Sunday, March 29, 2009

ဟောင်းနွမ်းသွားသော မနက်ခင်း

မနက်ခင်းဟာ …
တနာရီစောပြီး
လောကကြီးထဲ ရောက်လာတယ်။

မှိုတက်နေတဲ့ အိပ်မက်အသိုးနဲ့
နိုးထတဲ့အချိန်မှာ
နေရောင်ခြည်ဟာ နှုတ်ဆက် …
“မင်္ဂလာနံနက် ဖြစ်ပါစေ” … တဲ့။

မျက်နှာသစ်ပြီးပေမဲ့ …
သစ်မသွားတဲ့ ဒီမျက်နှာ
တကယ်တော့ ဟောင်းသွားတာပါလား …
စဉ်းစားနေမိတယ်။

လက်ဖက်ရည်တခွက် ပေါင်မုန့်နှစ်ယှက်
မနက်စာအာဟာရ
စားရတာ စိတ်မပါလှဘဲ
ပဲပြုတ်ပူပူ ထမင်းဖြူ ဆီဆမ်းနဲ့
ရေနွေးကြမ်းကိုသာ တမ်းတမိပါရဲ့။

ဗုဒ္ဓရှေ့မှောက်
သောက်တော်ရေချမ်းနဲ့
ဆွမ်းတော်ကပ်ကာ
ရိုသေစွာရှိခိုး
အပြစ်တွေ အမျိုးမျိုး
ပျောက်ပါစေခြင်းအကျိုးငှာပေါ့ … ။

တကယ်တော့လည်း
အပြစ်တွေနဲ့ ညစ်ပေခဲ့တဲ့ နာရီများစွာကို
နောက်ကိုသာ ပြန်ရွှေ့ချင်သား …
ခြစားနေတဲ့ ဦးနှောက်
ဖောက်ပြန်နေတဲ့ စိတ်ဓာတ်
ပျက်ယွင်းနေတဲ့ သီလ
မညီမျှတဲ့ အတွေး
အေးခဲနေတဲ့ … နှလုံးသား …
ကောင်းတာဘာများ ရှိခဲ့လို့လဲ … ။

အချိန်ပေါင်းများစွာ
တင်လာခဲ့တဲ့ အပြစ်တွေအတွက်
မနက်ခင်းမှာ
ငါးမိနစ်သာသာလောက်
ဘုရားရှေ့ ဒူးထောက်ရုံနဲ့
အပြစ်တွေအကုန် ပျောက်သွားမှာတဲ့လား …
ကြိုးစားတော့ကြည့်ချင်သားလေ … ။

နေရယ် … လ ရယ် … ကမ္ဘာကြီးရယ်
နာရီတွေ ရာသီတွေရယ် …
အရာရာ ပြောင်းလဲ နေကြတယ် ... ။

ပြောင်းလဲခြင်းတွေမှာ သာယာလို့
ကိုယ်တိုင်ပါ လိုက်ပြောင်းလဲ
သံသရာစက်ဝိုင်းထဲက
ရုန်းထွက်လွတ်မြောက်ဖို့ထက်
တပတ်ပြီးတပတ်
ဆက်လက် လည်ပတ်ဖို့ကိုသာ
စိတ်ပါနေသူ …
ထိုသူရဲ့ မနက်ခင်း
သက်ပြင်းများစွာနဲ့
ခပ်ယဲ့ယဲ့ဖွင့်လှစ်
နေ့သစ်တခုပြောင်းပေမဲ့ …
မကြာခင်ပဲ ဟောင်းသွားလေတော့မယ် … ။ … ။
***
မေဓာဝီ
၂၉၊ မတ်၊ ၂၀၀၉
၁၂း၂၂ နာရီ

7 comments:

Anonymous said...

ပြောင်းလွဲခြင်း အဖုံဖုံကို ခင်မင်စုံမက် သောက်လေသောက်လေ ငက်မပြေတက်တာ
ပင်လယ်ရေ (ဆားငန်ရေ) ရဲ့သတ္တိပဲလေ။

ပဲပြုတ် ပူပူ ထမင်းဖြူဖြူကို တမ်းတပေမဲ့ ပေါင်မုံနှစ်ချက်က အုကင်သူရဲ့ အသက်ရှင်ရေး လတ်တွေ့ ဖြည့်ဆည်းပေးနေပြီပဲ။

ဘုရားရှိခိုးတာ အပြစ်ဖြေတဲ့ ကုလိုလ်ပါဘဲ။

သီလနဲ့ စိတ်ဓါတ်ကို
ဆား ငန်ရည် စိမ်လိုက်တော့
သူတို့ အရောင်ပြောင်းသပေါ့။

မညီမျှတဲ့ အတွေးဟာ
တစ်ကိုယ်တော်များရဲု့ကင်ယာတော်။

နှစ်လုံးသား အေးနေပေမဲ့
သွေးတွေတော့ ဆူနေလျှက်ပါ။ (မသေနိုင်ပါဘူး)

အပြစ်တွေတွေးပြီး
အပြစ်တွေ ထပ်မနေပဲ။

ုကိုးစား ချင်စိတ်
မှိန်တုပ်တုပ်ုကယ်လေးတစ်လုံးကို မြင်သေးတဲ့ သူ လူတော်ပဲ။

နေ လ ကမ္ဘာ အရာရာ
ပြောင်းလဲ ဘို့အတွက် ဖြစ်နေတာပါ။

ပြောင်းလဲချင်းကို ခုန်မင်နေသလို ဖြစ်နေသမျှ...
မပူပါနဲ့
သူက ကူညီပါလိမ့်မည်။

ပင်လယ်ဆိုတဲ့ ဆားငန်ရည်တွေ မခမ်းသ၍...ပေါ့

Ko Paw said...

“မျက်နှာသစ်ပြီးပေမဲ့ …
သစ်မသွားတဲ့ ဒီမျက်နှာ
တကယ်တော့ ဟောင်းသွားတာပါလား …”

ဆဲလ်အသစ်တွေနဲ့ သစ်နေပါသေးတယ် ဆရာမရယ်။
လူတယောက်ဟာ မြစ်တစင်းထဲကို ဘယ်နည်းနဲ့မှ နှစ်ကြိမ်ပြန်မဆင်းနိုင်ဆိုသလိုပေါ့။
သံသရာကနေလွတ်မြောက်နိုင်မှပဲ အသစ်အသစ်ဖြစ်နေတာတွေ ရပ်သွားမှာ ဟုတ်ဘူးလား။

Maydarwii said...

ကိုပေါရေ ... ကျမက ဇရာရဲ့ သဘောကို ပြောလိုတာပါရှင်။
မှတ်ချက်အတွက် ကျေးဇူးပါ။

Nyein Chan Aung said...

မျက်နှာသစ်ပြီးပေမဲ့ …
သစ်မသွားတဲ့ ဒီမျက်နှာ
တကယ်တော့ ဟောင်းသွားတာပါလား …
စဉ်းစားနေမိတယ်။

ဒီအပိုဒ် ကြိုက်တယ်။

တန်ခူး said...

တို့ မနက်ခင်းတွေကလဲ မေ့လိုပါပဲလား မေရေ…

ကိုလူထွေး said...

ကဗျာလေး တော်တော်ကြိုက်တယ်...

တသက်လုံးပြုခဲ့မိတဲ့ အမှားတွေပျောက်ဖို့ ဘုရားရှေ့မှောက် ဝပ်တွားလိုက်ရုံနဲ့ မပျောက်ဘူးဆိုတဲ့ ဆုံးမစကားလေးကိုလဲ ကြိုက်တယ်...

းဝ)

စာအုပ်စာပေကို လေးစားချစ်ခင်မြတ်နိုးသူများကို အသိပေးအပ်ပါတယ် said...

ကဗျာတွေလာဖတ်သွားပါတယ်၊ သိပ်ကောင်းတယ် သိပ်လည်းဗဟုသုတရပါတယ်၊ ဒီလိုကဗျာတွေ ကျွန်တော်လည်း သိပ်ကြိုက်ပါတယ်၊ နောက်လည်း တင်ပေးဖို့ တောင်းဆိုပါတယ်၊ ဂါထာ၆၀ပျို့ကို လျဉ်းသင့်သလို တင်ပေးစေချင်ပါတယ်၊ နဂိုက ကြားသာကြားဖူးတာပါ၊ အခုတော့ဖတ်လိုက်ရတယ်၊ သိပ်ကောင်းတာပဲ၊ အားပေးနေပါတယ်။