Thursday, April 03, 2008

နေ့တာ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မတ်လ -၃၀) ကစပြီး နာရီတွေ ၁-နာရီ ရှေ့တိုးရပါတယ်။ ဒီကိုရောက်ခါစတုန်းက ၁-နာရီ နောက်ဆုတ်ခဲ့ရသေးတယ်၊ အခု ၁-နာရီ ရှေ့ပြန်တိုးရပြန်ပါပြီ။ ၁-နာရီ ရှေ့တိုးရတော့ အိပ်ရာက ၁-နာရီ စောပြီး ထရတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်အချိန်ထဲကတော့ အရှုံးမခံနိုင်တာမို့ ၁-နာရီ စောမထခင် ညက ၁-နာရီ စောပြီး အိပ်လိုက်တယ်။ အဲဒီလို နာရီတွေ ၁-နာရီ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေရတာ စိတ်ရှုပ်စရာပဲလို့ အစကတော့ ထင်ခဲ့မိပါရဲ့။ ကိုယ့်တိုင်း ကိုယ့်ပြည်မှာက ဒါမျိုးမှ မလုပ်ရဘဲကိုး။ ဒါပေမဲ့ ...သေချာစဉ်းစားကြည့်တော့လည်း .... ။
***
နာရီကို တနာရီ ရှေ့တိုးရခြင်းအကြောင်းရင်းက နေထွက်ချိန် စောလာလို့ ပါပဲ။ နွေရာသီကို ၀င်ပြီဆိုကတည်းက နေထွက်ချိန်စောပြီး နေ၀င်ချိန် နောက်ကျ လာပါပြီ။ နေထွက်ချိန်ကစပြီး နေ၀င်ချိန်ထိ "နေ့"လို့ သတ်မှတ်ထားကြတာမို့ ဒီရာသီမှာ နေ့တနေ့ရဲ့ ကြာချိန် တနည်းအားဖြင့် "နေ့တာ" ဟာ တဖြည်းဖြည်းနဲ့ အချိန်ပို ရှည်လျားလာပါတယ်။ နေရဲ့ ရောင်ခြည်တွေဟာလည်း ပိုပြီး နွေးထွေးလို့ လာပါတယ်။ ဆောင်းတွင်းတတွင်းလုံး မရှင်သန်နိုင်ရှာတဲ့ ပန်းပင်ကလေးတွေလည်း ပြန်လည် ရှင်သန်ပြီး ပွင့်လန်း လာကြပါပြီ။
အရိုးပြိုင်းပြိုင်းနဲ့ အပင်တွေမှာလည်း ရွက်နုသစ်ကလေးတွေ အစီအရီ ထွက်လို့ လာပါပြီ။

ကိုးတန်းတုန်းက အင်္ဂလိပ်စာမှာ သင်ခဲ့ရဖူးတဲ့ Willam Wordsworth ရဲ့ Daffodils ကဗျာထဲက ဒက်ဖိုဒေးလ် ပန်းလေးတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးပြီ။ မြင်ဖူးရုံမက ခူးပြီး ဘုရားကို ကပ်လှူခွင့် ရခဲ့ဖူးပြီ။

တဆောင်းလုံး သေနေတဲ့ ခြံထောင့်က နှင်းဆီပင်ကလေးလည်း နီတျာတျာ ရွက်နုလေးတွေ ထွက်ပြီး ပြန်လည် ရှင်သန်လာပါပြီ။ အိမ်ထဲမှာ စိုက်ထားတဲ့ ဗောဓိညောင် အပင်ပွားကလေးတောင် အရွက်သစ်ကလေးတွေ ပြူတစ် ပြူတစ် ထွက်စပြုလို့။

ဒီရာသီမှာ ကြည့်လေရာရာ ပန်းကလေးတွေနဲ့ လှပပြီး စိတ်ချမ်းမြေ့စရာ ကောင်းပါတယ်။ အေးစက်ပြီး မှောင်မိုက်တဲ့ ကာလရှည်ကြီး လွန်မြောက်သွားပြီမို့ အရာရာ သာယာ နေသလိုပဲ ထင်မိတယ်။

အေးတဲ့ဒေသမို့ နွေးထွေးမှုကို လူတွေက ပိုပြီး လိုလားကြပါတယ်။ လျှပ်စစ်မီးတွေ၊ အပူပေးစက်တွေ ဘယ်လောက်ပဲ ရှိပေမယ့် နေရောင်ခြည်ကို တန်ဖိုးထားကြတယ်။ နေရဲ့ အနွေးဓာတ်ကို နှစ်သက် မြတ်နိုးကြတယ်။ ဒါကြောင့်လည်း နေရဲ့ အလင်းရောင်ကို လေးစားတဲ့ အနေနဲ့ နာရီတွေကို ပြောင်းလဲပေးတာလို့ ထင်မိပါတယ်။ တနည်းအားဖြင့် သဘာဝကို အလေးထားခြင်းပဲလို့ ယူဆမိပါတယ်။ ဒီလို စဉ်းစားမိတော့လည်း နေမင်းကြီးရဲ့ အလင်းရောင်နဲ့ လိုက်လျောညီထွေစွာ နာရီတွေ အပြောင်းအလဲ လုပ်ရတာကို မငြူစူမိတော့ဘဲ ကျေကျေနပ်နပ် ဖြစ်သွားပါတော့တယ်။
***

မေဓာဝီ
၃၊ ဧပြီ၊ ၂၀၀၈
၁၁း၄၁ နာရီ

5 comments:

ကလိုစေးထူး said...

မမေ…အခုလို သရုပ်ဖော်ပို့စ်လေးတွေ မရေးတာ တော်တော်လေးကို ကြာပြီပဲ။ ကျနော်လဲ အဲလို ပုံပြပို့စ်လေးတွေ မတင်တာ ကြာပြီ။ ကျနော်တို့ဆီမှာတော့ အချိန်တွေကို ရှေ့တိုးတာ လွန်ခဲ့တဲ့ လကတည်းကလေ။ ဒါပေမယ့် မမေဆီက ပုံတွေကို ကြည့်ရတာက အဲဒီမှာ ပိုပြီး စိမ်းလန်းတာ မြန်သလိုပဲ။ ဒီမှာတော့ အခုအချိန်ထိ အဖူးလေး တဖူးနှစ်ဖူး၊ တငုံနှစ်ငုံ ပဲ ရှိသေးတယ်။ ဒီကြားထဲ နှင်းကလဲ မပြတ်ချင်သေးဘူး။ အခုအချိန်မှာတော့ ဒီမှာ လူတွေ သိပ်ပျော်တဲ့ နေ့ ရှိတယ်ဗျ။ အဲဒါက နေသာတဲ့နေ့လေ။ နေရောင်လေး တ၀င်းဝင်းနဲ့ ပတ်ဝန်းကျင်ကိုတွေ့လိုက်ရင် လူတွေက ‘Beautiful Day’ လို့ပြောတော့တာပဲ။

ပြည့်စုံ said...

မမရေ...

နေ့သစ်တွေအတွက်... အချိန်သစ်တွေအတွက်...
နှစ်သစ်တွေအတွက်... ပိတောက်တွေနဲ့အတူ... ဝေဆာလန်းဆန်းနိုင်ပါစေ မမရေ...

My Wonderful Moral Thoughts said...

Ma Ma..,

I came and read your posts from time to time. Never leave the comment b4 as well as not messages that you dont have Cbox.

Keep it up and nice to know you. I'd like to invite you back. Thanks..,

Soe Mya Nandar Thet Lwin

တန်ခူး said...

မေရေ...ဒက်ဖိုဒေးလ် ပန်းလေးတွေကချစ်စရာနော်။ လှပလန်းဆန်းတဲ့ နေရောင်အောက်မှာ မေတယောက် ပန်းလေးလို လန်းဆန်းအေးမြပါစေလို့။

Anonymous said...

Ama,

Happy Myanmar New Year!!

nyima