Tuesday, December 15, 2009

သွေ့ ...

နေ့ …
တရွေ့ရွေ့ပြောင်း
ရာသီဟောင်းလည်း
မပြောင်းလဲတမ်း
လွမ်းမြဲလွမ်း၍
အလွမ်းတွေပြည့်
ထိုတနေ့ … ။

ဝေ့ …
မြူးမြူးကွေ့ကွေ့
လေရူးဝှေ့သော်
ပင်ယံပေါ်မှ
ဝါရော်ရင့်ဟောင်း

ရွက်ညောင်းကြွေ၍
မြေမှာဝေ့ … ။

ငွေ့ …

မတွေ့မမြင်
နှစ်ကိုယ်ယှဉ်ကာ
ကိုယ်ထင်မပြ
မကြင်ရလဲ

ရင်မှာစွဲမွေ့
သူ့ကိုယ်ငွေ့ … ။

သွေ့ …
နေ့နေ့ညည
မေ့ဖျောက်ရခက်
ပင့်သက်ရှိုက်ငင်
ငိုချင်ပြီလား
ထိမ်းသိမ်းထားရင်း
ရင်တွင်းမောလျ
သောကပူ၍
ပန်းတွေသွေ့ … ။ … ။
***
မေဓာဝီ
၁၅၊ ဒီဇင်ဘာ၊ ၂၀၀၉
၉း၂၀ နာရီ

10 comments:

ကိုအောင် said...

ပျောက်လှချည့်လား အန်တီ၊ ကျောင်းစာတွေနဲ့
အလုပ်ရှုပ်နေတယ် မှတ်တယ် ...း)

Ko Min Htet said...

အဟဲ အလွမ်းတွေရင်ထဲ ၀င်လာတော့မှပဲ သူ့ဘလော့မှာ စာမြင်ရတော့တယ်။

အလွမ်းကမ္ဘာမှာ
အလွမ်းတွေ ချမ်းသာစေဖို့
အလွမ်းမေအတွက် ဆုတောင်း
အလွမ်းရက်တွေ မပြောင်းပါစေနဲ့
အလွမ်းနေ့တွေ မဟောင်းပါစေနဲ့ လို့

မေဓာဝီ said...

စာမေးပွဲရှိနေလို့ ဘလော့မှာ စာမတင်တာပါရှင်။
ဒီအတောအတွင်း ရေးဖြစ်တဲ့ ကဗျာတွေ ဘေးနားက ဆိုဒ်ဘားမှာ တင်ထားပါတယ်။ ပို့စ်အနေနဲ့ တရားဝင် တင်လို့မဖြစ်လို့ ဘေးနားမှာ တင်ထားရတာ။ မနေ့က စာမေးပွဲပြီးလို့ ပို့စ်အနေနဲ့ တင်လိုက်ကြောင်းပါ။ :)
ကျေးဇူးတင်ပါ၏။

ဂျူနို said...

ဟာမေဓာဝီ
ပြောက်နေတာ ကြာပြီပဲ။
ဒီကဗျာနဲ့ ဘာမှ မဆိုင်တာလေး မေးချင်တာပါ။ ညီမပို့စ်ထဲမှာ မေဓာဝီ ရဲ့ အနက်ကို ရေးထားတဲ့ ညီမ ဖေဖေ ညီမ မေမေကို ရေးတဲ့ စာလေး ရှိတယ်လေ။ မအယ်ကို လင့်ခ် ပြန်ပေးပါလား။ လိုက်ရှာနေတာ ကြာပြီ၊ ပြန်ဖတ်ချင်လို့ ပါ၊ ပို့စ်တွေထဲ ပြန်ရှာတာ မူးနေပြီ။ :)))



ကျေးဇူးပါ။


မအယ်

မေဓာဝီ said...

ဒီနေရာမှာဖတ်လို့ရပါတယ် မအယ် ...
http://maydar-wii.blogspot.com/2007/02/blog-post.html

ရှာရလို့ မောသွားတာ ဆောရီးနော်။
စာလာဖတ်တာ ကျေးဇူးပါ။

ရေတမာ said...

အမရေ စာမေးပွဲဖြေနိုင်လား။ စာတွေ ပြန်တွေ့ရတော့ ၀မ်းသာပါတယ်။ ကဗျာက သွေ့ခြောက်လိုက်တာ။ (အခုလို စပ်ထားတာလေး မျက်စိထဲမှာ လှနေတယ်လို့ မြင်တယ်) မေတ္တာရေစင်တွေ သွန်းလောင်းပေးပါတယ် အမရေ။

Nge Naing said...

ကဗျာလာဖတ်သွားတယ် ပျောက်နေတာ ကြာပြီနော့်။ စာမေးပွဲ ဖြေနိုင်လား။

မေဓာဝီ said...

စာမေးပွဲက ဖြေတော့ ဖြေလိုက်တာပဲ ရေတမာနဲ့ မငယ်နိုင်ရေ .. အောင်စာရင်းကို ရင်ခုန်မျှော်လင့်ရအုံးမယ်။
စာလာဖတ်တာ ကျေးဇူးပါ။

yangonthar said...

အစ်မမေ.... ကဗျာကို မနေ့ က ဖတ်ပြီးပြီဗျ မန့် မအားတာနဲ့  ခုပြန်လာမန့် တာ.... :) လောကွတ်တွေမလုပ်တော့ပါဘူးဗျာ အစ်မမေ ရဲ့  လက်ရာတွေကို ကောင်းလွန်းလို့  ကြိုက်ပြီးသားပဲနော ... ဒီကဗျာဖွဲ့ ပုံလေး ကတော့ ဒီတစ်ပုဒ်မှာ အထူးပေါ့ .... နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးမို့  အခါခါ ပြန်ဖတ် သွားတယ် အစ်မမေ
ကြိုးစားထားသမျှ အောင်မြင်ပါစေ
ခင်တဲ့
ရန်ကုန်သား :)

ကိုလူထွေး said...

ငွေ့ကြောင့်
သွေ့သွားရပုံကို
စေ့စေ့ဖတ်ရင်း
မြေ့မြေ့ ကြေကွဲရပါရဲ့...

းဝ)