Friday, December 22, 2006

မေတ္တာအခါတော်နေ့ အကြို ဆုတောင်း

မြန်မာဘလော့လောကမှာ စိတ်ပျက်ရတာ နှစ်ခါရှိပါပြီ။
ပထမတခါ ညီလင်းဆက်ဘလော့မှာ၊ ဒုတိယကတော့ .. ကိုသံလွင်ရဲ့ ဘလော့က စီဘောက်မှာ ဖြစ်တဲ့ကိစ္စပေါ့။
ပြဿနာရဲ့ အဓိက တရားခံကတော့ အယူအဆ အမြင်မတူကြခြင်းပါပဲ။
ကိုယ့်အမြင်ကိုယ်ရေး … လက်ခံရင် ထောက်ခံ၊ လက်မခံရင် ဘာကြောင့် လက်မခံဘူးဆိုတာ ပြေပြေလည်လည် ပြောချင်လဲ ပြော .. မပြောလိုလဲ အသာလေး နေရုံပါပဲ။
ထေ့တာ ရိတာ ရန်တွေ့တာ အငြင်းပွားတာတွေ လုပ်စရာ မလိုဘူးလို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ … လူတိုင်းဟာ ကိုယ့်အမြင်နဲ့ကိုယ် .. ကိုယ့်အထင်နဲ့ကိုယ်တော့ အမှန်ချည်း ထင်ကြတာပါပဲ။ ကိုယ်နဲ့ အမြင်မတူတာနဲ့ ငယ်ကျိုးငယ်နာဖော်ပြီး ဆဲရေးတာတွေ ရန်ထောင်တာတွေ အုပ်စုဖွဲ့ပြီး စော်ကားကြတာတွေဟာ စိတ်ဓာတ် အင်မတန် နိမ့်ကျတဲ့ သူတွေရဲ့ အလုပ်ပါ။
ဒါတွေကို ဘာလို့ လုပ်နေကြမှာလဲ။

ကမ္ဘာ အရပ်ရပ်က မြန်မာတွေ အင်တာနက်ပေါ်မှာ တွေ့ကြုံ ဆုံဆည်းခွင့်ရတဲ့ အခိုက်အတန့်လေးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆိုရင် ဘယ်လောက် ပျော်ဖို့ကောင်းမလဲ။ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းမလဲ။
ခုလိုတွေ ဖြစ်နေကြတာ တော်တော် ၀မ်းနည်းဖို့ကောင်းပါတယ်။
ဒါဟာ မြန်မာတွေလား … လို့တောင် စိတ်ထဲ တွေးမိတယ်။
မြန်မာဘလော့တွေကို ရေးနေ ဖတ်နေတဲ့သူတွေဟာ လူနည်းစုကလေးရယ်ပါ။ ဒီလူနည်းစုကလေးကတောင် ခုလို မညီမညွတ်ဖြစ်နေကြရင် …. ဘယ်လိုများ ရှေ့ကို စခန်းသွားကြမှာပါလိမ့်။

အင်တာနက်သုံးနေတဲ့ သူတွေဟာ ပညာတတ်တွေပဲ နေမှာပါပဲ။ အနည်းဆုံးတော့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ အခြေခံတတ်လို့သာ အင်တာနက်သုံးနေကြတာပေါ့။
ဒီလိုပညာတတ်တွေဟာ ယဉ်ကျေးမှု မရှိတဲ့ ကိစ္စမျိုးတွေကို မလုပ်သင့်ပါဘူး။ ကိုယ့်ပညာနဲ့ ကိုယ့်သိက္ခာကို အားနာရပါမယ်။
တကယ်လို့သာ မြန်မာစာဖတ်တတ်တဲ့ နိုင်ငံခြားသားတယောက်ယောက် မျက်စိလည်လမ်းမှားလို့ မြန်မာဘလော့တွေဆီရောက်ခဲ့ပြီး … ဆဲရေး တိုင်းထွာနေတဲ့ စကားလုံးတွေကို မြင်ခဲ့ရင် မြန်မာတွေဟာ ဒီလိုပါလားလို့ သူ့စိတ်ထဲ မှတ်သွားတော့မယ်။ ရှက်စရာ ဘယ်လောက်ကောင်းလိုက်မလဲ။

တယောက်ကမှားနေရင် တယောက်က ပြောပြလိုက်ပေါ့။ လက်ခံတာ မခံတာ သူ့ကိစ္စပဲ။ တယောက်နဲ့တယောက် အမှားကိုစောင့်ကြည့်ပြီး တယောက်အမှား တယောက် ထောက်ပြီး နင်ပဲငဆ ပြောကြတာတွေ အရှက်ခွဲကြတာတွေကလဲ မကောင်းပါဘူး။
လူဆိုတာ အနည်းဆုံး တကြိမ်တခါတော့ အမှားတစုံတရာ ကျူးလွန်မိကြမှာပါပဲ။ ပုထုဇဉ်တွေပဲမဟုတ်လား။
ဒါကို ခွင့်လွှတ်စိတ်နဲ့ မကြည့်နိုင်ဘဲ သူတပါး အပြစ်ကို လက်ညှိုးထိုး ကဲ့ရဲ့ ပြစ်တင် စကားတွေဆိုနေကြတာလဲ မဟုတ်သေးပါဘူး။ အမှားလုပ်ခဲ့မိတဲ့ သူကို ပြုပြင်ခွင့်ပေးလိုက်ပါ။ သူ့အမှားသူ သိရင် သူတို့ဟာသူတို့ ပြုပြင်ကြပါစေ … ။ မပြုပြင်ရင်လဲ လစ်လျူရှုထားလိုက်ရုံပါပဲ။ မာနတွေ ဒေါသတွေ အာဃာတတွေနဲ့ … ကြားထဲက ပူလောင်မနေကြစေချင်ပါဘူး။

မကြာမီဆိုရင် ခရစ်စမတ်နေ့ ရောက်ပါတော့မယ် … ။
ကျမတို့ ဗုဒ္ဓဘာသာတွေအတွက်တော့ ၀ါခေါင်လပြည့်နေ့ကို (မြတ်စွာဘုရား မေတ္တသုတ်တော်ကို ဟောကြားတဲ့နေ့မို့) မေတ္တာအခါတော်နေ့လို့ သတ်မှတ်ထားပါတယ်။
ခရစ်စမတ်နေ့ကိုတော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ မေတ္တာအခါတော်နေ့လို့ ကိုယ့်ဘာသာကိုယ် ကျမက သတ်မှတ်လိုက်တယ်။ လူသားတွေကို မေတ္တာထားတဲ့ ခရစ်တော်မွေးဖွားရာ နေ့မဟုတ်လား။

မေတ္တာတရားဆိုတာ … ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာမှ မဟုတ်ပါဘူး … ဘယ်ဘာသာဝင်မဆို ထားသင့်တဲ့ တရားပါ။ ဒါကြောင့် အခု မကြာခင်ရက်ပိုင်းမှာ ရောက်ရှိတော့မဲ့ ခရစ်ယာန်တို့ရဲ့ မေတ္တာအခါတော်နေ့က စပြီး ကျမတို့ မြန်မာပြည်သူပြည်သား အချင်းချင်းအနေနဲ့ရော … ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူသားအချင်းချင်း အနေနဲ့ရော … တယောက်နဲ့ တယောက် မေတ္တာစိတ် ကလေးတွေ ထားနိုင်ကြစေဖို့ … ဆုတောင်းလိုက်ပါတယ်။
***
အားလုံးအတွက် …
ငယ်ငယ်တုန်းက ယဉ်ကျေးမှုသင်တန်းမှာ ဆိုခဲ့ကြတဲ့ လင်္ကာလေးတွေကို လက်ဆောင်ပါးလိုက်ပါရစေ … ။
သိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်မှာပါ။ သိပြီး မကျင့်ရင်တော့ အလကားပဲမို့ နှုတ်ဖျားမှတဆင့် … နှလုံးသားထဲသို့ ရောက်နိုင်ကြပါစေ … လို့။
===================================
* လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ..။
*ကောက်ကျစ်လိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
* ကျူးကျော်လိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
* ၀န်တိုလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
*ငြုစူလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
* တယောက်တယောက် အမျက်ဖျောက်၊ ချီးမြှောက်နိုင်ပါစေ … ။
===================================
* တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်
ပြိုင်မဲ့ အစား၊ မေတ္တာထား … စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
* ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်
နိုင်မဲ့အစား၊ ကရုဏာပွား … စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
* ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င် ဣဿာယိုင်တတ်တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား … စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
* ရုပ်ကိုလည်းပြင် … စိတ်လည်းပြင်
ပြင်ဆင်တိုင်းလှ ..ပြုတိုင်းရ
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ ။
===================================
ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးကို မျှော်လင့်လျက် …

မေဓာဝီ
21.12.06
11:39 pm

5 comments:

Nay Nay Naing said...

ဒီပိုစ့်လေးကို သဘောကျ နှစ်ချိုက်မိပါတယ်။ မမမေဓာဝီပေးတဲ့ လက်ဆောင် လင်္ကာလေးတွေကလည်း ကောင်း၊ ပြီးတော့ “သိပြီး မကျင့်ရင်တော့ အလကားပဲမို့ နှုတ်ဖျားမှတဆင့် … နှလုံးသားထဲသို့ ရောက်နိုင်ကြပါစေ” ဆိုတဲ့ စကားလေးကလည်း အရမ်းအဓိပါယ်ရှိလို့  နှစ်သက်မိပါတယ်။ လူသားအားလုံး ညီညွတ်ကြပါစေ၊ ငြိမ်းချမ်းကြပါစေ၊ အချင်းချင်း မေတ္တာများ၊ ဂရုဏာထား၊ မုဒိတာပွါး နိုင်ကြပါစေလို့  ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ကိုယ့်ထက်ငယ်တဲ့ကလေးတွေဆိုတော့ ဂျူးတော့ခွင့်လွှတ်ပေးလိုက်တယ် မမမေရေ :P

Anonymous said...

Ummm..

That is happen to us ...coz we are not use to it... less exposure to the etiquette to the outside world.How to criticize to an article.. in order to show our opinion.

The comment that we give does not include rude words or cuss like a fool to the others.

After all... I realize that the need to learn " courtesy to the other "

Prince.

Anonymous said...

မျက်လုံးတလုံးကို ဖွင့်ထားသလို တလုံးကိုလဲ မှိတ်ထားပါတယ်
နားတဖက်ကို စွင့်ထားသလို ကျန်တဖက်ကို ကန်းထားစေပါတယ်။
ဒီပို့စ် အတွက် ကျေးဇူးပါမမေ..သူတို့ ဖတ်မိနိုင်ကြပါစေ....

THET NAI TUN said...

အင်း... ဒါ့ကြောင့် မောင်ဖြူ၊ မောင်မဲတို့နိုင်ငံ ဒုံရင်းကဒုံရင်း ဖြစ်နေတာပေါ့ဗျာ...။