Monday, June 28, 2010

တပတ်စာ ဒိုင်ယာရီ

၁၉ ရက်နေ့က စပြီး ၂၆ ရက်နေ့ထိ ရက်သတ္တ တပတ်တိတိ အင်တာနက်နဲ့ အဆက်အသွယ် ပြတ်သွားရပါတယ်။ ကျမရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဆိုပါတော့။ မေးလ်လဲ မစစ်နိုင် ဘလော့တွေလဲ မဖတ်နိုင်တဲ့ အဆုံးတော့ ဦးရီးတော် အိမ်မှာ အိမ်အလုပ်တွေဖိ လုပ်ရင်း တပတ်အတွင်း ပြုပြုသမျှ ကိစ္စအ၀၀တို့ကို အခုမှပဲ မှတ်တမ်းတင်လိုက်ပါတယ်။ တပတ်အတွင်း ဟိုရောက် ဒီရောက် ဒိုင်ယာရီလေးပါ။
***
၁၉၊ ဇွန်၊ စနေနေ့၊ နံနက်ခင်း
ခိုလှုံရာ အခန်းကျဉ်းလေးကို ခေတ္တခွဲရဦးမှာမို့ ပတ်စာခွါ ဖျာသိမ်း၊ အထုပ်အပိုး အဆင်သင့်ပြင်ပြီး ဦးရီးတော် လာအခေါ်ကို စောင့်နေခဲ့တယ်။

ခြောက်သွေ့ အထီးကျန်တဲ့ အခန်းလေးကို
မသွားခင် နောက်ဆုံး အနေနဲ့ ကြည့်ရတာ စိတ်မကောင်းစရာ ...
တကယ်တော့ မသွားချင်ဘူး။ ဒါပေမဲ့ ...


စာကြည့် စားပွဲလေးလဲ လောလောဆယ်တော့ စာဖတ်သူ မဲ့ဦးတော့မယ် ...


တိမ်တွေလို လွင့်ချင်ပေမဲ့
တိမ်တွေတောင် အစုအဖွဲ့နဲ့ နေမှ ပိုလှသလိုပဲ ...

အဲဒီနေ့က ကောင်းကင်ကြီးက ပြာလို့၊ နေကလဲ သာလို့၊ ရာသီဥတုက သာတောင့်သာယာ ... ။
တူဝရီးနှစ်ယောက် Lancashire နယ်က Burnley မြို့ကလေးကို ရောက်တော့ နေ့လည်စာ စားချိန်။ စားသောက်ပြီး ဦးရီးတော်ကတော့ သူ့မိတ်ဆွေနဲ့အတူ တရားလုပ်ငန်း စပါတယ်။ ကျမကတော့ ထမင်းထုပ် ဟင်းထုပ် ဆိုပါတော့။ ဒါပေမဲ့လည်း တရားထိုင်လာတာဆိုတဲ့ ရည်ရွယ်ချက်ကလေး အထမြောက်အောင် စတိလောက် ထိုင်ပြီး အိမ်ရှင်အန်တီကို ကူညီညာ လုပ်ပေးရတယ်။
***
၂၀၊ ဇွန်၊ တနင်္ဂနွေ
အရုဏ်တက် နံနက်စောစော တရားထိုင်ဖြစ်တယ်။
မနက်စာစားပြီးချိန်မှာ နေက ကျဲကျဲပူနေပြီ။ အိမ်နဲ့ မနီးမဝေးက တူးမြောင်းလေး တလျှောက် လမ်းလျှောက် ထွက်ခဲ့ကြတယ်။

တချိန်ကတော့ လည်ပတ်နေတဲ့ စက်ရုံကြီးပါပဲ၊
ခုတော့ ရပ်တန့်နေသော စက်ရုံဟောင်းကြီး ဖြစ်သွားပြီ။
မြက်စားနေတဲ့ မြင်းတွေ၊
တောရယ် တောင်ရယ် တိရစ္ဆာန်တွေရယ် ကြည့်ရတာ ချမ်းမြေ့ပါဘိ။

ဟိုးအဝေးမှာ Pendle Hill ...
တချိန်က စုန်းတွေရှိတယ်လို့ နာမည်ကြီးတဲ့ နေရာပေါ့။
တနင်္ဂနွေညနေမှာ အဲဒီဒေသက ပြန်ခဲ့တယ်။ လမ်းမှာ long queue နဲ့ တိုးလို့ ကားက တလိမ့်ချင်း လိမ့်မောင်းနေရတယ်။ အဲဒီအချိန်မှာ ဒိန်းဆို သတိရလိုက်တာက ...
"လက်ပ်တော့ ကျန်ခဲ့ပြီ"
လမ်းခုလတ်မှာမို့ ပြန်လှည့်ဖို့လဲ မဖြစ်နိုင်ဘူး။ ဦးရီးတော်ကိုလဲ မပြောရဲဘူး။ တရားသွားထိုင်တဲ့သူ သတိ ဘယ်လောက် ရှိလိုက်ပါသလဲ ဆိုတာ အဲဒါသာကြည့်တော့။ ကိုယ့်အပြစ်နဲ့ကိုယ် ငြိမ်နေရတယ်။ အိမ်ပြန်ရောက်မှ သိသလိုလိုနဲ့ "ဟင် လက်ပ်တော့ ပါမလာဘူးတော့" လို့ ပြောတော့ ဦးရီးတော်က မဆူရှာပါဘူး။ နောက်တပတ် မန်ချက်စတာ သွားမှာပဲလို့ ပြောတယ်။ တော်သေးတာပေါ့ ... ဟင်းးးး ။
***
၂၁၊ ဇွန်၊ တနင်္လာနေ့
တနင်္လာနေ့ တမနက်လုံး ဟင်းချက်တယ်။ ဆွမ်းကပ်ဖို့ပါ။ ပြန်ရောက်ရောက်ချင်း ဈေးလဲ မ၀ယ်ဖြစ်တာမို့ အိမ်မှာ ရှိတာလေးတွေပဲ ကြံဖန်ချက်လိုက်တယ်။
ငါးဟင်း၊ ခရမ်းချဉ်သီး ငပိချက်၊ ကြက်အမြစ်ဟင်း၊ ပဲကြော်။

ကိုယ့်ဟင်းကိုယ် ဝေဖန်ရရင် ငါးက ဆီများပြီး ကြက်အမြစ်ဟင်းက အနှစ်လဲ နည်းတယ်၊ အရောင်လဲမလှဘူး။ ပဲကြော်က ဆီနည်းသွားပြီး ခရမ်းချဉ်သီး ငပိချက်က ငပိနည်းသွားပါတယ်။ ကမန်းကတန်းချက်ရလို့ စိတ်တိုင်းသိပ်မကျလိုက်ပါ။ အားလုံးပြီးတဲ့နောက် ဆွမ်းဗူးနီနီ မေဓာဝီရွက်ပြီး ဘာမင်ဂန် ဘုန်းကြီးကျောင်းကို ဆွမ်းပို့သွားတယ်။

ကြည်ညိုဖွယ်ရာ ဘာမင်ဂန်မှ စေတီတော်

***

ဒီနောက်ပိုင်း ရက်တွေမှာတော့ အင်တာမနက်ရတဲ့ အတူတူ သန့်ရှင်းရေး၊ အ၀တ်လျှော်၊ မီးပူတိုက်၊ သစ်ပင်ရေလောင်း၊ ခြံလုပ် ... ဘောလုံးပွဲလဲ မလွတ်စေရ၊ Wimbledon tennis လဲ မလွတ်စေရ တယောက်ထဲ အလုပ်များနေပါတယ်။ ဦးရီးတော်ကတော့ ကျမဘောလုံးပွဲကြည့်ရင် တခြားအခန်းမှာ တရားသွားနာ ရရှာပါတယ်။ တရားမနာလဲ သူကြည့်ချင်တဲ့ ပရိုဂရမ်ကို အိမ်ရှေ့ခန်းက တီဗီမှာ ကြည့်ရရှာတယ်။ တူမကို အလိုလိုက်တဲ့အနေနဲ့ အေဘီစီဒီလဲ မသင်သေးပါဘူး။ (သင်ရမှာ စိတ်ပျက်တာလဲ ဖြစ်နိုင်ပါတယ်)

၂၆၊ ဇွန်၊ စနေနေ့၊ ပထမ ၀ါဆိုလပြည့်
မနက်စောစော ခေါက်ဆွဲကြော် ထကြော်ပြီး မန်ချက်စတာ ဘုန်းကြီးကျောင်းကို သွားကြပါတယ်။ မန်ချက်စတာကို ချမ်းမြေ့ဆရာတော် ကြွလာလို့ သွားဖူးတာပါ။ ရောက်တာ နည်းနည်းနောက်ကျသွားတော့ ဆရာတော်က အချိုပွဲတောင် ဘုဉ်းပေးနေပြီ။ ခေါက်ဆွဲကြော် မကပ်လိုက်ရဘူး။ လူတွေကိုတော့ ကျွေးလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရတာပဲလို့ ဖြေသိမ့်လိုက်တယ်။

ချမ်းမြေ့ဆရာတော် အချိုပွဲဘုဉ်းပေးနေစဉ်

၂၇၊ ဇွန်၊ တနင်္ဂနွေ

ဝါဆိုလပြည့်ကျော် တရက်

ဦးရီးတော်ရဲ့ မြန်မာလို မွေးနေ့ပါ။ ၀ါထပ်တဲ့နှစ် မွေးလို့ ၄-နှစ်မှ တကြိမ်မွေးနေ့ ဖြစ်ရရှာတယ်။ အသက် ၆၀ ပြည့်သွားပြီ။ (၄ နဲ့ စားရင်တော့ ခုမှ ၁၅ နှစ် :D) လူပျိုကြီးဆိုတော့ နုတုန်း ပျိုတုန်း။ (ကြော်ငြာဝင်တာပါ) ဦးရီးတော်ကို ဘာစားချင်လဲ ချက်ကျွေးမယ် မုန့်ဟင်းခါးလား အုန်းနို့ခေါက်ဆွဲလားဆိုတော့ မုန့်ဟင်းခါးက စားထားတာ မကြာသေးလို့ မချက်နဲ့တဲ့။ ဒါနဲ့ပဲ ဘိလပ်နေပူပူမှာ အုန်းနို့ခေါက်ဆွဲချက်ပြီး ဦးရီးတော်ရဲ့ အသက် ၆၀ ပြည့် ဟက်ပီးဘတ်ဒေးလိုက်ပါတယ်။

အဲဒီနေ့ညနေကြည့်တဲ့ ဘောလုံးပွဲကတော့ စိတ်မကောင်းစရာ၊ အင်္ဂလန်အသင်း ဘင်သံလေးနဲ့ အိမ်ပြန်ရပါပြီ။ ကိုအောင် (ပျူ) တဂ်ထားတဲ့ ဘောလုံးလဲ တ၀က်တပျက် ရေးထားပြီးမှ လက်ပ်တော့ မေ့ကျန်ခဲ့လို့ ဆက်မရေးနိုင်တော့ဘူး။ ခုအချိန်မှာတော့ တော်တော်များများလဲ ရှုံးပြီး အိမ်ပြန်ကုန်ကြပြီမို့ အတော်လေး နောက်ကျသွားပြီထင်ပါရဲ့။ အားနာပါတယ် ကိုအောင်ရေ ... ။

စတိလောက်တော့ ဒီနေရာကပဲ ရေးလိုက်မယ်နော် ... ကျမကတော့ ဘရာဇီးကို အစဉ်တစိုက် အားပေးပါတယ်။ ချန်ပီယံ ဘရာဇီး ဖြစ်မယ်လို့ ထင်ပါကြောင်း ... ။ (ဒီနေ့ပွဲမှာ နိုင်သွားလို့ ပိုပြောလို့ ကောင်းသွားတာ)

တပတ်အတွင်း ဟိုရောက်ဒီရောက် ဒိုင်ယာရီကို ဒီနေရာမှာပဲ ရပ်နားလိုက်ပါရစေ။ ဦးရီးတော် အိမ်မှာ နှေးကွေးတဲ့ အင်တာနက်မို့ အရင်လို စိတ်သွားတိုင်း လက်မပါနိုင်တော့ဘူး။ ပျက်ကွက်မှုအပေါင်းအတွက် ခွင့်လွှတ်တော်မူကြပါရှင်။

14 comments:

ကိုအောင် said...

ဒီပို့စ်ထဲမှာ ဘရာဇီးလ် ဗိုလ်ဆွဲမယ်လို့ ရေးထားတာ
တွေ့ရတာနဲ့ tag အတွက် ကျေးဇူးတင်ပါတယ် မမေရေ။ တပတ်စာ ဟိုရောက် ဒီရောက် ဒိုင်ယာရီကို
ဖတ်ရူသွားပါတယ်၊ ချမ်းမြေ့ပါစေ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဟယ် နန္ဒာလဲ အဲဒီလိုလေး တပါတ်စာ ဒိုင်ယာရီ ပိုစ့်ရေးမလား စဉ်းစားထားတာ အခု မမေဓါဝီ ဦးသွားပြီ။ :))

အင်္ဂလန်ရဲ့နွေ နေပူပူမှာ ဘာမှ ရေးချင်စိတ် မရှိပါဘူး။ နှစ်သက်ရာ ဘလောဂ့်တချို့ပဲ အလျဉ်းသင့်သလို ဖတ်ဖြစ်နေတော့တယ်။

နန္ဒာ့ Favourite ခရမ်းချဉ်သီး ငပိချက်က စားချင်စရာ။ :P

Happy Summer Holiday!!!

နန္ဒာ (SMNTL)

မြတ်နိုး said...

အမ...
အစားအသောက် သောင်းကျန်းလို့ရလို့တော်ပါသေး

အမဦးရီးတော်ကလဲ ခုအရွယ်ထိ ပွစိပွစိ ဆူနေဆဲဆိုရင် ညီမတော့ အမြဲ လို ၀က်နုတ်ခမ်းဖြစ်နေမှာ..ဟီးး တော်ပါသေးရဲ့ အဲ့လိုဦးလေးမရှိလို့..

စုချစ် said...

မမေရေ... ပိတ်ရက်မှာ ကုသိုလ်တွေရသွားပီပေါ့...
ကော်မန့်လာမရေးဖြစ်ပေမဲ့ သတိတွေရနေပါတယ်။
မမေက တရားသွားထိုင်မဲ့သူ မေ့တယ်ဆိုတော့ စုချစ် မေ့တတ်သလောက် မဆိုးသေးဘူးလို့ ပြောရမယ်။ ကိုယ်မေ့တတ်တဲ့အဖြစ်တွေကို ရေးမလို့ စိတ်ကူးနေတာကြာလှပေါ့...
း-)

SHWE ZIN U said...

ညီမ ဦးရီးတော် တို့မြို့လေးက မြန်မာပြည်က ရှမ်းပြည် နယ် မြို့လေး ကြနေတာဘဲ အေးချမ်းလိုက်တာ

မမေဓါ ချက်တဲ့ ဟင်းတွေက ကောင်းမဲ့ ပုံပါ အမြစ်ချက် အမ လည်းကြိုက်တယ် ဘုန်းဘုန်း ကပ်ဖို့ ဆိုတော့ ဘရိတ်အုပ် သွားတယ်


အာဂျင်တီးနား နိုင်ရမည် တဲ့ ရွှေစင်ဦးက

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အမောမပြေသေးဘူးလားလို့ မေးမလို့ရှိသေး တစ်ပတ်စာ ဒိုင်ယာရီမြင်သွားလို့ တော်သေး အမောပြေသွားပြီလို့ ဒါဆို အနော့်ဦးရီးတော် (အမရွှေစင်ဦးဖေဖေ)နဲ့မွေးနေ့တူတယ် မွေးနေ့ပို့စ်လေးတောင် အမရွှေစင်လည်း ရေးထားတယ် ဘောပွဲတွေကတော့ စောတဲ့ပွဲတွေကိုတော့ ကြည့်ဖြစ်တယ် ည၁နာရီပွဲတွေကတော့ မကြည့်ဖြစ်ဘူး

ခင်မင်စွာဖြင့်
seesein

နေ၀သန် said...

အစားအသောက်တွေကြည့်ပြီး စားချင်သွားတယ်...။ ဂလု


ခင်မင်တဲ့
နေ၀သန်

မေဓာဝီ said...

ကျေးဇူးပါ ကိုအောင်ရေ ... ကျမက အားနာနေတာ။ ကိုအောင် တဂ်ကို ပို့စ်တခုအနေနဲ့ ရေးဖို့ စ-ထားပြီးသား။ ခုလိုလေး ရေးလိုက်ရတာ အဟုတ် စိတ်မကောင်းဘူး။

နန္ဒာရေ ... နန္ဒာလဲ ရေးပါ။ အမဦးသွားပေမဲ့ နန္ဒာ့ဒိုင်ယာရီလဲ ဖတ်ချင်ပါတယ်။

ညီမ မြို့နတ် (မြတ်နိုး) ... အမကတော့ ၀က်နှုတ်ခမ်း လုပ်လို့ မဖြစ်ဘူး။ ဆူလဲ တဟဲဟဲ ပဲ ရယ်နေရတယ်။ ဘ၀ .. ဘ၀ ... ။

မစု ... မစု မေ့တတ်တဲ့ အကြောင်းလေးလဲ ရေးပါအုံး။ အဖော်ရတာပေါ့။ အသက်ကြီးတော့ သတိတွေက မကောင်းတော့ဘူး မစုရေ ... ဇရာ .. ဇရာ ... ။

မရွှေစင် ... ဘုန်းကြီးကျောင်းသားလုပ်ရင်တော့ ဘုန်းကြီးပွဲ စားရမယ်နော်။ :P ကျမတော့ အာဂျင်တီးနားကို ကြိုက်သော်လည်း မာရာဒိုနာ သဲသဲလှုပ်လွန်းလို့ နည်းနည်း အမြင်ကပ်နေတာ။ ဒါကြောင့် ဘရာဇီးမှ ဘရာဇီးပဲ .. ဟဲဟဲ။

မစည်းစိမ် ဦးရီးတော်နဲ့ ကျမဦးရီးတော် မွေးနေ့တူတယ်ဆိုတော့ တိုက်ဆိုင်တယ်နော်။ ဒါနဲ့ မရွှေစင်ရေးထားတဲ့ မွေးနေ့ပို့စ် မတွေ့ဘူးတော့ ... ဘယ်နားမှာရေးထားပါလိမ့်။ အဟောင်းတွေ ပြန်မွှေအုံးမှ။

နေ၀သန် ... လာဖတ်တာ ကျေးဇူးတင်တယ်နော်။ နောက်တခါလာရင် သွားရည်ခံလေး ယူခဲ့။ :)

အားလုံးပဲ ကျေးဇူးတင်ပါတယ်။

ကိုအောင် said...

မုန့်ပေါင်းမေးပေးမယ်လို့ သိရလို့ ကျေးဇူးဗျာ၊ ကျနော်
က ဘာမှ မချက်တတ်ဘူး၊ မဟေသီ ချက်ကျွေးတာပဲ
ထိုင်စားနေတာ ....းP

ကြည်ဖြူပိုင် said...

ဟင်းချက်တော်တော်ကောင်းတာပဲ
စားချင်စရာ...
:))))
ဘုန်းဘုန်းတို့ဘုန်းပေးအပြီးဝင်တွယ်သွားတယ်
အဟဲ
:D

sosegado said...

ကုသိုလ်တွေ အတွက် သာဓုခေါ်မိပါတယ်၊
တပတ်အတွင်း ဟိုရောက် ဒီရောက် ဒိုင်ယာရီလေးက ဖတ်ကောင်းပါတယ်၊

သက်ဝေ said...

လာလည်တယ် ညီမရေ...
ဓါတ်ပုံလေးတွေ လှတယ်...
တပတ်စာ ဒိုင်ယာရီလေးက ပျော်စရာလေး...
ပြီးတော့ ချမ်းမြေ့ ဆရာတော်ကိုလဲ ဖူးသွားတယ်...။

စူးနွယ်လေး said...

အာဂျင်တီးနားကို အားပေးတယ်...ချန်ပီယံဖြစ်မယ်ထင်လို့..ဟိဟိ

ဏီလင်းညို said...

မမေရေ.......

ဆွမ်းကပ်ဖို့ကြော်ထားတယ်ဆိုတဲ့ အထဲက ပဲကြော်ကို ငမ်းသွားတယ်.....း)
အဲ့ဒီလိုဟာမျိုး မစားရတာ အားကြီးကြာခဲ့ပြီ.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို