Sunday, July 26, 2009

လက်ဖက်ရည် တေးထပ်များ ...

ကျမဘလော့ကို လာရောက် ဖတ်ရှုကြသူများ “မြန်မာရှေးစာဆိုတို့၏ ကဗျာများ” ပို့စ်တွေကို နှစ်သက်ကြလို့ ၀မ်းသာမိပါတယ်။ အဲဒီပို့စ်ရဲ့ ကိုးကားစာအုပ် “ကဗျာသင်္ဂဟမေဒနီ” က ဘာမင်ဂန်ဆရာတော် ဦးဥတ္တရဉာဏ ဆီက ခေတ္တငှားထားတဲ့ ရှားပါးစာအုပ်ဖြစ်တဲ့အပြင် ကျမကိုယ်တိုင်လဲ သိမ်းထားချင်၊ ၀ါသနာတူသူများကိုလဲ ဝေမျှချင်တာကြောင့် ခုလို ပြန်ရိုက်ပြီး တင်ရခြင်းပါပဲ။ တနေ့က အဖေနဲ့ စကားပြောဖြစ်ခိုက် အဲဒီစာအုပ် အဖေ့မှာ ရှိသေးလား မေးကြည့်တော့ တအုပ် ရှိဦးမယ်လို့ ပြောပါတယ်။ ရှိရင် ကျမဆီ ပို့ပေးဖို့ အဖေ့ကို ပူဆာရင်း တခြားကျမ လိုချင်တဲ့ တခြား စာအုပ်ကလေးတွေပါ မှာဖြစ်တယ်။ အဖေ့စာအုပ်တွေနဲ့ ဝေးနေတာကြာပြီမို့ ကျမ စာသိပ်ငတ်ပါတယ်။ အီးဘွတ်တွေ ရသလောက် စုဆောင်းထားပေမဲ့ အဖေ့စာအုပ်တွေလောက် မပြည့်စုံပါဘူး။ အရင်ကလို တခုခု သိချင်ရင် အဖေ့ကို မေး၊ အဖေညွှန်းတဲ့ စာအုပ်ကို ရှာဖတ်၊ ရေး … အဲဒီဘ၀မျိုးလေးကို အောက်မေ့ တသမိတယ်။

မနေ့က ကျမရဲ့ ပို့စ်မှာ ကိုမင်းထက်ရဲ့ ကွန်မန့်ဝင်လာတော့ ရုတ်တရက် အဖေနဲ့ အဖေ့စာအုပ်စင်ကို သတိရမိပြန်တယ်။ ကိုမင်းထက်က ကွန်မန့်ထဲမှာ ခုလို ရေးခဲ့တယ်။

ကျနော်ရှာနေတဲ့ အချုပ်တန်းဆရာဖေနဲ့ စလေဦးပုညရဲ့ ကဗျာတွေကို တွေ့လိုက်ရလို့ သိပ်ကို ကျေးဇူးတင်တယ်ဗျာ။ တကယ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် မန်လည်ဆရာတော်နဲ့ လယ်တီဆရာတော်တို့ရဲ့ လက်ဘက်ရည်တေးထပ်လေးတွေလဲ ပြန်ဖတ်ချင်ပါတယ်။ အဲဒါတွေလဲ တင်ပေးစေချင်ပါတယ်။ ကျေးဇူးပါဗျာ။
***
ကျမသိတဲ့ လက်ဖက်ရည် တေးထပ်ကတော့ …
လက်ဖက်ရည် အမြဲသောက်၊
ချွဲပျောက်လို့ ဆီးရွှင် …
ဆိုတာနဲ့ အစချီတဲ့ လယ်တီဆရာတော်ရဲ့ တေးထပ်ပါ။ ဒါပေမဲ့ အစအဆုံးလဲ အလွတ်မရဘူး။ မန်လည်ဆရာတော် တေးထပ်ကိုတော့ ကျမ မသိပါဘူး။ ဒါနဲ့ ကိုမင်းထက်ရဲ့ ဘလော့ကို လိုက်သွားပြီး အကျိုးအကြောင်း ပြောခဲ့တယ်။ ကျမလဲ အဲဒီတေးထပ်လေးတွေ ပြန်ဖတ်ချင် နေမိတာနဲ့ စိတ်ထဲမှာ ရှေ့တပတ် အဖေနဲ့ စကားပြောမှ မေးကြည့်မယ် လို့ တေးထားမိတယ်။

ဒီလိုနဲ့ မနေ့ညက အိပ်ခါနီးလေး ဂျီတော့ခ်ဝင်ခိုက် မြန်မာကဗျာ ဟင်းလေးအိုးကြီး ကိုဟယ်ရီနဲ့ ဆုံလို့ အဲဒီတေးထပ် ရှိလိုရှိငြား မေးကြည့်တော့ သူက ရှာကြည့်ပေးမယ်ပြောပြီး တမိနစ်အတွင်း ရှာပေးတာကြောင့် ကျမ အရမ်း ၀မ်းသာသွားသလို ကိုဟယ်ရီကို ကျေးဇူးလဲ သိပ်တင်မိတယ်။ ကျမ တခုခု သိချင်လို့ မေးလိုက်တိုင်း သူ့မှာ ရှိနေတာ ချည်းပါပဲ။ ဒါကြောင့်လဲ ဟင်းလေးအိုးကြီးလို့ ကျမက နာမည်တပ်မိတာပေါ့။ ကိုဟယ်ရီရှာပေးတဲ့ လက်ဖက်ရည် တေးထပ်လေးတွေ … ဖတ်ကြည့်ကြပါအုံး … ။
***
လက်ဖက်ရေ

လက်ဖက်ရေ မပြတ်သမျှ၊‎
မရည်တတ်မှန်သည်၊*‎
လာဘ်ရဖို့မကြံစည်၊‎
ကံနှစ်လီချွတ်ယွင်း၊‎
ကျိုးမရ ချိန်ပုပ်ကာ၊‎
အိမ်လုပ်မှာ တိုးလို့လစ်ဟင်း။‎
‎၀ိုင်းဖွဲ့၍ရီစရာ၊‎
‎၀စီမှာသိမ်ဖျင်း‎
မကြည်သာအိမ်တွင်းက၊‎
ကျိန်ဆဲရင်းနားပူ၊‎
သုံးစရာပိုက်ဆံပါးပြန်တော့၊‎
မယားက တိုးလို့သာဆူ။‎
မိုက်ဉာဏ်များတဲ့ အလကားလူရယ်၊‎
အခြားသူပြောဆိုကြသည့်၊‎
လောကနှင့်သံသရာ၊‎
ကျိုးမရှိပါ။‎
ကရားတလုံးနှင့်မခြားသုံးပါလျှင်၊‎
မယားမုန်းကာ ကွာတတ်ချည်ရဲ့လေး။‎

မန်လည်ဆရာတော်(တေးထပ်)‎
***
မန်လည်ဆရာတော်ရဲ့ တေးထပ်အစပိုင်း*က နည်းနည်းလွဲနေတယ် လို့ ကိုဟယ်ရီက ပြောပါတယ်။ ဟုတ်တယ် ... ဖတ်ကြည့်တော့လဲ လွဲနေသလိုပါပဲ။ အမှန်ကို သိသူများ ပြင်ပေးစေလိုပါတယ်ရှင်။ နောက်တပုဒ်ကတော့ လယ်တီဆရာတော်ရဲ့ တေးထပ်ပါ။ ကျမက လက်ဖက်ရည်သမားမို့ လယ်တီဆရာတော်ရေးတာ ပိုကြိုက်တယ်။

မအိပ်မနေအသက်ရှည်

လက်ဖက်ရေ အမြဲသောက်၊‎
ချွဲပျောက်လို့ဆီးရွှင်
၎င်းနောက် အကျိုးမြင်သည်၊‎
သူခိုးပင်ရန်ကင်း၊‎
ဤကဲ့သို့ ရန်မသီလျှင်၊‎
ကြံအစည်တိုးလိမ့်မယွင်း။‎
တရားနှင့်ကျိုးများရှာလျှင်၊‎
နိုးကြားစွာကြံခြင်း၊‎
တမျိုးအား ဉာဏ်လင်း၍၊‎
‎ဓမ္မခန်ရင်းဖွေရှာ၊‎
ကျမ်းဓမ္မာ တင်ကာပြ၊‎
သင်္ခါရ အောက်မေ့ရပါ။‎
ထင်စွာပြ အကြောင်းရှာလျှင်၊‎
ကောင်းရာကိုစိတ်စွဲ၍၊‎
မအိပ်ဘဲ အသက်ရှည်၊‎
လင်းလုအောင်နေ၊‎
သို့မို့ကြောင့် ရတက်ပြေအောင်
လက်ဖက်ရေ သောက်ကြကွဲ့လေး။‎

လယ်တီဆရာတော်(တေးထပ်)‎
***
ရေးနေရင်း နောက်တခု စိတ်ထဲ သတိရမိတာက …
“လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့်
ကျက်သရေ အမှန်ရောက်ပါလိမ့်၊
ကြံသလောက် ပြီးတဲ့ ရေ …” ဆိုတာကိုပါ။
အဲဒါက လက်ဖက်ရည် အဖန်ဆိုတော့ ရေနွေးကြမ်းကို ပြောတာ ထင်ပါတယ်။ ကျမစိတ်ထင် လယ်တီဆရာတော် ရေးတာပဲလား မသိဘူး။ အစအဆုံးလဲ မရဘူး။ သိတဲ့သူများရှိရင် ပြောပြပေးကြပါအုံး။

လက်ဖက်ရည်တေးထပ်များအတွက် တောင်းဆိုသူ ကိုမင်းထက်၊ ရှာဖွေပေးသူ ကိုဟယ်ရီတို့ကို ကျေးဇူးအထူး တင်ရှိပါတယ်။ လက်ဖက်ရည် နှစ်သက်သူ၊ မနှစ်သက်သူများ အားလုံး လက်ဖက်ရည် တေးထပ်လေးများ ဖတ်ပြီး ကျေနပ်နိုင်ကြပါစေ။
***
မေတ္တာဖြင့်

မေဓာဝီ
၂၆၊ ဇူလိုင်၊ ၂၀၀၉
၁၀း၃၂ နာရီ

6 comments:

ကိုလူထွေး said...

လက်ဘက်ရည်လဲကြိုက်တယ်
တေးထပ်လေးတွေကိုလဲ ကြိုက်တယ်...
မဆီမဆိုင်သွားသတိရတဲ့စာတပုဒ်ရှိတယ်...
MDW သိမယ်ထင်တယ်...

အိုင်လပ်ယူဗဲရီးမတ်
စွဲမြီးကပ်မှန်တယ်... ဘာညာဆိုတာလေ

အစပဲရပြီး ဆက်မရတော့ဘူး...

းဝ)

Ko Min Htet said...

ထပ်ပြီး ကျေးဇူးတင်ရပြန်ပြီ မေဓာဝီရေ့၊ အဲဒီကဗျာလေးတွေ ကျနော်မြန်မာပြည်မှာနေတုန်းက မှတ်စုထဲမှာ ရေးထားဖူးတယ်။ အလွတ်ကျက်ဖူးပေမဲ့ ကြာလို့ မေသွားပြီး၊ အဟီး။ အခုတော့ ဖတ်ချင်တာလေးတွေ ပြန်ဖတ်ခွင့်ရလို့ အရမ်းကျေးဇူးတင်တယ်ဗျား။ ကျနော်က တေးထပ်ဆို သိပ်ကြိုက်တယ်။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကကဗျာများဆို ကြိုက်သလားမမေးနဲ့။ အဲဒါတွေတော့ အွန်လိုင်းမှာ စာအုပ်ရောက်နေလို့ မပူဆာတော့ပါဘူးနော်။ ဒါပေမဲ့ နောက်တစ်ခု ပူဆာမယ်။ ရှင်ဥတ္တမကျော်တောလားတွေဖြစ်တဲ့ ”ဘီလူးရယ်သို့ လဖြဲတည်း” စတာတွေနဲ့ အဆုံးသတ်တဲ့ လ-ကဗျာတွေကို ဖတ်ချင်နေပြန်တယ်။ လုပ်ပါဦး---။

Harry said...

အဲဒီ တေးထပ် ၂-ပုဒ်လုံးက ရေနွေးကြမ်း အကြောင်းကိုပဲ ရေးထားတာလို့ ယူဆရတာပဲ မမေရေ ...

မေဓာဝီ said...

အိုင်လပ်ယူ ဗဲရီးမတ်ကို ကျမတို့ ငယ်ငယ်တုန်းက အဖေဆိုဆိုနေတာ ကြားတော့ ကြားဖူးတယ် ကျမလဲ အစအဆုံး မရဘူး ကိုလူထွေး။ ကြည့်ရတာ ကိုလူထွေးကြီးက အဖေနဲ့ တခေတ်ထဲ ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် ကိုလူထွေး ကံကောင်းသွားပါတယ်။ ကိုလူထွေးရဲ့ ကွန်မန့်ရပြီး မကြာခင်ပဲ အဖေနဲ့ စကားပြောဖြစ်လို့ အဖေ့ကို မေးပြီး လိုက်ကူးထားလိုက်တယ်။
အဲဒါက မောင့်ကိုသေစေညွှန်းရော့သလား ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတပုဒ်လို့ အဖေပြောပြပါတယ်။ သရုပ်ဆောင်တွေက မြတ်လေး၊ ဖိုးပါကြီးနဲ့ ခင်ယုမေ .. တဲ့။ အဲဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုဖြစ်တဲ့ ကျောင်းတွင်းပြဇာတ်ပွဲမှာ ဖိုးပါကြီးက ဥပက အဖြစ် သရုပ်ဆောင်ရပြီး ခင်ယုမေက စာဝါ အဖြစ် သရုပ်ဆောင်ရတဲ့ အခန်းမှာ ဖိုးပါကြီး ဆိုတဲ့ သီချင်းပါ ... တဲ့။

အသံနေ အသံထားနဲ့ လိုက်ဆိုကြည့်နော်။ [အဖေက အဲလို ဆိုပြတယ်။ :) ]

အိုင်လပ်ယူ ဗဲရီးမတ်
စွဲပြီးမှ ပြန်မယ် (အဲဒီစာသား သိပ်မသေချာပါ)
ဟဲရီးအပ် (hurry up) ကြံရွယ်
ကံနှစ်သွယ် ချစ်ခန်း
(ရိုစီချစ် ခိုင်ပန်းကြူကို)၂
အိုင်ဝမ့်တူ ကစ်စ်ဖို့ရည်မှန်း ...။ ပါတဲ့ရှင်။

အဲဒီလောက်ဆို ကျေနပ်မယ် ထင်ပါရဲ့။

ကိုမင်းထက် ... ပူဆာတဲ့ ရှင်ဥတ္တမကျော်တောလား ... ရှိပါသော်ကောရှင်။ တချိန်က (ဘလော့မရေးခင်က) နေးတစ်မြန်မာဖိုရမ်မှာ အစအဆုံး အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ တင်ပေးခဲ့ဖူးပါတယ်။ ကျမလဲ ဘလော့မှာ ပြန်တင်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ခုလို လိုချင်သူရှိခိုက် ပြန်ရှာပြီး တင်ပေးပါမယ်။

ကိုဟယ်ရီရေ .. ရေနွေးကြမ်းအကြောင်းလား .. သိပါဘူး။ လက်ဖက်ရည်ဆိုတော့ လက်ဖက်ရည်အချို အောက်မေ့လို့။

လာဖတ်ကြတာ ကျေးဇူးတင်ပါတယ်ရှင်။

ကိုလူထွေး said...

အကိုးအကားနဲ့ အခုလို အကျယ်အဝင့်ပြောပြပေးတဲ့ တူမကြီး MDW ကို ပိုခင်သွားပြီ

တူမကြီးရဲ့ ဖေဖေက ဦးလူထွေးကြီး ထက်တောင် ငယ်ဦးမယ်ထင်တယ်...

ဘာလို့လဲဆိုတော့ ဦးလူထွေးကြီးရဲ့ မြေးလေးတွေ ခေတ်က ဆိုသံကြားဖူးခဲ့တဲ့ စာကိုးးးး

းဝ)

subuueain said...

တေးထပ်လေးကို လာဖတ်သွားပါတယ်