Tuesday, January 11, 2011

လိုချင်သော ၁၁ နှင့် မလိုချင်သော ၁၁

ထူးခြားတဲ့ နေ့စွဲကလေးတခုဖြစ်တဲ့ ၁၁-၁-၁၁ မှာ အမှတ်တရအနေနဲ့ ပို့စ်တင်ဖို့ စဉ်းစားတော့ ၁၁ ပါးရှိတာ နှစ်ခုကို စဉ်းစားမိတယ်။ မေတ္တာအကျိုး ၁၁ မျိုး နဲ့ မီး ၁၁-ပါးတို့ပါပဲ။ ကောင်းတဲ့ ၁၁ နဲ့ မကောင်းတဲ့ ၁၁ မို့ ဒီ ၁၁ နှစ်ခုကို "လိုချင်သော ၁၁ နဲ့ မလိုချင်သော ၁၁" လို့ ခေါင်းစဉ် တပ်လိုက်ပါတယ်။
***
လိုချင်သော ၁၁ (၀ါ) မေတ္တာအကျိုး ၁၁-မျိုး

သိတတ်တဲ့အရွယ်ကစလို့ တအိမ်သားလုံး ညတိုင် ဘုရားဝတ်တက်ကြရင် အမျှမဝေခင် အဝေရာ ဟောန္တု အစချီပြီး မေတ္တာပို့ကြရပါတယ်။ အဲဒီတုန်းကတော့ ဘာရယ်ညာရယ် မသိ၊ လူကြီးတွေ တိုင်ပေးသလို လိုက်ဆိုရင်း အလွတ်ရသွားခဲ့တာပါ။ နည်းနည်းလေး အရွယ်ရောက်လာတော့ ယဉ်ကျေးမှု သင်တန်း၊ ဘာသာရေးသင်တန်းတွေ တက်တဲ့အခါ ဆရာကြီးဦးမြသောင်းဆီမှာ မေတ္တသုတ်ကို သေချာသင်ခဲ့ရပြီး ဆရာကြီးတည်ထောင်တဲ့ မေတ္တာဗြူဟာမှာ ရာသက်ပန် အဖွဲ့ဝင်ဖြစ်ခဲ့တယ်၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဗိုလ်တထောင်ဘုရားမှာ ပြုလုပ်တဲ့ စုပေါင်းမေတ္တာပွါးပွဲမှာ ပါဝင်ခဲ့တယ်၊ လစဉ် မေတ္တာသွေးလှူဒါန်းပွဲတွေမှာ ဝေယျာဝစ္စကုသိုလ် ယူခဲ့သလို ကိုယ်တိုင်လဲ လှူနိုင်တဲ့ အကြိမ်တွေမှာ လှူဒါန်းခဲ့တယ်။ တနှစ်တကြိမ် မေတ္တာအခါတော်နေ့ဆိုရင်လဲ အဖွဲ့သားတွေနဲ့အတူ အသံမစဲ မေတ္တာပွါးပွဲမှာ ဆင်နွှဲခဲ့ကြတယ်။

အဲဒီလို သင်ယူပွါးများရင်းနဲ့ မေတ္တာအကျိုး ၁၁ မျိုးကို သိခဲ့တဲ့အခါ အလွန်နှစ်သက် သဘောကျမိပါတယ်။ မေတ္တာနဲ့ပတ်သက်လို့ ဘလော့မှာ မကြာခဏ ရေးခဲ့ဖူးသလို မေတ္တာအကျိုး ၁၁-မျိုးကို ဒီနေရာမှာလဲ ရေးခဲ့ဖူးတယ်။ ဆရာတော် မာဂဓီ (သာစည်) ရေးသားပြုစုတဲ့ အခါတော်နေ့များ စာအုပ်ထဲမှာတော့ မေတ္တာအကျိုး ၁၁-မျိုးကို ခုလို ရေးထားပါတယ်။
***
ဆန့်ကျင်ဘက်မှ လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ်သည်ရှိသော် ပွါးများအပ်သည် ရှိသော် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော် တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော် ရှေးရှုတည်စေသည်ရှိသော် လေ့လာအပ်သည်ရှိသော် ကောင်းစွာ အားထုတ်အပ်သည် ရှိသော် အကျိုး တဆယ့်တစ်မျိုး တို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်နိုင်ကုန်၏။
အဘယ် တဆယ့်တစ်မျိုးနည်း ဟူမူ -
(၁) ချမ်းသာစွာ အိပ်ရ၏။
(၂) ချမ်းသာစွာ နိုးရ၏။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်။
(၄) လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
(၅) သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
(၆) နတ်တို့ စောင့်ရှောက်ကုန်၏။
(၇) မီး, အဆိပ်, လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်။
(၈) လျင်မြန်စွာ စိတ်တည်ကြည်၏။
(၉) မျက်နှာအဆင်း အထူးကြည်လင်၏။
(၁၀) မတွေမဝေ သေရ၏။
(၁၁) အလွန်မြတ်သော အရဟတ္တဖိုလ် တရားကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာ့ပြည်သို့ လားရ၏။

လင်္ကာ

အိပ်သော် ချမ်းသာ၊ နိုးခါသုခ၊ မြတ်လှအိပ်မက်၊ နှစ်သက်လူတို့၊ နတ်တို့ချစ်ခင်၊ နတ်ပင်စောင့်နေ၊ မီးရေ မဖျက်၊ ငြိမ်သက်တည်ကြည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမမှိုင်၊ ဗြဟ္မာတိုင်သား၊ ဆယ့်တစ်ပါးကို၊ ကျမ်းဂန်ဆိုသည်၊ ဗိုလ်လူအများ၊ မေတ္တာပွါး။ … ။
***
မလိုချင်သော ၁၁ (၀ါ) မီး ၁၁-ပါး

လူကြီးတွေ ဘုရားရှိခိုးလို့ ဆုတောင်းရင် ဖြစ်ဖြစ်၊ သူတို့ကို ကန်တော့လို့ ဆုပေးရင် ဖြစ်ဖြစ် မီး ၁၁-ပါး ငြိမ်းပါစေ … လို့ ဆုတောင်းကြ ဆုပေးကြတယ်။ မီး ၁၁-ပါးက ဘာတွေလဲ သေချာမသိခဲ့ပေမဲ့ မီးဆိုတာ ပူမှန်းသိတာမို့ အပူတွေကို မလိုချင်ပါဘူး။ အပူမီးတွေနဲ့ ကင်းဝေးချင်ပါတယ်၊ ငြိမ်းချမ်းချင်ပါတယ်၊ အေးချမ်းချင်ပါတယ်။
မလိုချင်တဲ့ မီး ၁၁-ပါးက ဘာတွေလဲ ဆိုတော့ …

(၁) ရာဂမီး - တပ်မက်ရသဖြင့် ပူလောင်ခြင်း။
(၂) ဒေါသမီး - စိတ်ဆိုး အမျက်ထွက်ရသဖြင့် ပူလောင်ခြင်း။
(၃) မောဟမီး - အမြင်မှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
(၄) ဇာတိမီး - ပဋိသန္ဓေနေရပြီး ဘ၀အသစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း။
(၅) ဇရာမီး - အိုမင်း ရင့်ရော်ရသဖြင့် ပူလောင်ခြင်း။
(၆) မရဏမီး - သေကျေပျက်စီးရသဖြင့် ပူလောင်ခြင်း။
(၇) သောကမီး - ပူဆွေးမှု၊ စိုးရိမ်ကြောင့်ကြမှုများရသဖြင့် ပူလောင်ခြင်း။
(၈) ပရိဒေ၀မီး - ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
(၉) ဒုက္ခမီး - ကိုယ်ဆင်းရဲခြင်းကြောင့် ပူလောင်ခြင်း။
(၁၀) ဒေါမနဿမီး - စိတ်ဆင်းရဲရခြင်းကြောင့် ပူလောင်ခြင်း။
(၁၁) ဥပါယာသမီး - သက်ကြီး ရှိုက်ငင်ဖြစ်ရခြင်းကြောင့် ပူလောင်ခြင်း။

လင်္ကာ

သူသူငါငါ၊ ဖြစ်လေရာဝယ်၊ ဦးစွာကြိုဆီး၊ ဇာတိမီးက၊ အပြီးပုံသေ၊ လောင်မြိုက်လေ၏။
မသွေတစ်သီး၊ ဇရာမီးလည်း၊ အပြီးနောက်မှာ၊ ကပ်လျှက်ပါ၏။

မကွာစေရ၊ မရဏဟု၊ တစ်ဘ၀ဖျက်ဆီး၊ လောင်သည့်မီးလည်း၊ ငြီးငြီးပြောင်ပြောင်၊ အမြဲလောင်၏။

လောင်ပုံလောင်အား၊ မထင်ရှားလည်း၊ နုထွားပျိုမျစ်၊ အရွယ်ဖြစ်သော်၊ အချစ်ရာဂ၊ မီးတွေထ၍၊ ဒေါသထန်ပြင်း၊ မောဟညှဉ်း၏။

မကင်းနိုင်အောင်၊ ထို့နောက်နောင်လည်း၊ တောက်လောင်ဖိစီး၊ သောကမီးကြောင့်၊ ၀မ်းနည်းဖွယ်တွေ၊ အထွေထွေနှင့်၊ ပရိဒေ၀၊ ငိုကြွေးရလျက်၊

ဒုက္ခလည်းထပ်၊ ဒေါမနသ်နှင့်၊ ဆက်စပ်မကွာ၊ ဥပါယာသ၊ လွန်ပြင်းပြ၍၊ သက်မျှမရှူ၊ တတ်အောင်ပူသည်။ ဆူဆူမီးတောက် ဆယ့်တစ်တည်း။
(အရှင်ဇနကာဘိဝံသ)

***
တခုတည်းသော အလယ်က ၁ (၀ါ) ဧကောဓမ္မော

၁၁ နှစ်မျိုး ပြီးသွားတဲ့အခါ ၁၁-၁-၁၁ ရဲ့ အလယ်က ချိန်ခွင်လျှာလို ဖြစ်နေတဲ့ ၁ ကလေးကို စဉ်းစားမိတော့ ဧကောဓမ္မောကလွဲလို့ ဘာရှိနိုင်အုံးမှာလဲလို့ တွေးမိတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋကတ် သုံးပုံကို အနှစ်ထုတ်လိုက်ရင် ဗောဓိပက္ခိယတရား ၃၇-ပါး ရတယ်၊ ဗောဓိပက္ခိယတရား ၃၇-ပါးကို အနှစ်ထုတ်ပြန်တော့ မဂ္ဂင် ၈-ပါး၊ မဂ္ဂင် ၈-ပါးကို အနှစ်ထုတ်ပြန်ရင် အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဆိုတဲ့ သိက္ခာ သုံးပါးရတယ်၊ သိက္ခာ သုံးပါးကို အနှစ်ထုတ်လိုက်ရင် သတိဖြင့်ရှုမှတ်မှုဆိုတဲ့ ဧကောဓမ္မော တခုတည်းသောတရားသာ ဖြစ်ပါတယ်။

ဒါကြောင့် လိုချင်သော ၁၁ တွေ ရရှိပြီး မလိုချင်သော ၁၁ တွေ ကင်းပစေဖို့ ချိန်ခွင်လျှာအလယ်က တခုတည်းသော တရားကို ကျင့်ကြံ ပွါးများ အားထုတ် နိုင်ပါစေကြောင်း (မိမိကိုယ်ကိုယ်ရော အားလုံးအတွက်ပါ) ဆုတောင်းလိုက်ပါတယ်။
***
မေတ္တာဖြင့် …
မေဓာဝီ
၁၁-၁-၁၁
၁၁း၁၁ နာရီ

ရည်ညွှန်း ။ ... ။
(၁) အခါတော်နေ့များ - ဆရာတော်မာဂဓီ (သာစည်)
(၂) မီး ၁၁-ပါး ဆောင်ပုဒ်လင်္ကာ (ရွက်ဝါဘလော့မှ)
(၃) မီး ၁၁-ပါး ပါဠိ-မြန်မာ (အရှင်ဉာဏဒီပ ၀က်ဘ်ဆိုက်မှ)

11 comments:

Anonymous said...

ကြီးမေ
တောင်းပေးတဲ့ဆုနဲ့ပြည့်ပါစေ ကြီးမေကိုယ်တိုင်လည်း ကျင့်ကြံပွားများအားထုတ်နိုင်ပါစေ

ခင်မင်တဲ့
seesein

သားသားသန့် said...

မမမေ..သားသားသန့်လာဖတ်သွားပါတယ်..
ဗဟုသုတလည်းရပါ၏...
ကိုယ့်အတွက်လိုအပ်သော ဆုံးမစကားများလည်း
နာရပါ၏...ကျေးဇူးအရမ်းတင်ပါ၏..
ထိုကဲ့သို့စာများကိုရေးသားပေးတတ်လို့...
မမမေရဲ့သားသားသန့်

Anonymous said...

11.1.11 မှာ မမေ ပေးတဲ့ ဆုတွေ နဲ့ ပြည့်စုံစေဘို့ ကျိုးစားမယ်ဗျာ မိုးလင်း ကထဲက ပူလောင် ရလွန်းလို့ ကိုယ့်ကိုကိုယ် တောင် ညစ်မိပါရဲ့
သူတော်ကောင်းတရားတွေများ မှန်ကန်လိုက် အေးချမ်းလိုက်တာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

ကောင်းလိုက်တာ.. ၁.၁၁.၂၀၁၁ အတွက် အကျိုးရှိတဲ့ post လေးပါပဲ..

သက်ဝေ said...

အဖိုးတန်တဲ့ စာလေးကို သဘောကျ နှစ်သက်မိပါတယ်
ကိုယ့်မွေးနေ့ ၁၁-၁-၁၁ နဲ့ တိုက်ဆိုင်နေတာမို့ မွေးနေ့လက်ဆောင်လို့ သဘောထားပြီး သိမ်းထားချင်လို့ ကူးယူသွားပါတယ်။
ကျေးဇူး ညီမ မေ...း))

သူကြီးမင်း (တုံးဖလား) said...

မမမေရယ်...
ကာမ ၁၁ ဘုံမှာ ကျင်လည်ကျက်စားနေကြမှတော့ မီး ၁၁ ပါး၊ မေတ္တာအကျိုး ၁၁ မျိုးကို တစ်နည်းနည်းနဲ့တော့ ရနေကြတာပါဘဲလေ။ ဖြစ်နိုင်ရင်တော့ ပထမဈာန် ၁၁ ပါးကိုပါ ရအောင် အားထုတ်သင့်တယ်။

အခုလိုရေးထားတာလေးတွေ ကောင်း၏ ကောင်း၏။ သီလရှင်လူထွက်မလေးများလား အောက်မေ့ရတယ်။ ပညာကလဲ စုံပါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

rose said...

ဗပာုသုတ ဖြစ်ဖွယ် ပို့စ်လေး အတွက် ကျေးဇူးပါ အစ်မမေဓာဝီ....။

သစ်နက်ဆူး said...

ညီမမေ
တကယ်ကို ဖတ်သားပြီး သတိမူ မှတ်သားရမယ့် စာတွေပါ..။
သိပြီးတော့ မကျင့်ကြံနိုင်တဲ့ အခါ...
ပူလောင်တဲ့  ၁၁ပါးထဲမှာ ကျင်လည်ခဲ့ ရတဲ့ ဘ၀တွေ များလှပါပေါ့လား............။

ကိုအောင် said...

မလိုချင်တဲ့အထဲ ပိုက်ပိုက်တွေ ပါရင် ပြောပါ
မမေဓါဝီ ... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

လိုချင်တာ ၁၁ပါးရဖို့ရော မလိုချင်တာ ၁၁ပါးကင်းဖို့ရော တစ်ခုတည်းသော တရားကိုကျင့်ဖို့ နည်းနည်းအချိန်ဆွဲနေမိတယ်..
ဖြစ်သေးပါဘူး ကြိုးစားဦးမှ..
တော်ကြာ ရုတ်တရက် သေသွားရင် ဘာမှ မပါဘဲနေဦးမယ်.
ကျေးဇူးမမေ..
၁၁မီးငြိမ်းပါစေ

Yan said...

မမေဘလော့ဂ်ကို လာလည်မှပဲ ရှိသမျှမီးတွေ အကုန်ငြိမ်းတော့တယ်.

သေချာအောင် ဒီပို့စ်ကို မီးပိတ်ပြီးမှ ဖတ်တာ. :D

နေကောင်းလား မမေ. ကြီးပွားရေး.. စီးပွားရေး... ပညာရေး... ... ရေး၊ ... ရေး... အကုန်ပေါ့.

Y.