Thursday, January 13, 2011

အူပါ ရှူပါ ...

အဟမ်း အဟမ်း ... အူပါ ရှူပါဆိုလို့ မေဓာဝီတယောက် ဘာတွေအူ ဘာတွေရှူခိုင်းနေပါလိမ့်လို့ တလွဲထင်ပြီး အထင်မလွဲလိုက်ကြပါနဲ့။ ဒီလိုပါ ... ကိုယ်သွားချင်ရာ လျှောက်သွားပြီးသကာလ အိမ်ကိုပြန်ရောက်တော့ ဦးရီးတော်ကို ဖားတဲ့အနေနဲ့ ကောင်းနိုးရာရာ ဟိုဟာဒီဟာလေး လက်တည့်စမ်း ချက်ပြုတ် ကျွေးမွေးဖို့ စဉ်းစားတဲ့အခါ ... တလောက ဦးရီးတော် အမေရိကန်နိုင်ငံကို ဟောလီးဒေးသွားတော့ ပါလာတဲ့ ပဲကပ်ကြော်ကို သွားတွေ့ပါတယ်။ ဟမ် ... သွားတာက အမေရိကား .. ယူလာတာတာ ပဲကပ်ကြော် ဘာလဲဟလို့ ဇဝေဇ၀ါ မဖြစ်ကြပါနဲ့ ပဲကပ်ကြော်ဇာတ်လမ်းကို ပြောရရင် ... ...

မယ်ရီလန်းမှာ မြန်မာဟင်းတွေ ချက်ရောင်းတဲ့ ဒေါ်မေရီဆိုတာ ရှိသတဲ့။ ချဉ်ပေါင် ငရုတ် စတဲ့အပင်တွေ စိုက်ထားပြီး ချဉ်ပေါင်ကြော်တွေ ငပိချက်တွေပါရောင်းတယ်တဲ့။ သူ့ဆီ အော်ဒါတွေဘာတွေ မှာလို့လဲရပြီး အဲဒီလိုဟင်းချက်ရောင်းတာနဲ့ အင်မတန် စီးပွါးဖြစ်တယ်လို့ ပြောကြပါတယ်။ ကျမတော့ တခါမှ မရောက်ဖူးလို့ မသိပါဘူး။ မယ်ရီလန်းမှာနေတဲ့ ကျမမောင်ဝမ်းကွဲက ဒေါ်မေရီရဲ့ ဖောက်သည်ကြီးဆိုပါတော့။ သူက ဒေါ်မေရီရဲ့ ငပိချက် ဘယ်လိုစပ်ကြောင်း ဘယ်လိုကောင်းကြောင်း ခဏခဏ ပြောပြဖူးပါတယ်။ အဲဒီဒေါ်မေရီကြီးက မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကပ်ကြော်တွေလဲ ရောင်းသတဲ့။

ပဲကပ်ကြော် တထုတ် (အခုမြင်ရတဲ့ ziploc အိတ်နဲ့ အပြည့်နီးပါး) ကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ နဲ့ ရောင်းတာလို့ ဆိုပါတယ်။ ဦးရီးတော် အဲဒီသွားလည်တော့ မောင်လေးက ပဲကပ်ကြော်တွေ လက်ဆောင်ပေးလိုက်တယ်။ ziploc အိတ်နဲ့ လေလုံအောင် ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရင် အကြာကြီး အထားခံတယ်လို့ ပြောတာပဲ။

ဆိုတော့ကာ ... ပဲကပ်ကြော်ရှိနေတော့ တလောက မုန့်ဟင်းခါး ချက်စားဖြစ်တယ်။ ကမန်းကတန်းမို့ ဘယ်သူ့မှတောင် မဖိတ်လိုက်ရဘူး။ :)) အခုတခါတော့ အပြောင်းအလဲဖြစ်အောင် အုန်းနို့ခေါက်ခွဲ ချက်ရကောင်းမလား တွေးမိသေးတယ်။ ဒါပေမဲ့ အုန်းနို့က ပူတော့ မဖြစ်သေးပါဘူးလို့ ဆိုပြီး တခြား ဘာများရှိမလဲလို့ ဦးရီးတော်ရဲ့ ကြက်သရေတိုက်ထဲ မွှေနှောက် ရှာဖွေကြည့်တော့ ဘယ်နှစ်ခုနှစ်က လက်ဆောင်ရထားမှန်းမသိတဲ့ အိမ့်စည်းစိမ် အာပူလျှာပူ ရယ်ဒီမိတ် အထုတ် လက်ကျန်လေး သွားတွေ့ပါတယ်။ ဒါနဲ့ပဲ အာပူလျှာပူ ချက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

သြော် ... ဟုတ်တယ် ... အူပါ ရှူပါ ဆိုတာ အာပူ လျှာပူကို ပြောတာပါ။ ဘလော့တွေပေါ်မှာ သူများတကာတွေ ဟင်းနာမည် ကောင်းကောင်းလေးတွေနဲ့ စာဖတ်သူတွေ သွားရည်ကျအောင် မြှူဆွယ်ကြတော့ ကျမလဲ အားကျမခံ မလုပ်တတ် လုပ်တတ် လက်တည့်စမ်း လုပ်ထားတဲ့ အာပူလျှာပူမို့ အူပါ ရှူပါ လို့ ခေါင်းစဉ် တပ်လိုက်ရကြောင်းပါ။

အိမ့်စည်းစိမ် အာပူ လျှာပူ ရယ်ဒီမိတ်ထုတ်က သူ့ချည်းသက်သက်ဆို ကျဲတောက်တောက်နဲ့မို့ အိမ်က ဖရီဇာထဲမှာရှိနေတဲ့ ရေခဲရိုက် နှစ်ချို့ငါးလေးတတုံး ထုတ်ပြီး ဂျင်း ကြက်သွန်ဖြူနဲ့ ပြုတ်၊ အရိုးနွှင်၊ ဆီနည်းနည်းသတ်ပြီးမှ ရေထည့်၊ ရေပွက်တော့ ခုနက အိမ့်စည်းစိမ်တထုတ်ကို ထည့်လိုက်တယ်။ ပိုပြီးချိုအောင် ကြက်သွန်နီဥကြီး တဥကို ခပ်ကြမ်းကြမ်းလှီးပြီး ပစ်ထည့်လိုက်သေးတယ်။

ပြီးတော့ ကြက်ဥ ၃ လုံးပြုတ်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထောင်းပြီး မန်ကျည်းရေလေးနဲ့ ဖျော်၊ ငပိထောင်းလေး ထည့်၊ နံနံပင်လှီးပြီးသကာလ ခုလို စားသုံးဖို့ အဆင်သင့် ဖြစ်ပြီဆိုပါတော့။ သြော် ... မေ့သွားလို့ မုန့်ဖတ်ပြုတ်ရသေးတယ်။ ဆန်ကြာဆံလေး ၂ ခွေ ပြုတ်တာ အဲဒီအုပ်လေးနဲ့ တလုံး ရတယ်။ ကျမနဲ့ ဦးရီးတော် နှစ်ယောက်ထဲ အတွက်ကတော့ အဲလောက်က အတော်ပါပဲ။ ကြည့်ရတာ ဖြူဖတ်ဖြူလျော်ကြီးပေမဲ့ စားလို့ ကောင်းပါတယ် (အဟုတ်)။ "ချက်ရတာလဲ လွယ်တယ်"လို့ ထက်ထက်မိုးဦးလို့ လျှာလိပ်သံလေးနဲ့ မပြောတတ်လို့ .... ရိုးရိုးပဲ ပြောလိုက်ပါမယ်။ မြန်လဲမြန် လွယ်လဲလွယ် စားလို့လဲ ကောင်းတဲ့ မေဓာဝီရဲ့ အူပါ ရှူပါကို လာရောက် ကြည့်ရှု သုံးဆောင်ကြပါရှင် ... ။
***
မေဓာဝီ
၁၃၊ ၁၊ ၁၁
၁၄း၀၄ နာရီ

28 comments:

rose said...

အူ ရှူပါ တစ်ပွဲ ပေးပါ မမေ...။ အဲ.. ပဲကြော် တစ်ထုပ်ကို ၁၂ ဒေါ်လာ ဆိုတော့ ဈေးကြီးလိုက်တာ။ တော်သေးတာပေါ့.. ရို့စ်က ကိုယ့်ဘာကိုယ် ကြော်တတ်လို့။ ဒီမှာ ကြော်ပြီး ရောင်းစားရင် ကောင်းမလား မသိဘူးး) ဒါနဲ့လေ... ပဲကြော်နဲ့ ပဲကပ်ကြော် မတူဘူး သိလား။ ရို့စ် ရန်ကုန်မှာ စားနေကျ ပဲကပ်ကြော်က ကောက်ညှင်းမှုန့် ထည့်ကြော်သလား မသိဘူး စေးစေးလေးနဲ့ ကိုက်လိုက်ရင် ချွဲချွဲလေး။ ပဲကြော်ကတော့ မုန့်ပာင်းခါးထဲ ထည့်စားတဲ့ ပာာ သက်သက်။

မိုးယံ said...

ဗျို့ဗျို့ .. .အန်တီ မေဓာဝီ... အူပါ ရှူပါ နောက်တစ်ပွဲလောက် လုပ်ပါဦး ... ဖလူး ဖလူး ရှူးရှူး

နေ၀သန် said...

စားချင်တယ်.. အတော်နှိပ်စက်တယ်.. ငတ်နေတာကြာပြီ.. :P

ခင်မင်တဲ့
နေ၀သန်

Maung Myo said...

ရှူးရှဲ ရှူးရှဲး)

အအေးလေးပါ ဖျော်တိုက်ပါဗျို့ ။

သက်ဝေ said...

အူပါ ရှူပါ ဆိုတော့ စာမဖတ်ခင်က စိတ်ထဲထင်တာ Charlie and the Chocolate Factory ထဲက Oompa-Loompa လေးတွေ အကြောင်းများလားလို့....

လက်စသတ်တော့ ဂလိုကိုး...
စားချင်စရာကောင်းလိုက်တာ မေ...း))

သူကြီးမင်း (တုံးဖလား) said...

တော်သေးတာပေါ့။ အူရှီး သူရှေး မဟုတ်လို့။ ဟဲ ဟဲ။ စတာ။

အခုလိုရာသီမှာ အဲဒါမျိုးလေး စားတော့စားချင်သား။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သစ်နက်ဆူး said...

ညီမမေ..
အစားအသောက်နာမည်ပေးကတော့
ပက်ပက်စက်စက်ကို လှတယ်....
ကိုယ်ကြိုက်တဲ့ မုန့် ပန်းကန်တွေ့ တော့
ပို့ စ်ခေါင်းစဉ်အတိုင်း..ထ..ဘဲ.. အူရတော့မလိုလို..
ကွန်ပြူတာ စကရင်ကိုဘဲ ကပ်ပြီး ရှုရတော့မလိုလို...
သေချာ အနံ့ ခံကြည့်မှ....

အမေရိက ကပါလာတဲ့  ပဲကြော်ရယ်..
ကျက်သရေခန်းထဲက အနှစ်နှစ်အလလက
ရခိုင်မုန့် တီိရယ်..
ရေခဲသေတ္တာထဲက နှစ်ချို့ ငါးလေးရယ်...
ဆိုတော့ကာ.....
“ရှေးဟောင်းရခိုင်မုန့် တီ ပြပွဲ ” များလားဟင်.....

ကိုအောင် said...

အာပူလျှာပူက တယ်မိုက်ပါလား။

Soe Mya Nandar Thet Lwin (Borros Roxo) said...

အူပါ ရှူပါ ဆိုတော့ ဘာများလဲလို့။ အာပူ လျှာပူကို ပြောတာကိုး။

အပျိုကြီး မမ အတော်နောက်တယ်။

:))

နန္ဒာ

Baby taster said...

အို့ အို စားချင်လိုက်တာ
ခုပဲ အအေးထဲကပြန်လာတော့ ဒါမျိုးလေး
စားရရင် သိတ်ကောင်းမှာနော်။ ပဲကပ်ကြော်က
၁၂ဒေါ်လာလား။ ကိုယ်တို့နေတဲ့ နေရာမှာတော
့ ၄ချပ်ကို ၁ဒေါ်လာပဲပေးရတယ်။ အချပ်လည်း တော်တော်ကြီးတယ်သိလား။

Anonymous said...

ဝိုး!ကြီးမေရေ ကြက်သရေခန်းထဲက လိုတာရလို့ တော်သေးတယ်နော် ကြီးမေရေ ဗိုက်ဆာတယ် မိုးမလင်းခင်ထကြည့်မိလို့ မနက်တော့ပြေးစားတော့မည် အစုံပါ တပွဲမှ ၄၀၀ကျပ်ပါဗျားးးး))

Sunny said...

အူပါ ရှူပါဆိုတော့ တကယ်ပဲ ဘာများလဲလို့ တွေးမိတယ်.. ပဲကြော်က နည်းနည်းတော့ ဈေးကြီးတယ်နော်.. ဒါပေမယ့် ကိုယ်တိုင်မကြော်ချင်တဲ့အခါမျိုးဆိုရင်တော့ အဆင်ပြေသား.. :)

ကိုဇော် said...

နေမကောင်း ဖြစ်နေတဲ့ နေ့မှ ဒါကို ဖတ်မိရတယ်လို့ဗျာ။
ပြန်တောင်မှ ဖျားချင်သွားတယ်။
မြို့ထဲမှာ မုန့်ဟင်းခါးတော့ ရသား ၊ အာပူ လျှာပူ ( အူပါ ရှူပါ ) ကတော့ မရ။ ဒါကြောင့် သွားရည်တွေ ကျသွားပါကြောင်း။
ဆေးလေးသောက်ပြီး ဒါလေး ဂလုလိုက်ရရင်တော့ ကွေးလို့ ကောင်းလိုက်မဲ့ အမျိုး...။

Anonymous said...

အူပါ ရှုပါ အရည်၁ပွဲ
အသုတ်၁ပွဲ
ငါးဖယ်နဲ့ ပေးပါ


ညီမ

ချော(အစိမ်းရောင်လွင်ပြင်) said...

ရာသီနဲ့ အခါမှီတဲ့ အာပူလျှာပူလေးပေါ့နော်..
မမေ ဒီလောက်အေးတဲ့ အင်္ဂလန်ဆောင်းမှာ အာပူလျှာပူလေး မရောင်းချင်ဘူးလား
အင်္ဂလိပ်တွေ လျှာလည်သွားအောင်လေ..
ငပိနဲ့လေး တစ်သင်းသင်းနဲ့ဆိုတော့ ဒင်းတို့ဆွေမျိုးမေ့လောက်တယ်နော်...း)
ဒါမှ မြန်မာ့အစားအစာ ကမ္ဘာကျော်သွားမှာ

သားသားသန့် said...

ဟူးးးးးးးးး....မမမေမေ...ပဲကြော်တထုပ်
(၁၂)ဒေါ်လာကတော့ ဈေးကြီးတာပဲဗျာ...၂ဒေါ်လာ
လောက်ဆို စားစမ်းပါ..ဗိုက်တင်းအောင်
ကိုယ့်ဘာသာကြော်မှာပေါ့ ..၀ယ်ပြီး...
အင်းလေ ဒီလိုပါပဲလေ စီးပွားရေးဆိုတော့...
အာပူလျှာပူကတော့မမမေရေ
မြန်မာမှာတုန်းကဆို ညနေတိုင်း
သောက်ဖြစ်တယ်...ဟီး။။။ခုတော့
မမမေလက်ရာလေးပဲ
ရှူသွားတယ်....:P

Anonymous said...

မမေ ရေ

ချမ်းချမ်းစီးစီး မှာ အူပါရှုပါ က အကောင်းဆုံးဘဲ ကောင်းပါဗျာ ၃ပွဲလောက် စားသွားလိုက်မယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

ယုံပါတယ်.. ကောင်းမယ့်ပုံပါ..

ရွှေရတုမှတ်တမ်း said...

မေရီချစ်တီး ဒန်ပေါက်ကတော့ မဆိုးပါဘူး.
အဲဒီ ပဲကပ်ကြော်က အကြော်မုန့်နှစ်တွေ နဲ့ ကြွပ်အောင်ကြော်ထားတော့ သိတ်မကြိုက်ဘူး..

ညိမ်းနိုင် said...

အိမ့်စည်းစိမ်ကတော့ ဒီမှာလည်းနာမည်ကြီး...။
စားချင်လာပြီ...။

ကလူသစ် said...

ဥပြုတ်က ဘာလုပ်တာလဲ။ ငါးဖယ်ရော။

ချစ်ကြည်အေး said...

ဟားဟား ညီမမေ နာမည်ပေးပုံကိုတော့ ခိုက်တယ်ကွာ....။ ဒီမှာလည်း ခုတလော မိုးတွေ ဆက်တိုက်ရွာနေတော့ အူလိုက် ရှုလိုက်ရရင်....ကွာ...၊ ဒီကို အရည်နဲ့ စားပွဲတပွဲ၊ လိုက်ပွဲက အသုတ်နဲ့ တပွဲ ရယ်ဒီလုပ်ထားပေး၊ အိမ်ကလူကြီးအတွက် ပါဆယ်က နှစ်ပွဲ....ဟီးဟီး...တော်မှ ဆိုင်ရှင် မေတ္တာ မပျက်ခင်....:P

မြစ်ကျိုးအင်း said...

ရှူကြည့်ပြီး အူမိသွားမှ ခက်ရချေရဲ့

Nge Naing said...

ဒုက္ခပဲ ဒီနေ့ အသစ်တင်ထားတဲ့ ဘလော့ဂ်တွေက အစားအသောက်တွေချည်းပဲ ပြီးတော့လည်း ကြိုက်တဲ့အစားအစာတွေချည်းပဲ ဖြစ်နေလို့ မစားရ သွားရည်ယိုပြီးပဲ ပြန်နေရတယ်။

လင်းဝေ said...

အမယ်မင်းဗျာ အူပါ ရှုပါ ဆိုတော့ ကျွန်တော့်ဖြင့်
အူတူတူနံတန်တန်ကြီးကိုဖြစ်သွားကရော
ပိုစ့်ဖတ်ပြီးမှ လက်စသတ်တော့ အော် ငါ့ရောင်းရင်းကြီးအကြောင်းပါလားဟ ဆိုပြီး ဟင်းချနိုင်တော့တယ် ရောင်းရင်းကြီးဆိုတာက ကျွန်တော့်အကြိုက် အာပူလျှာပူ အစ်မ ပြောတဲ့ အူပါရှုပါ လေးကိုပြောတာ သရေတွေယို တံတွေးတွေ မြိုချ ဟင်း လူကို နှိပ်စက်တယ်

Yan said...

သွားရည်ကျလိုက်တာ....
ရှူပြီးရင် ရှူသွားတယ်... (ပဲကပ်ကြော်ကိုပြောပါတယ်.)
ဟတ်ဟတ်.

အန်တီမေရီကို သွားတွေ့ဦးမယ်...
ဘာမှာဦးမလဲ မမေ. :D

Y.

Naing Htun Lwin said...

ဝိတ်ချမလားရယ်လို့ အစားလျှော့စားပြီး ဗိုက်ဆာနေတုန်း မမေလုပ်တာ ကျွန်တော်အခုတော်တော်ပြသနာတက်နေပြီ.. :P ပုရွတ်ဆိတ်ကိုပြောပေးပါ အွန်လိုင်းမလာတာကြာလို့ သတိရနေတယ်လို့ :P

Anonymous said...

မမေဓါဝီက ဟင်းချက်လည်း ကောင်းတာပဲဗျ၊ ကြင်ဖက်တော်ဖြစ်လာမဲ့သူကတော့ ကံကောင်းဦးတော့မှာပဲနော်..