့ ကိုလည်း သေချာစွာ နားလည်တတ်ကျွမ်းခြင်း မရှိသေးပါ။
ခံစားမှုကို အခြေခံပြီး ရေးဖွဲ့ခြင်းမျှသာ ဖြစ်ပါတယ်။
ထို့ကြောင့် ကဗျာမပီ စာမမည် ဖြစ်နေသော ကျမ ရေးသားမှုတွေကို သည်းခံပြီး ဆက်လက်အားပေးဖတ်ရှု ကြပါအုံးလို့ … တောင်းပန်လိုက်ပါတယ် ရှင်။

***

3 comments:

hana said...

မမေရေ
ခုမှပဲ ကွန်မန့်ရေးလို့ရတော့တယ်။
ကံကောင်းလို့။
ဆောင်းညအတွေးကဗျာ အတွက်ရော ၊ ဆုတောင်းအတွက်ရော၊ ဒီအခုတင်ပြထားပေးတဲ့ကဗျာအတွက်ရော ကျေးဇူးတွေ အများကြီးတင်ပါတယ်။
ရင်ထဲကလာရင် ကဗျာပဲလို့ ဟနကတော့ ကပ်သပ်ပြောတတ်တယ်။
မမေရေးတာ ရင်ထဲကလာတာမို့ ကဗျာပဲပေါ့နော်..ဟန လက်သုံးစကားနဲ့ဆိုရင်လေ

ကလိုစေးထူး said...

ကွန်မရေးဖြစ်တာကြာလို့ အခုမှ အကြွေးလာဆပ်တာ။ :P
တကယ်တော့ ကျနော်လဲ ကာရန်မဲ့မှ ကဗျာ၊ ကာရန်ရှိမှ ကဗျာရယ်လို့ ဆိုတာမျိုး ပြောတာကို လက်ခံကြည့်လို့မရတာပါ။ အခု အမတင်ထားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကာရန်မဲ့ ကဗျာကိုက ဒါဟာလဲ ကဗျာကောင်းပါလားဆိုတာကို ပြနေတာပဲလေ။ အဲဒီတော့ အမရဲ့ အောက်ဆုံးက စာပိုဒ်ကို ကျနော် ကော်ပီကူးချမယ်ဗျာ။ မူပိုင်ခွင့်နဲ့ တရားစွဲလဲ မတတ်နိုင် :P..
ကျနော်… ကဗျာ မစပ်တတ်ပါ။
ကျနော်… ကဗျာ ဆရာ မဟုတ်ပါ။
ကာရန်ရှိ ကာရန်မဲ့ကိုလဲ သေချာစွာ နားလည်တတ်ကျွမ်းခြင်း မရှိသေးပါ။ (ရှိလာမယ်လဲ မထင်)
သို့သော်..
ကျနော် … ကာရန်ရှိ၊ ကာရန်မဲ့ ကဗျာများ အားလုံးကို ခံစား ဖတ်ရှုပါသည်။

Anonymous said...

Ya.. That is a good one indeed..
My point is that if someone writes a poem or a paragraph whatever should be in a certain standard...

As the author like Sayagyi Min Thu Won.He is the man who made a great job, whatever he writes it is of use to all isn't it ? the knowledge...the format of his writing, the taste was given form his writing is priceless …etc...

I mean .. a poem is the essence of the literature.. Not every one can write a poem, you guys admit it.
We all know that it is an art.

In addition, if we follow the rules of poem...it would be better, wouldn't it.

It is up to you guys, every one is indifferent, if the diversity among us can be exchange or share, to built the better standard of our Burmese Literature.

You have own right to think, inspire, invent or innovative mind ... that will help us the better and good standard Literature….

Into my perspective, I want our Burmese Literature to a level…. No intention to argue about which one is better among modern, post modern and the conventional style of writing. What do you think..
Prince