Friday, December 15, 2006

အိမ်ရှေ့က လမ်းမကြီး


ဒီနေ့တော်တော်ကို အလုပ်များလို့ ဘာမှကို တွေးချိန်လဲမရ၊ ရေးချိန်လဲမရပါဘူး။
တကယ်တော့ ဒီနေ့ဟာ ကျမရဲ့ ၁၀၀ ခု မြောက်ပို့စ်တင်ရမဲ့ နေ့မို့ ကောင်းကောင်းကန်းကန်းလေး ရေးချင်မိပါတယ်။ ဒါပေမဲ့ များလိုက်တဲ့အလုပ်က ခုမှ လက်စသတ်နိုင်ပြီး ခေါင်းထဲမှာရှိတဲ့ စာတွေကိုလဲ ရုတ်တရက်ချရေးဖို့ မတတ်နိုင်ဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ ပြတင်းပေါက်ဖွင့်ပြီး ဟိုကြည့် ဒီကြည့် ကြည့်တော့ အိမ်ရှေ့လမ်းမကြီးထက်က မျဉ်းကျားလေးကို သွားတွေ့ပါတယ်။ ဒီလိုနဲ့ ရေးစရာရသွားခဲ့တယ်ဆိုပါတော့။

***
မနေ့က ကွန်ပျူတာရှေ့ထိုင်ရတာ ညောင်းတာနဲ့ ပြတင်းကနေ လမ်းမထက်ကြည့်လိုက်တော့ အိမ်ရှေ့ကလမ်းမမှာ မျဉ်းကျားအသစ်ဆွဲဖို့ ပြင်ဆင်နေကြတာကို တွေ့ရတယ်။ နဂိုကဆွဲထားတဲ့ မျဉ်းကျားအဟောင်းကတော့ မှိန်ပျပျပဲ ကျန်တော့တယ်လေ။
မျဉ်းကျားသာဆွဲနေတာပါ … လမ်းကတော့ တညီတညာခင်းထားခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် မိုးတွင်းလောက်ကတည်းက လမ်းရဲ့ တခြမ်းကို ၃ ပုံပုံပြီး တပုံခြင်း ခင်းနေကြတာ ဒီနှစ်ဆောင်းကုန်လို့ နောက်တနှစ်ကူးတော့မယ်။ လမ်းက ၃ ပုံ ၂ ပုံပဲ ခင်းရသေးပါတယ်။
(အပေါ်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ၊ မျဉ်းကျားမဆွဲခင်က ကျမတို့ရဲ့ ဧည့်သည်တော်ကြီး ကိုမိုက်ကယ်ရိုက်သွားခဲ့တဲ့ပုံပါ။)
စစချင်း ၃ ပုံ ၁ပုံ ကို ဘယ်လိုခင်းလဲဆိုတော့ အလယ်ပလက်ဖောင်းတုံးနားကပ်နေတဲ့ ဟိုဘက်ခြမ်း ၃ ပုံ ၁ပုံ ဒီဘက်ခြမ်း ၃ ပုံ ၁ပုံ ကိုပဲ coated လုပ်ပြီး ခင်းထားတယ်။
ဆိုတော့ ခင်းထားတဲ့လမ်းက တော်တော်လေးမြင့်တက်နေပါတယ်။ ကားတွေအနေနဲ့ သိပ်မသိသာပေမဲ့ ဆိုင်ကယ်တို့၊ စက်ဘီးနဲ့ ဆိုက်ကားတို့ ညဘက်သွားတဲ့အခါ တော်တော်လေး ဒုက္ခရောက်ကြတယ်။
ဆိုင်ကယ်တစီးဆို မှောက်တော့မလိုတောင် ဖြစ်သွားသေးတယ်လို့ ပြောကြတယ်။

ကျမနဲ့ ကြုံရတာကတော့ နေ့ခင်းကြောင်တောင် လမ်းဖြတ်ကူးတဲ့ အဖွားကြီးတယောက်ပါ။
တနေ့ အဖေနဲ့ကျမ ခြံထဲမှာလမ်းလျှောက်ရင်း စကားပြောနေတုန်း အဲဒီမျဉ်းကျားနားကပဲ အဖွားကြီးတယောက် လမ်းကူးနေတာကို တွေ့နေရပါတယ်။ ကူးသွားရင်း လမ်းခင်းထားလို့ မြင့်တက်နေတာကို မမြင်ဘဲ ခလုတ်တိုက်ပြီး မှောက်ရက်လဲပါလေရော။ ကျမနဲ့ အဖေ ကမန်းကတန်းပြေးသွားတဲ့အချိန်မှာ ဆိုက်ကားတစီးက သူ့အနားရောက်နေပြီး အမြန်ဘရိတ်အုပ်ရပ်လိုက်ပါတယ်။ လဲကျနေတဲ့အဖွားကြီးကို ကျမတို့နဲ့အတူ ဆိုက်ကားဆရာကပါ ၀င်ထူပေးတယ်။ လမ်းတဖက်က ပလက်ဖောင်းပေါ်ထိရောက်အောင် အဖွားကြီးကို အဖေနဲ့ ကျမ တွဲခေါ်လမ်းကူးပေးလိုက်ရတယ်။ တော်ကြာ ဟိုဘက်တခြမ်းက အနိမ့်အမြင့် မညီညာတဲ့နေရာမှာ ထပ်ချော်လဲ နေမှာစိုးလို့ပါ။ နေ့ခင်းဘက် ကားအသွားရှင်းနေလို့သာ တော်တော့တယ်။ မဟုတ်ရင် အရှိန်နဲ့ မောင်းလာတဲ့ကားဆို အဖွားကြီး မလွယ်ပါဘူး။
တကယ်လို့သာ အဖွားကြီး အဲဒီလိုနဲ့ (မပြောကောင်းမဆိုကောင်းပေါ့လေ) ကားတိုက်မိရင် … ဘယ်သူ့မှာ တာဝန်ရှိလဲလို့ ကျမတွေးနေမိတယ်။ လောလောဆယ်တော့ ကားသမားပဲ ပြဿနာအရင်တက်မှာပါ။

အဲဒီလိုနဲ့ ရက်ပေါင်းများစွာ တော်တော်လေးကြာတဲ့အချိန်မှာတော့ နောက်ထပ်သုံးပုံတပုံကို ထပ်ပြီးလာခင်းသွားပြန်ပါတယ်။
ကျန် တပုံကိုတော့ ချန်ထားကြတာ ခုချိန်ထိပါပဲ။ ဘာလို့များ ခုလိုအချိန်ဆွဲပြီး လုပ်နေကြတာပါလိမ့် …နော်။
***
အခုပြတင်းပေါက်ကလှမ်းကြည့်တော့ မနေ့ကမှ ဆွဲထားတဲ့ မျဉ်းကျားအသစ်စက်စက်လေးဟာ အ၀ါရောင် မှိန်ဖျော့ဖျော့နဲ့ မဆွဲထားလေသည့်အတိုင်းပါပဲ။ ဆေးဝါ၀ါတွေဘယ်ရောက်ကုန်ပါလိမ့်။ ဖြတ်သွားဖြတ်လာ ကားဘီးတွေဆီပဲ ပါကုန်သလား…။ ဒါမှမဟုတ် … မျဉ်းကျားလာဆွဲကြသူတစုရဲ့ အိတ်ထဲပဲရောက်ကုန်သလား … ။
စဉ်းစားရခက်ပါဘိ။
***
15.12.06
4:43 pm

6 comments:

ကလိုစေးထူး said...

တရာမြောက် ပို့စ်မှာ အရင်ဆုံးကွန်မန့် လာရေးသွားတယ်ဗျို့...

Anonymous said...

ပတ္တမြားရတု
ပို့စ်သဘင်အခါမို့
ဒို့ရင်မှာလဲ ဆုတောင်းလိုက်ပါတယ်....
တစ်ရာမှသည် ထောင်သောင်းချီသည့်တိုင်အောင်
မေဓာဝီရဲ့ အတွေးစကားများကို
အရေးအသား ကောင်းစွာနဲ့
မှတ်တမ်းတင်နိုင်ပါစေဗျာ.....

Ei said...

မရှိလို့ လုပ်စား ဖြည်းဖြည်းပေါ့လို့ သဘောထားလို့ နေမှာပေါ့ မမေရ။ ဟီး ဟီး။ ငတ်တော့လည်း အကျင့်စာရိတ္တတွေကပျက် ၀လာတော့လည်း ပိုလိုချင် ရလာလေလေ ယူလေလေ ကြာလေလေ ခက်လေလေ။

မေဓာဝီ said...

၁၀၀မြောက်ပို့မှာ ဦးဦးဖျားဖျား ကွန်မန့်ရေးသွားတဲ့ ကိုသံလွင်ကို ကျေးဇူးတင်ပါတယ်ရှင်။
philtre ကိုလဲ ကျမဘလော့ကို လာရောက်ဖတ်ရှုအားပေး ကွန်မန့်ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အိ ..
အိ ပြောတာဟုတ်တယ် …
ငတ်တော့အကျင့်စာရိတ္တ ပျက်လာကြတယ်။
အကျင့်စာရိတ္တမကောင်းတော့ ပိုငတ် … ဒီလိုနဲ့ သံသရာလည်နေကြပါတယ်။
တကယ်တော့ အူမတောင့်မှ သီလစောင့်နိုင်တယ် ဆိုတဲ့ စကားကြီးက မှားနေတာပါ။
အမှန်တကယ်က သီလစောင့်ရင် အူမ-တောင့် ပါတယ်။

Anonymous said...

don't think too much whether the money was gone....
All the money were shared by engineers, ur civilian president, and ...........

Anonymous said...

myin tha mya yay, twe tha hmya pyaw, ma may maw le nay oo mel, thu do ga taw, pyin taung pyin thay dal lo myar pyaw kya ma lar pe, de that so de lan twe myar gyi pe lay.... ma may daw ma nassa twe ne, pyi nay yin, ma may sate sin ye hmar so lo, kg tar twe twe pee , kg tar twe yay naing te khet myan myan youk par say lo, su tuang mi par dal, ma may, negative thoughts twe ne pe pin pan nay hmar so lo par, ma may shwin lan chan mayy par say