Monday, August 27, 2007

ရာဇဓမ္မ သင်္ဂဟ

တလောက ပန်ဒိုရာက မင်းကျင့်တရား (၁၀) ပါး ကို ရေးပေးပါလို့ ကွန်မန့်ထဲမှာ ပြောခဲ့ဖူးပေမဲ့ အဲဒီတုန်းက ချက်ချင်း မရေးပေးဖြစ်ခဲ့ဘူး။ အခုမှ ကြုံကြိုက်လာ တာနဲ့ မင်းကျင့်တရား (၁၀) ပါး အပါအ၀င် တခြား မှတ်သားစရာ ဆက်စပ် နေတာလေးတွေပါ ဖော်ပြလိုက်ပါတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်ရေးသားတဲ့ “ရာဇဓမ္မသင်္ဂဟကျမ်း” မှ ကောက်နုတ်ခြင်း ဖြစ်ပါတယ်။
***
သင်္ဂဟတရား
သင်္ဂဟတရား ဆိုတာ အကြီးအကဲ အစိုးရ (သို့) ပြည့်ရှင်မင်းတို့ဟာ မိမိတို့ အုပ်ချုပ်တဲ့ တိုင်းပြည်နိုင်ငံကို စည်ပင်သာယာအောင် စောင်မကြည့်ရှု ချီးမြှောက် သူကောင်းပြုနည်းပဲ ဖြစ်ပါတယ်။ တဦးတယောက်ကို သူကောင်းပြု လိုရင် ရာထူးပေးခြင်း၊ ဆုလာဘ်ပေးခြင်းတို့ကို ပြုလုပ်ရသလို နိုင်ငံတခုလုံးကို ချီးမြှောက် သူကောင်းပြုလိုရင်တော့ ဒီ သင်္ဂဟတရား (၄) ပါးနဲ့ ချီးမြှောက်ရ တယ် လို့ ဆိုပါတယ်။

သင်္ဂဟတရား (၄) ပါးကတော့ …
၁) သဿမေဓ။
အခွန်အတုတ် ကောက်ခံရာတွင် ပြည်သူပြည်သားများ မနာမကြည်းရအောင် နိုင်ငံအင်အားအလျောက် ညှိနှိုင်း၍ အပိုအလိုမရှိ သင့်တင့်လျောက်ပတ်စွာ သဘောတူညီရာ ကောက်ခံခြင်း။

၂) ပုရိသမေဓ။
နိုင်ငံကို စောင့်ရှောက်ထိန်းသိမ်းသောသူတို့ကို ကြီးစဉ်ငယ်လိုက် နေရာကျ အောင် ချီးမြှောက်ပေးကမ်းခြင်း။

၃) သမ္မာပါသ။
ကုန်သည် လယ်သမားတို့ကို ကူးသန်းရောင်းဝယ်နိုင်အောင် အပိတ်အပင်မရှိ ဖွင့်၍ အခွင့်ပေးခြင်း၊ ကြည့်ရှုစောင်မခြင်း။ အရင်းအနှီးမရှိသော ကုန်သည် လယ်သမားတို့အား အတိုးမဲ့ အရင်းအနှီး ပေးကမ်းမစခြင်း။

၎) ၀ါစာပေယျ။
အကုသိုလ်ဒုစရိုက်ဖြစ်သော ဖရုသ၀ါစာကို ရှောင်ကြဉ်၍ ချိုသာနာပျော်ဖွယ် စကားကို ပြောဆိုခြင်း။
***
“မင်းတို့ ကြဉ်ရှောင်အပ်သော တရား (၃) ပါး”
၁) မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း။
၂) အမျက်ထွက်ခြင်း။
၃) ပွဲလမ်းသဘင် အပျော်အပါး ကာမဂုဏ်ကို ခံစား၍ တိုင်းရေးပြည်မှုကို အလေးဂရုမပြု ပေါ့လျော့ခြင်း။
***
"မင်းကျင့်တရား (၁၀) ပါး"

၁) စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်း။
၂) ငါးပါး၊ ဆယ်ပါး စသော သီလဆောက်တည်ခြင်း။
၃) အမှုထမ်းတို့အား ထိုက်သင့်သလို ပေးကမ်း ကြည့်ရှုခြင်း။
၎) ကောက်ကျစ်စဉ်းလဲခြင်းမရှိ၊ ရိုးသားဖြောင့်မတ်ခြင်း။
၅) အမူအရာ အပြောအဆို နူးညံ့သိမ်မွေ့ခြင်း။
၆) ကောင်းမြတ်သောအကျင့်ကို ကျင့်ကြံခြင်း။
၇) သတ္တ၀ါအပေါင်းကို ရန်ငြိုးအမျက်မရှိ ချမ်းသာစေခြင်း။
၈) သတ္တ၀ါအပေါင်းကို နှိပ်စက်ခြင်းမပြုဘဲ သနားညှာတာခြင်း။
၉) ကိုယ်နှုတ်တို့ဖြင့် မရိုမသေလွန်ကျူးသည်ကို သည်းခံခြင်း။
၁၀) ရဟန်း၊ ရှင်၊ လူ၊ မှူးမတ်၊ ပြည်သူတို့နှင့် ဆန့်ကျင်သည်ကို မပြုခြင်း။
***
ပြည့်ရှင်မင်းတို့ ကျင့်သုံး ဆောက်တည်အပ်သော ရာဇဂုဏ် (၈) ပါး
၁) သိကြားမင်းကဲ့သို့ကျင့်ခြင်း။
သိကြားမင်းသည် နတ်အပေါင်းတို့တွင် နှိပ်ကွပ်တန်သောသူအား နှိပ်ကွပ်၍ ချီးမြှောက်တန်သူအား ချီးမြှောက်သကဲ့သို့ … မင်းတို့သည်လည်း လူအပေါင်းတို့ တွင် မကောင်းသောသူတို့အား နှိပ်ကွပ်၍ ကောင်းသောသူတို့အား ချီးမြှောက် ရာသည်။

၂) နေကဲ့သို့ကျင့်ခြင်း။
နေမင်းသည် ရောင်ခြည်တထောင်ဖြင့် ဖြည်းညှင်းစွာ မိုးရေကို ခန်းခြောက်စေ သကဲ့သို့ မင်းတို့သည်လည်း အခွန်အတုတ်ကို ဖြည်းညှင်း သာယာစွာ ကောက်ခံ သိမ်းယူရာသည်။

၃) လေကဲ့သို့ကျင့်ခြင်း။
လေသည် သတ္တ၀ါအပေါင်း၏ ကိုယ်တွင်းသို့ဝင်၍ သွားသကဲ့သို့ မင်းတို့သည် လည်း မှူးမတ် ပြည်သူခပ်သိမ်းတို့၏ အပြုအမူ ဆင်းရဲချမ်းသာကို လျှို့ဝှက် သူလျှိုထား၍ ကိုယ်တွင်းသို့ဝင်သကဲ့သို့ သိအောင်ပြုရာသည်။

၎) ယမမင်းကဲ့သို့ကျင့်ခြင်း။
ယမမင်းသည် ချစ်သူ မုန်းသူဟူ၍ အထူးအခြား ကွဲပြားမရှိ၊ ကံအားလျော်စွာ ရောက်လာလျှင် စီရင်သကဲ့သို့ မင်းတို့သည်လည်း ချစ်သူ မုန်းသူဟူ၍ မျက်နှာ မငဲ့၊ အမှုနှင့်လျော်ညီစွာ စီရင်ရာသည်။

၅) သမုဒ္ဒရာကဲ့သို့ကျင့်ခြင်း။
သမုဒ္ဒရာသည် ရေကို မတောင့်တ၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့ အလို အလျောက်ဝင်လာသမျှကိုသာ ခံသကဲ့သို့ မင်းတို့သည်လည်း ဥစ္စာကို မလိုချင် မတောင့်တ၊ ထုံးစံရှိသည့်အတိုင်း ရသင့်သမျှကိုသာ ခံယူရာသည်။

၆) လကဲ့သို့ကျင့်ခြင်း။
လပြည့်ဝန်းသည် မြင်မြင်သမျှ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေသကဲ့သို့ မင်းတို့သည်လည်း မျက်နှာရွှင်လန်းလျက် စကားချိုသာ နာပျော်ဖွယ်ပြောဆို၍ မှူးမတ် ပြည်သူ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေရာသည်။

၇) မြေကြီးကဲ့သို့ကျင့်ခြင်း။
မြေကြီးသည် သတ္တ၀ါအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ်သကဲ့သို့ မင်းတို့သည် လည်း သင်္ဂဟတရား လေးပါးဖြင့် ပြည်သူလူထုအပေါင်း၏ ကိုးကွယ်ရာဖြစ် အောင် ရွက်ဆောင်ရာသည်။

၈) မိုးကဲ့သို့ကျင့်ခြင်း။
မိုးသည် မိုးတွင်းလေးလပတ်လုံး လူအပေါင်းတို့ကို ရေဖြင့် ရောင့်ရဲစေသကဲ့သို့ မင်းတို့သည်လည်း အမှုထမ်း အရာထမ်းတို့အား မျိုးရိက္ခာ၊ အ၀တ်အစား၊ ဆုလာဘ်တို့ဖြင့် နှစ်သက်ရောင့်ရဲစေရာသည်။
***
ဖော်ပြခဲ့ပြီးဖြစ်တဲ့ သင်္ဂဟတရားလေးပါးတို့ မင်းကျင့်တရား ၁၀-ပါး တို့နဲ့ ပြည့်စုံ စွာ ကျင့်ကြံတဲ့ ပုဂ္ဂိုလ်ကိုသာ မင်း၊ အစိုးရလို့ ခေါ်တွင်ကြောင်း ယောမင်းကြီး ဦးဖိုးလှိုင်ကရေးသားထားပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေသူဖြစ်ပေမဲ့လည်း အထက်ပါအချက်တွေက ချို့ယွင်းခဲ့ရင် မင်းလို့ မမည်ပါဘူးတဲ့။
ဒါဆို … ကျမတို့ အခု နေနေရတာဟာ မင်းမရှိတဲ့ တိုင်းပြည် (မင်းမဲ့တိုင်းပြည်) မှာ နေနေရတာများလား … လို့ တွေးနေမိပါရဲ့။
***
မေဓာဝီ
၂၇၊ သြဂုတ်၊ ၂၀၀၇
တနင်္လာနေ့
နေ့လည် ၁၂ နာရီ

ကိုးကား။ … ။
ယောမင်းကြီးဦးဘိုးလှိုင် ၏ ရာဇဓမ္မသင်္ဂဟကျမ်း
(၁၉၆၀၊ ဒီဇင်ဘာလ)

4 comments:

pandora said...

ပန်ဒိုရာ မေးမိလား သတိမရတော့ဘူး မမေရေ။ ဘာပဲဖြစ်ဖြစ် မှတ်သားစရာတွေပဲ။ အဲဒီလို မင်းကျင့်တရား ကင်းမဲ့သူများ ပြုမူတဲ့ အမူအကျင့်မျိုးကိုသာ "မင်းမဲ့စရိုက်" လို့ ခေါ်နိုင်မလား ဆိုတာ စဉ်းစားနေမိတယ်။

Min Min said...

Thanks for the very knowledgable stuff.

ရွက်ဝါ said...

လာဖတ်သွားတယ် မမေဓာဝီ။ ပို့စ်တွေအားလုံးက ပညာရတယ်။ ကျေးဇူးတင်ပါတယ်။

thadar said...

ညီမလေး.
မမဖတ်ပြီး မတတ်တတ် ကဗျာရေးထားပါတယ်
ညီမလေးရဲ့ စာတွေ ကိုးကားထားပါတယ် ခွင့်ပြုပါ.
http://thadar.blogspot.com/2008/01/blog-post_05.html.
မမ ကဗျာစပ်နည်းကို စံနစ်တကျ မသင်ဘူုးပါ.
ညီမလေး post တွေမှ မြင်ဆရာ.သင်ဆရာအမေဖြင့် ဖတ်ရှူဘူးပါတယ်. စိတ်ရင်းကတော့ စေတနာပါ. အိုကြီးအိုမ သေတော့မဲ့ ဘ၀ ငရဲပေါက်အ၀မှာ ချဉ်းကပ်နေတာတောင် အာဏာတွေမက် ခလေးတွေ သံဃာတွေ သတ်ပြီး တိုင်းပြည်ကိုဖျက်။ သာသနာ ဖျက်သူတွေ အမြင်မှန် ရနိုးနိုး မျှော်ကိုး ရေးမိပါတယ်. စိတိကူးယဉ် တယ် ဘဲဆိုလည်းဆိုစေပေါ့