Sunday, December 27, 2009

နှစ်သစ်ကို ဘယ်လိုကူးပြောင်းမလဲ

တနှစ်ဟောင်း၍ နှစ်သစ်ပြောင်းလုပြီ။
နှစ်သစ်ကို ဘယ်လိုကူးပြောင်းမလဲဟု မိမိကိုယ်ကို မေးကြည့်မိ၏။
ကမ္ဘာတလွှားက ထိုထိုသူများရော ဘယ်လိုကူးပြောင်းကြလေမလဲ တွေးကြည့်မိ၏။

သဘာဝအလျောက် ပြောင်းလဲ နေသည့် ဖြစ်ပျက် အစဉ်တွေကို လူတွေက နာရီ နေ့-ည၊ ရက်-လ-နှစ်များနှင့် ဥတု ရာသီများ အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုသတ်မှတ်မှုများကိုလည်း ခေတ်အဆက်ဆက် လက်ခံခဲ့ကြသည်။ လောကမှ မလွန်မြောက်နိုင်သေးခင်တော့ လောက၏ သတ်မှတ်ချက်များကို လက်သင့်ခံရမည် မဟုတ်လား။ ဒီတော့လည်း နေ့ဟောင်း နေ့သစ်၊ လဟောင်း လသစ်၊ နှစ်ဟောင်း နှစ်သစ် ပြောင်းလဲ ဖြစ်စဉ်တွေကို အများနည်းတူ လက်ခံကြိုဆိုရမည်ပင်။

တကယ်တမ်းတော့ အဟောင်း အသစ် ပြောင်းလဲ ဖြစ်စဉ်ဟူသည် ဖြစ်-ပျက် သဘောမျှသာ။ သို့သော်လည်း ဤဖြစ်စဉ် အခိုက်အတန့်လေးမျှကို လူတွေက တခုတ်တရ အရေးလုပ်နေကြသည်။ ပျော်ပွဲသဘင်များ ဆင်ယင်ကျင်းပကြသည်။ မီးရှူးမီးပန်းများ လေထဲပစ်ဖောက်ကြသည်။ ထိုသို့ပြုလုပ်ကျင်းပရန် ကုန်ကျမည့် ငွေကြေးတွေကို အမှောင်ထဲက ကလေးငယ်များ၊ သေရာညောင်စောင်းထက် လဲလျောင်းနေကြသည့် မမာသည်များ၊ ကပ်သုံးပါး၏ ဒုက္ခသည်များကို ထောက်ပံ့ပေးကမ်း လှူဒါန်းပါမူ မည်မျှ အကျိုးများစေမည်လဲ။

အချိန်တို့သည် လူတို့မသတ်မှတ်ထားလျှင်လည်း ပြောင်းလဲနေမည်ပင် ဖြစ်သလို လူတို့ ပွဲလမ်းသဘင် မကျင်းပလျှင်လည်း ကုန်ဆုံးနေမည်ပင် ဖြစ်သည်။ တနှစ်ပြီးတနှစ်ဖြင့် အချိန်တွေက မသိလိုက်ဘာသာ တရွေ့ရွေ့ အကုန်မြန်လွန်းသည်။ လွန်ခဲ့သည့် ဆယ်နှစ်က ကြုံခဲ့ရသည့် ထောင်စုနှစ် အပြောင်းက သိပ်မကြာသေးဟု ထင်ရချိန်မှာ ယခု ဆယ်စုနှစ်ထပ်မံ ပြောင်းလဲ ပြန်ပြီ။ ထိုဆယ်စုနှစ်အတွင်း ဘာတွေထူးခြားစွာ ပြောင်းလဲ သွားပါသလဲ။

လူတွေ ဆယ်နှစ်စာ ပို၍ အိုမင်းလာကြသလို အကုသိုလ်တွေ ဆယ်နှစ်စာ ပိုမို များပြားလာကြလေသလား …
နည်းပညာတွေ ဆယ်နှစ်စာ တိုးတက်လာကြသလို စစ်လက်နက်တွေ ဆယ်နှစ်စာ ပိုမို ဖြစ်ထွန်းလာကြလေသလား …
ဆေးပညာတွေ ဆယ်နှစ်စာ တိုးတက်ကောင်းမွန် လာကြသလို ရောဂါဘယတွေနဲ့ မမာသည်တွေ ဆယ်နှစ်စာ ပိုမိုများပြား လာကြလေသလား …
လောဘ ဒေါသ မောဟ သားကောင်တွေ၊ အတ္တသမားတွေကို တချိန်လုံး ထမ်းပိုးထားရသည့် ကမ္ဘာကြီးလည်း ပူနွေးလိုက် ချမ်းအေးလိုက် အတွင်းလှိုက်စားသည့် ဒဏ်ရာဒဏ်ချက်များစွာဖြင့် ခပ်ယဲ့ယဲ့ ဖြစ်၍နေပြီ။

စေ့စေ့တွေးကြည့်လျှင် မတည်မြဲသည့် ဘ၀တွေက ထိတ်လန့်စရာ၊ တုန်လှုပ်စရာ၊ သံဝေဂရစရာပင်။ တနှစ်ကုန်ဆုံးလုချိန်မှာ ပြုခဲ့သည့် ကောင်းမှုတွေနှင့် မကောင်းမှုတွေကို ချိန်စက်ကြည့်လျှင် မည်သည့်ဘက်ကို ချိန်ခွင်လျှာပိုမလဲဟု တွေးမိသည်။ သေချာသည်ကတော့ မရည်ရွယ်ဘဲ ပြုမိမှားသည့် မကောင်းမှုတွေ ဒုနဲ့ဒေး ဖြစ်နိုင်ပါသည်။ ကုသိုလ်ဆိုသည်ကတော့ တမင်တကာလုပ်ယူမှ ရသည်မဟုတ်လား။ ထို့ကြောင့်ပင် နှစ်သစ်အကူးအပြောင်း ကာလမှာတော့ အလိုလို တိုးပွါးနေမည့် အကုသိုလ်များကို ခဏ ရပ်တံ့ကာ ကုသိုလ်ကောင်းမှုများပြုရင်း ကူးပြောင်းရလျှင် မကောင်းပေဘူးလား။

သို့ဖြစ်လျှင် နှစ်သစ်ကို မည်သို့ကူးပြောင်းရမလဲ ... ။

တချို့က … သောက်စား မူးယစ်ရင်း နှစ်သစ်ကူးညကို ကူးပြောင်းကုန်ဆုံးကြလိမ့်မည်။
တချို့လည်း … ရောက်လာတော့မည့် နှစ်သစ်ကို နံပါတ် ပြောင်းပြန်ရေတွက်ရင်း ပျော်ရွှင်စွာ အော်ဟစ် ကူးပြောင်းကြလိမ့်မည်။
တချို့ကတော့ … မိမိချစ်သူ ခင်သူများနှင့် အတူ စားသောက်ရင်း စကားစမြည် ပြောဆိုရင်း နှစ်သစ်ကို ကြိုဆိုကြလိမ့်မည်။
တချို့က စာဖတ်ရင်း ... တချို့က သီချင်းနားထောင်ရင်း ... တချို့က ရုပ်ရှင်ကြည့်ရင်း ... နှစ်သစ်ကူးပြောင်းကြလိမ့်မည်။
တချို့ကလည်း … မေ့မေ့လျော့လျော့ အိပ်စက် နားနေရင်း နှစ်သစ်ကူးပြောင်းမှန်းမသိ ကူးပြောင်းသွားကြလိမ့်မည်။
တချို့ကတော့ … ဆုတောင်းမေတ္တာပို့သ-ရင်း အလှူဒါနပြုကြရင်း နှစ်သစ်ကို မင်္ဂလာရှိစွာ ကူးပြောင်း ကြိုဆိုကြလိမ့်မည်။
... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ...
သင်ရော … နှစ်သစ်ကို မည်သို့ မည်ပုံ ကူးပြောင်းလိုပါသလဲ။
***
မေဓာဝီ
၂၆၊ ဒီဇင်ဘာ၊ ၂၀၀၉
၂၃း၄၂ နာရီ

8 comments:

Mhu Darye said...

。° 。 ° 。˚ ˛ • ˚ ˚ ˛ MERRY 。 • ˚ ˚ ˛ ˚ ˛ • • 。CHRiSTMAS 。 。° 。 ° ˛ ˚ ˛ Π___ 。 ˚ ˚ ˛ ˚ ˛ •˛ •˚ /_____/ \。˚ ˚ ˛ ˚ ˛ •˛ •˚ | 田田|門| ˚ ˛ ˚ ˛ • Merry Christmas and a Happy 2010 New Year

ပျော်ရွှင်စွာပဲ ဖြတ်သန်းကြတာပေါ့ အမ...း)

ဂျူနို said...

နှယူးရီးယားမှာ အလုပ်လုပ်ရင်းလည်း ကြိုဖူးတယ်။ ကလေးလည်း မွေးပေးဖူးတယ်။ ခွဲခန်းထဲလည်း ရောက်နေဖူးတယ်။ သောက်စားပြီးလည်း ကြိုဖူးတယ်။ ဒီနှစ်တော့ မြစ်ကမ်းဘေးမှာ အများနဲ့အတူ မီးပန်းတွေ သွားကြည့်ရင်း နှစ်သစ်ကြိုမယ် စိတ်ကူးတယ်။


မအယ်

ကိုအောင် said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

Nge Naing said...

အရင်တနှစ်ကတော့ TV မှာ live Show ကနေ ဆစ်ဒနီ Hobour Bridge မှာ မီးပန်းဖေါက်တာကို ကြည့်ပြီး ကြိုတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ မြေနည်းနည်းမြင့်တဲ့ ကုန်းပေါ်ကနေ မြို့ထဲမှာ မီးပန်းဖေါက်တာကို အဝေးကနေလှမ်းကြည့်ခဲ့တယ်။ အခုဒီနှစ်တော့ မြို့ထဲသွားပြီး မီးပန်းဖေါက်တဲ့ နေရာကို သွားကြည့်မယ်လို့ စဉ်းစားထားပါတယ်။ ဆုတောင်းတာကတော့ မနက်မိုးလင်းမှ ဆုတောင်းပါတယ်။

ကိုလူထွေး said...

“ကပ်သုံးပါး၏ ဒုက္ခသည်များကို ထောက်ပံ့ပေးကမ်း လှူဒါန်းပါမူ မည်မျှ အကျိုးများစေမည်လဲ“

အဲလိုလည်း စဉ်းစားခဲ့ဖူးတယ်...

စီးပွားရေးရှုထောင့်ကကြည့်ရင် ပိုက်ဆံရှိသူတွေ အဲလိုသုံးဖြုန်းပစ်မှလည်း ဒီငွေတွေက လည်ပတ်မှုရှိပြီး ဆင်းရဲသူတွေဆီ ပြန်စီးဆင်းသွားတာမို့ ဖြုန်းနိုင်သူတွေ ဖြုန်းကြပါစေလေ...

းဝ)

မြစ်ကျိုးအင်း said...

နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိင်ဖို့ ကြိုးစား နေပါတယ်ဗျာ ။ အတည်ဖြစ်သွားရင်တော့ လာဖိတ်ခေါ်ပါ့မယ်။ ခုထိတော့ ပြီးနိင်ပါ့မလား ကြိုးစားနေရသေးတယ်။

ကလူသစ် said...

ကလူသစ်က မပြောင်းပါဘူး။ သူကသာ သူ့ဘာသာပြောင်းပြောင်းသွားတာ :(

ကိုပေါက်စ said...

ကျွန်တော်ပြောချင်တာတွေ ကိုထပ်တူနီးပါးတွေ့လိုက်ရလို့
အရမ်းကို အားရ ၀မ်းသာမိပါတယ်။
( စိတ်ထဲမှာရှိနေပြီး၊လက်က ချကိုမရေးဖြစ်တာ )