Wednesday, April 24, 2013

အမှားများနဲ့ ခါးနေဆဲ ...

***
တကယ်တော့ ...
မဖြူစင်ပါဘူး ငါ့စိတ်တွေ
မြစ်ရေလို ညစ်ထေး
အပြစ်တွေလဲ ဒုနဲ့ဒေးပေါ့ ... ။

ပင်လယ်က ကြယ်တပွင့်ကို အခူး
ရင်ကို ဆူးနဲ့ငြိ
သိလိုက်တဲ့ အချိန်ကျ
အနာက ရင်းခဲ့ပြီ ... ။

စိတ်တွေကို ချုပ်ထိမ်းလျက်
စိတ်ထွက်ပေါက်ကို ရှာ
တယောက် ကမ္ဘာတခြမ်း
အလွမ်းတွေနဲ့ နေသားကျခဲ့ရ ... ။

အမှန်နဲ့ အမှား ... မခွဲခြားနိုင်ဘဲ
လျှောက်သွားဆဲ လမ်းတွေထက်
မျက်ရည်စက်လက် ခရီးနှင်
တခါတလေလဲ ငြိမ်းချမ်းချင်တယ် ... ။

မေတ္တာအတုလား ...
ဥပေက္ခာအစစ်လား ...
ဗြဟ္မစိုရ်တရားရဲ့ အဓိပ္ပါယ်မှန်
တကယ်ပဲ နားမလည်ပြန်ဘူး ... ။

နောက်ဆုံးတော့လဲ ...
နားမလည်နိုင်တဲ့ နားလည်မှုတွေကြား
အရာရာဟာ ခါးသက်
ငါ ... အခါးကိုမှ မက်ခဲ့မိလေတယ် ... ။ ... ။
***
မေဓာဝီ
15th ~ 17th April 2013
10:30 am
(ရေးထားခဲ့ပြီး မတင်ဖြစ်တဲ့ ကဗျာလေးကို ၆၆၆ မြောက်ပို့စ် အဖြစ် တင်လိုက်ပါတယ်။)

14 comments:

Anonymous said...

အခါး..၆၆၆

ညီလင်းသစ် said...

၆၆၆ ဆိုလို့ ခရစ်ယာန် သမ္မာကျမ်းလာ antichrist ကိုတောင် တွေးမိလိုက်သေးတယ်၊း)

မေတ္တာအတုနဲ့ ဥပေက္ခာအစစ် ကြားမှာ အခါးကိုမက်ခဲ့တယ် ဆိုတဲ့ ကဗျာလေးက ဖတ်ရတာ စိမ့်သက်သက်နဲ့ မမေရေ...။

မောင်သီဟ said...

666 အမှတ်တရကဗျာလေးက အတုအစစ်မကွဲပြားတဲ့ အဖြစ်တွေကို ညွန်ပြပေးနေပါလား
လောကကြီးမှာ သဘောတွေကို နားမလည်နိုင်တာက များနေတယ်

Aunty Tint said...

အကြိမ်ပေါင်းများစွာ နားလည်ရခက်တဲ့ အတုနဲ့အစစ်ကြားမှာ ခါးသက်မှုတွေ ရင်မှာပိုက်ရင်း အလှမ်းဝေးတဲ့ငြိမ်းချမ်းမှုကို ရှာဖွေနေရမယ် မမေရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

၆၆၆တောင်ရှိနေပြီ
မမေ တော်လိုက်တာ.. အများကြီးဘဲ ရေးထားတာ
နောက်ထပ် ထောင်ချီတဲ့ပိုစ့်တွေ ရေးနိုင်ပါစေလို့နော်။

Anonymous said...

I also agree with you.
I dont know why I am doing many thing that I should not do.
Anyway we are human being and we have law ba, daw tha and maw ha to cover the truth.
Thanks for the post.

pkumoegoke said...

မမေက မေဓာဝီပေကိုး။

မောင်မျိုး said...

မဖြူစင်ပါဘူး ငါ့စိတ်တွေ
မြစ်ရေလို ညစ်ထေး
အပြစ်တွေလဲ ဒုနဲ့ဒေးပေါ့ ... ။

ဟုတ်တယ် ခဏခဏ ကိုယ့်ကိုယ် ပြန်မြင်နေတော့တာ အဲ့လို ။

Thwin said...

နားမလည်နိုင်တဲ့ နားလည်မှုတွေကြား
အရာရာဟာ ခါးသက် ..

အားလုံးလဲ အခါးကို ပဲ မက်နေကြရအုံးမယ် ထင်ပါတယ်...။

တန်ခူး said...

၆၆၆. အမရဲ့Lucky numberပေါ့မေ. အခါးဆိုတာက ရည်ရှည်တော့ ခံနိုင်ရည်ရှိဖို့ ခက်တယ်မေ.

မြသွေးနီ said...

ခါးသက်မှု ကင်းတဲ့ ဘ၀ဆိုတာ မရှိပါဘူး မမေရယ်.. အခါးထဲက အတွေ့အကြုံတွေတော့ ပြန်ရမှာပေါ့..။

Fridaymay said...

I love It Nyima.

Anonymous said...

တခါတလေတော့လဲ (တကြိမ်တခါ တော့လဲ )ငြိမ်းချမ်းချင်တယ်(ပေါက်ကွဲ
ပြစ်ချင်တယ်)ဆိုရင်ပိုပြီးလှပလေမလား?

Unknown said...

ကူးယူ​ဖော်​ပြခွင့်​ပြုပါ