Friday, February 24, 2017

သူတို့နှစ်ဦး ...


***
မနှစ်ကနွေရာသီ သင်္ကြန်အပြီးမှာ သူတို့နှစ်ဦး ကျွန်မထံ ရောက်လာကြသည်။ သူတို့နာမည်က ဇွဲ နဲ့ ရဲ ဆိုပါတော့။ ခုနစ်တန်း စာမေးပွဲကျသဖြင့် ကျသည့်ဘာသာ ပြန်ဖြေရန် သူတို့ကို ကျွန်မက အခမဲ့ စာသင်ပေးရသည်။ တကယ်တမ်း ထိုနှစ်က ကျွန်မသည် သူတို့ကို သင်ခဲ့သည့် ဆရာမဟုတ်။ သို့သော်လည်း စာမေးပွဲကျသည့်ဘာသာ ပြန်ဖြေရမည်ဆိုတော့ သူတို့ကို အနီးကပ် သင်ကြားရန် ကျွန်မ၏ တာဝန်ဖြစ်လာခဲ့သည်။
.
စစချင်း ရောက်လာသူက ဇွဲ။ သူက ပိုးဟပ်ဖြူလေးလို ဖြူဖျော့ဖျော့လေး။ သူ့မျက်လုံးတွေက ရီဝေဝေ။ ဆံပင် အညိုရောင်တွေက မျက်နှာပေါ် ကပိုကရို။ လက်ချောင်းလေးများက သေးသွယ်သွယ် ဖျော့တော့တော့။ လက်သည်းတွေကိုတော့ အနက်ရောင် ခြယ်လို့။ သူက အင်္ကျီ လက်ရှည် အနက်ရောင်ကို ဂျင်းဘောင်းဘီနှင့် တွဲ၍ အမြဲလိုလို ဝတ်ဆင်လေ့ရှိသည်။
.
ရဲ ကတော့ အသားညိုညို ဆံပင်တိုတို ဂင်တိုတို။ ကျွန်မထံသို့ စက်ဘီးဖြင့်လာလေ့ရှိပြီး ဘောင်းဘီတို ကိုယ်ကျပ်စွပ်ကျယ်တို့ကို ဝတ်ဆင်တတ်သူ။ မျက်နှာမှာ ဝက်ခြံသဲ့သဲ့၊ လက်သည်းတွေက တိုလွန်းပြီး အထဲကိုပင် ချိုင့်ဝင်နေသေးသည်။ သူက လက်သည်းကိုက်သည့် အကျင့်ရှိသူပင်။
.
“သားတို့ နွေရာသီ နေဒီလောက်ပူတာ အင်္ကျီအနက် မဝတ်ကြနဲ့၊ ချည်ထည် အဖြူ အင်္ကျီလေးတွေနဲ့ ချည်ပုဆိုးလေးတွေ ဝတ်ခဲ့ပါလား”
ကျွန်မဘယ်လို ဆွယ်တရားဟောဟော ဇွဲက ဝတ်နေကျ အနက်ရောင်သာ ဝတ်ဆင်မြဲ။ ရဲကလည်း ဘောင်းဘီတိုနှင့် ကိုယ်ကျပ်အင်္ကျီ ဝတ်မြဲဝတ်လျက်။
.
ဇွဲက စကားနည်းသလောက် ရဲက စကားအလွန်များသည်။ သူ့အကြောင်းတွေ ရိုက်မစစ်ရပါပဲ အကုန်ပြောပြ၏။ သူတို့နှစ်ယောက်က pre school ထဲက အတူတူ တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိုးဖော် ဆိုးဘက်တွေ ဖြစ်ကြောင်း စသဖြင့် ဖောက်သည် ချတတ်သည်။ သူပြောသမျှ ဇွဲက နှုတ်ဆိတ်စွာ ပြုံး၍သာနေ၏။
.
ဇွဲ ပြုံးလျှင် ကြောက်စရာကောင်းသည်ဟု ကျွန်မစိတ်ထဲ ထင်မိသည်။ သူ ပြုံးလိုက်လျှင် မျက်လုံးက တောက်ပနက်ရှိုင်းလာပြီး သေးသေးချွန်ချွန် သွားတွေကို လှစ်ခနဲ ဖော်လိုက်ပုံက နောက်ကွယ်မှာ အဓိပ္ပါယ်တွေ ပြည့်နေသလို။
.
သူတို့နှစ်ယောက်လုံး၏ တူညီသည့်အချက်ကတော့ သင်္ချာဘာသာရပ်တွင် အလွန် အားနည်းခြင်းပင်။ လွယ်ကူ ရိုးရှင်းသည့် ပေါင်း နုတ် မြှောက် စား ပုစ္ဆာများပင် သူတို့အတွက် ခက်ခဲလှသည်။ မနုတ်နိုင် တဆယ်မချေးတတ်၊ ခုနစ်အလီ ရှစ်အလီပင် မရ၊ ညီမျှခြင်း တဖက်မှ တဖက်ပြောင်းလျှင် လက္ခဏာတွေ လိုက်မပြောင်းတတ်။ သူတို့ကို ခုနစ်တန်းစာ မသင်ခင် လေးတန်းသင်္ချာ အရင်သင်ပေးရသည်။
.
နွေရာသီနေပူရသည့်အထဲ မီးပျက်၍ လေအေးစက်မရသည့် အခါမျိုး သူတို့နှစ်ယောက်ကို အာပေါက်အောင် ရှင်းပြရပြီဆိုလျှင် အမောပင် ဆို့ချင်ချင်။ အိမ်စာပေးလည်း မလုပ်ခဲ့၊ ကျွန်မဆီ လာလျှင်လည်း နောက်ကျ၊ အိမ်ကိုတော့ စောစော ပြန်ချင်သား။ ဒါကလည်း လမ်းမှာ ဂိမ်းဆိုင် ဝင်ဖို့ပဲဖြစ်လေသည်။
.
တရက်တော့ သူတို့အတော်နောက်ကျသည်။ မလာတော့ဘူး ထင်နေရာ နောက်မှ ရောက်လာကြ၏။
"သားတို့ ဘာလို့ နောက်ကျကြတာလဲ" ဟု ကျွန်မမေးတော့ ဇွဲက မဖြေ၊ လျှို့ဝှက်စွာပြုံးသည်။ ရဲကတော့ ထုံးစံအတိုင်း …

"သြော် ဟိုဟာလေ … ညက ကလပ်မှာ ရန်ဖြစ်တယ်လေ"
"ဟင် ဘယ်သူတွေနဲ့လဲ ဘာဖြစ်သွားလဲ"
ကျွန်မက အမောတကောမေးတော့ ...

"အလကားပါ တီချယ်ရာ ဒီကောင်တွေ သွေးမရှိပါဘူး၊ ကြားထဲက ဝင်ဆွဲတဲ့သူတွေကြောင့်ပေါ့၊ မဟုတ်ရင် အသေပဲ"
"ဟဲ့ … ဘုရား ဘုရား"
ကျွန်မက ရင်ဘတ်ဖိ၍ ဘုရားတမိသည်။ မင်းတို့ရော ဘယ်နားထိသွားလဲဟု ကျွန်မမေးတော့ ဇွဲက အင်္ကျီလက်ကို ပင့်ပြသည်။ လက်ဖျံမှာ အညိုအမည်း။
.
“ဟင် ... ဒီဒဏ်ရာတွေက ဘာတွေလဲ”
သူ့လက်မှာ အမာရွတ်တွေကို တွေ့လို့ ကျွန်မမေးတော့ ဇွဲက အင်္ကျီလက်ကို ချက်ချင်း ပြန်ချပြီး ဖုံးလိုက်သည်။ ရဲက မျက်မှောင်တချက်ရှုံ့ပြီး

“ဒီကောင်က သူ့လက်ကိုယ်သူ ဓားနဲ့ လှီးထားတာလေ ... သူ မူးပြီဆို သိပ်ကြောက်ဖို့ ကောင်းတာ၊ အိမ်က ပန်းကန်တွေ အကုန်ခွဲ၊ ကိုယ့်ကိုယ် ကိုယ်လည်း လုပ်”

ကျွန်မ အံ့သြတုန်လှုပ်စွာ ဇွဲကို လှမ်းကြည့်မိတော့ ဇွဲက သူပြုံးနေကျ အပြုံးမျိုး ပြုံး၍ ကျွန်မကို ကြည့်သည်။ သူ့အပြုံးကို လန့်သော ကျွန်မက ဒီတခါတော့ သူ့အား စေ့စေ့ကြည့်ကာ ...

“သား ... ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်ရဘူးနော်၊ သား ဘာတွေ အခက်အခဲရှိလဲ၊ စိတ်ညစ်စရာ ဘာတွေရှိလဲ ... ပြောပြလေ”
ဇွဲက ပြုံး၍သာ ခေါင်းခါခဲ့ပါသည်။
***
နောက်မှ ရဲ ပြောပြလို့ သူတို့အကြောင်းတွေ တဖြည်းဖြည်း ပိုသိလာခဲ့ရသည်။ ညဘက်ဆို သူတို့က နိုက်ကလပ်သွားသည် ဘားသွားသည်၊ အရက်သောက်၊ ကားပြိုင်မောင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်တတ်သည့် လူငယ်လေးတွေ။ ကျွန်မ အလွန် အံ့သြမိသည်။ သူတို့ အသက်လေးတွေက လွန်ရော ကျွံရော ဆယ့်သုံး ဆယ့်လေးနှစ်ပေါ့။
.
“ဇွဲက ... သားထက် ပိုသောက်နိုင်တယ် တီချယ်ရဲ့၊ သူငယ်ငယ်ကတည်းက သူ့တီတီလေးက ဘီယာတိုက်တာ။ တီတီလေးက တအားလန်းတာ။ သဘောလည်း အရမ်းကောင်း၊ အခုဆို ဇွဲက စပိုင်ဝိုင်ဆို အလုံး နှစ်ဆယ်လောက် သောက်လည်း ဘာမှ မဖြစ်ဘူး။ ဘီယာဆို ...”

သူဆက်ပြောသည့် စကားတွေ ကျွန်မနားထဲ မကြားဝံ့တော့ပါ။ ဘီယာဆို ဘယ်လို ဝီစကီဆို ဘယ်လို ... စသည် ... ဒီအသက်အရွယ် ကျောင်းသား ကလေးငယ်တွေ၏ နှုတ်ဖျားတွင် အရက်ဝေါဟာရတွေ လွယ်လင့်တကူ ထွက်နေသလို အရက်ကိုပင် အကျွမ်းတဝင် သောက်တတ်နေကြပြီ တဲ့လား။
.
“နိုက်ကလပ်တွေ ဘားတွေက အသက် ဆယ့်ရှစ်နှစ်အောက် ပေးဝင်လို့လား သားရဲ့” 

“ခုနောက်ပိုင်းတော့ နည်းနည်းကျပ်တယ် တီချယ်၊ ရဲတွေဘာတွေလည်း လာစစ်တယ်၊ ၁၂ နာရီမထိုးခင် ပိတ်ရမယ်တို့ ဘာတို့ လုပ်တယ်၊ ဒါပေမဲ့ သားတို့က သွားနေကျလေ အေးဆေးပါ”
.
“အရက်တွေ ဘီယာတွေကရော ပေးဝယ်တာပဲလား”

“ရတယ်လေ ... အရက်ပေးမဝယ်ရင် သူတို့ ပိုက်ဆံဘယ်ရမှာလဲ”

“ဝင်ကြေးက တယောက် ဘယ်လောက်ပေးရလဲ”
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မက ဗဟုသုတ လုံးဝမရှိသူမို့ ရဲ ကိုပဲ မေးကြည့်ရသည်။ 

“သားတို့က ပုလင်းဖောက်ပြီးဝင်တာ ... ဒီလို တီချယ်ရာ၊ ဘလက်ခ်လေဘယ် တို့ဘာတို့ပေါ့ အဲဒါ တပုလင်းဝယ်ရင် ဝယ်သူအပါအဝင် လူ ၄ ယောက်အလကား ဝင်လို့ရတယ်လေ အဲဒါကို ပုလင်းဖောက် ဝင်တယ်လို့ ခေါ်တယ်”
.
ကျွန်မ မျက်လုံးပြူးရပြီ။ ဒီကလေးတွေက ဘလက်ခ် လေဘယ်တောင် သောက်နေကြတယ်ပေါ့။ ဘယ်အရွယ်ကတည်းက သောက်တတ်နေကြပါလိမ့်။ ကျွန်မသိထားသော နိုင်ငံတကာ စံချိန်နှင့်ကိုက်၍ သူတို့ကို ဆုံးမ စကားပြောကြည့်ပါသေးသည်။ 

“နိုင်ငံတကာမှာ အသက် ဆယ့်ရှစ်နှစ်အောက်ကို ဆေးလိပ် အရက် မရောင်းရဘူး၊ ဥပဒေနဲ့ တားမြစ်ထားတယ်၊ အရက်ကို ရောင်း/ဝယ်ရင်ပဲ ဖြစ်ဖြစ်၊ သူများဝယ်ပေးလို့ ပတ်ဘလစ် နေရာတွေမှာ သောက်ရင်ဖြစ်ဖြစ် အဲဒါ illegal ပဲ။ အဲဒီလို ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ လို့ ဘာလို့ တားမြစ်ထားတယ် ထင်လဲ ... ၊ သားတို့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်း တွေက နုနုလေးတွေ၊ အရက်တွေ ဆေးလိပ်တွေ သောက်ရင် လူကြီးတွေထက် ထိခိုက် ပျက်စီး လွယ်တယ်၊ ရောဂါဖြစ်လွယ်တယ်၊ ပြီးတော့ ဦးနှောက်ကို ထိခိုက်တယ်၊ သားတို့ စာသင်ကြားမှုနဲ့ ဖွံ့ဖြိုးမှုကိုလည်း အနှောက်အယှက် ဖြစ်စေတယ်”

“နိုင်ငံတကာမှာ ဘယ်လိုလုပ်လုပ် ဒီမှာကတော့ ရောင်းနေ ဝယ်နေကြတာပါပဲ တီချယ်ရာ”
***
သူ့စကားက တကယ်လည်း မှန်နေခဲ့ပါသည်။ တရက် ကျွန်မ စာသင်ချိန်မှာ ကျောင်းသားများ၏ လွယ်အိတ်တွေကို ရှောင်တခင်စစ်ဆေးတော့ ကျောင်းသား တယောက်ထံမှ စီးကရက်ဗူး၊ တယောက်ထံမှ မီးခြစ် မိလေသည်။ မိဘ အုပ်ထိမ်းသူထံ အကြောင်းကြားတော့ အဘွားလုပ်သူ လိုက်လာပြီး ပြောသည်။

“မြေးလေးကလေ ... ကျောင်းနားက စတိုးဆိုင်ကို မုန့်သွားဝယ်ရင်း စီးကရက်ဗူးတွေ မြင်တော့ ရောင်းမရောင်း သိချင်လို့ စမ်းဝယ်ကြည့်တာ ... သူတို့က ရောင်းလိုက်လို့ ဝယ်လာတာပါ ... လို့ ပြောတယ်”
.
ထိုကျောင်းသားက အမေရိကန်နိုင်ငံက ပြောင်းလာသည့် ကျောင်းသား ဖြစ်သည်။ 

“အမေရိကားမှာဆို မရောင်းဘူးလေ၊ ဒီမှာ ဝယ်လို့ရတော့ ကျွန်မမြေးလေးက အံ့သြပြီး ဝယ်လာမိသွားတာ ...”

သို့ဖြင့် သူတို့ပြောသည့် စတိုးဆိုင်ကို ကျွန်မလိုက်သွားပြီး မေးကြည့်သည်။

“ကျောင်းသားတွေ ဆေးလိပ်ဝယ်ရင် ရောင်းခွင့်ရှိလားဟင်”

“သမီးတို့ကိုတော့ ဘာမှ မမှာထားဘူး၊ ဈေးလာဝယ်ရင် ရောင်းလိုက်ရတာပဲ”

ကျွန်မ နှုတ်ဆိတ်စွာ ပြန်လာခဲ့ရပါသည်။
***
ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ အရက်ရဲ့မကောင်းကျိုးတွေ ပြောပြပြီး သိမ်းသွင်း ဆွဲဆောင် ပညာပေးဖို့ အမျိုးမျိုး ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်။ သူတို့က ကိုယ့်ကိုယ်ပင် ပြန်လည် ဆရာလုပ်နေကြသေးသည်။ မနက်ခင်း စာသင်ချိန်တွင် သူတို့ထံမှ ဆေးလိပ်နံ့တွေ ရသည်။ ကျောင်းသို့ အလာ လမ်းမှာ ဆေးလိပ်သောက်လာကြမှာပေါ့။
.
ဆေးလိပ် အရက်သောက် နိုက်ကလပ်သွား အုပ်စုဖွဲ့ ရန်ဖြစ်တတ်သော ထို လူပေါက်စလေးတွေက ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးမှတ်နေကြတုန်း။ အိမ်ကလည်း မထိမ်းကြ။ မဆုံးမကြ။ ပြောလျှင်တော့ ကျွန်မသားလေးက ဘာမှမသိတဲ့ ကလေးလေးပါ … တဲ့။ ကျွန်မကတော့ ဘာမှမသိဘူးဆိုသည့် ထိုကလေးများကို လန့်၍နေမိပြီ။
.
စာသင်ကြားမှုများ ပြီးဆုံးသွားတော့ သူတို့ စာမေးပွဲ ပြန်ဖြေရသည်။ တကယ်တော့ သူတို့နှစ်ယောက်လုံး မညံ့ကြ။ အခြေခံ မသိ၍သာ အားနည်းနေခြင်း ဖြစ်သည်။ တဦးချင်း လိုအပ်ချက်အတိုင်း သေချာပြပေး အထပ်ထပ် လေ့ကျင့်ပေး လိုက်တော့ သူတို့ အဆင်ပြေ သွားကြပါသည်။
.
စာမေးပွဲ ပြန်ဖြေပြီးသည့်နောက် ကျောင်းပြန်ဖွင့်တော့ ဇွဲက ပြန်ရောက်မလာခဲ့။ တခြားကျောင်း ပြောင်းသွားပြီဟု ကြားသည်။ ရဲ ကတော့ ကျောင်းပြန်လာတက်ပြီး ဆက်လက် ဆိုးနေသေးသည်။ ဒီနှစ် စာမေးပွဲ ဖြေတော့ သူက သင်္ချာ ဖြေနိုင်ပါသတဲ့။ ဖြေနိုင်တယ်သာ ဆိုတာ " ပြန်မဖြေချင်ဘူး တီချယ်ရယ် အောင်အောင် လုပ်ပေးပါနော်" … ဟု ပြောသေးသည်။ မေးခွန်းလည်း ကိုယ်မထုတ် အမှတ်လည်း မခြစ်လို့သာ တော်တော့သည်။ မဟုတ်ရင် သူအောင်တာပဲ ကိုယ်က လုပ်ပေးလို့ ဖြစ်နေပေဦးမည်။
.
ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့။ သူတို့ နှုတ်ဆက်ပွဲ လုပ်ကြသည်။ ဆိုကြ ကကြ စားသောက်ကြ။ နက်ဖြန်ကစ၍ ကျောင်းသုံးလ ပိတ်ပြီ။ သင်္ကြန်အပြီး အောင်စာရင်း အထွက်မှာ ဘယ်ကျောင်းသားကိုမှ သူတို့နှစ်ဦးကဲ့သို့ စာပြန်မသင်ရပါစေနှင့်ဟု ကျွန်မ ဆုတောင်းနေမိပါတော့သည်။
***
မေဓာဝီ
24.02.17

No comments: