Friday, March 24, 2017

သိမ်းမြစ်ထဲမှ သွေးစက်များ



“သိမ်းမြစ်ထဲမှ သွေးစက်များ”
***
လူရမ်းကားရဲ့ ကား
ပြည်သူထဲကို တိုက် -
လူရမ်းကားရဲ့ ဓား...
ပြည်သူ့ရဲကို စိုက် -
.
ရူးမိုက်လို့ပဲလား
ရူးသွပ်လို့ပဲလား
အကြမ်းဖက်ခြင်းများ
ရက်စက်ခြင်းများ
တံတားပေါ်မှာ ပြန့်ကျဲ
ပန်းတွေလည်းကြွေခဲ့ပေါ့။
.
နိုင်ငံရေး ဘာသာရေး
လူမျိုးရေး မတူညီမှုတွေကြား
အမုန်းတရားတွေ ကြီးစိုး
အညှိုးအတေးတွေ လွှမ်းခြုံ
ဘယ်မှာလည်း သုခဘုံရယ်။
.
လုံခြုံမှုရှိတဲ့နေရာ
ကမ္ဘာမှာ ပျောက်ဆုံးသွား
အမှန်တရားဟာ သိမ်းမြစ်ထဲမှာ စီးဆင်း
လွတ်လပ်ခြင်းဟာ သိမ်းမြစ်ထဲမှာ စီးဆင်း
ငြိမ်းချမ်းခြင်းဟာ သိမ်းမြစ်ထဲမှာ စီးဆင်း
… … …
… … …
… … …
အပြစ်မဲ့ သူတွေရဲ့ သွေးစက်များနဲ့အတူ
စီးဆင်းရင်း စီးဆင်းခဲ့ကြတယ်။ 
***
မေဓာဝီ
၂၃၊ မတ်၊ ၂၀၁၇ 
 
(မတ်လ ၂၂ ရက်နေ့က လန်ဒန်မြို့ပါလီမန် အဆောက်အအုံအနီး အကြမ်းဖက်တိုက်ခိုက်ခြင်း ခံရ၍ သေဆုံး ဒဏ်ရာရသူများအတွက် ဝမ်းနည်းစွာဖြင့်)
(photo credit - original uploader) 

2 comments:

Aunty Tint said...

ဖေ့ဘုတ်မှာဖတ်တုန်းက စိတ်မကောင်းဖြစ်ခဲ့တာ အခုထပ်ဖတ်တော့ ထပ်စိတ်မကောင်းဖြစ် :(

Anonymous said...

အန်တီက blog မှာ စာသိပ်မရေးဖြစ်ဘူးနော်
fb မှာတော့ အမြဲတွေ့ပါတယ်
အန်တီ ရဲ့ စာအရေးအသားကို သဘောကျတယ်