Monday, July 06, 2009

ဝါဆို ... သစ္စာ ...

“ပါပသမိံ ရမတိ မနော”
စိတ်တို့သည် မကောင်းမှု၌ မွေ့လျော်တတ်သည် … တဲ့။
ကျမရဲ့ စိတ်ဟာလည်း ထိုနည်းတူစွာပါပဲ … မကောင်းမှုမှာ ပိုပြီး မွေ့လျော်ချင်တယ် … မွေ့လျော်ခဲ့တယ် … မွေ့လျော်ဖို့ ပိုပြီး အားသန်ခဲ့ပါတယ်။ တားမြစ်ထားရင် ပိုပြီးလုပ်ချင်တယ်၊ မကောင်းမှန်းသိတဲ့ လမ်းကိုမှ ရွေးပြီးလျှောက်ချင်တယ်၊ မှားမှန်းသိသိနဲ့ မထူးဇာတ်ခင်းပြီး ဆက်ဆက်မှားချင်တဲ့ စိတ်မိုက် စိတ်ဆိုး စိတ်ရိုင်းတွေနဲ့ ပြည့်လို့ပေါ့။

ရှေးကုသိုလ်လေး နည်းနည်းကောင်းခဲ့မိလို့ ကောင်းတဲ့ မိဘနှစ်ပါးထံမှာ ကံကောင်းထောက်မစွာ လူလာဖြစ်ခဲ့ရတဲ့ ကျမဟာ ငယ်စဉ်ကတည်းက မိဘဘိုးဘွားတွေရဲ့ သွန်သင်ပေးမှုကြောင့် ဘာသာရေးအသိ အနည်းငယ် ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုယ်ပြုခဲ့တဲ့ အမှားတွေကို မှားမှန်းသိခဲ့တယ်။ အမှားတွေနဲ့ အထပ်ထပ် စွန်းထင်းနေတဲ့ ကျမရဲ့စိတ်ကို ရံဖန်ရံခါ ကုသိုလ် ကောင်းမှုလေးတွေ ပြုပေးရင်း တတ်နိုင်သလောက် ဆေးကြောခဲ့မိပါတယ်။ ဒီလိုပြုခြင်းက အမှားတွေ အပြစ်တွေ လုံးဝပျောက်သွားမှာ မဟုတ်မှန်း သိပေမဲ့ … အနည်းငယ် သက်သာလို သက်သာငြား ကုစားကြည့်မိတဲ့ သဘောပါပဲ။

တချို့က ကျမကိုပြောကြတယ်။
“ရေးတဲ့စာနဲ့ လုပ်နေတာတွေက တခြားစီ …” တဲ့ …
“ကိုယ်ကလဲ မကောင်းဘဲနဲ့ ဘာသာရေးတွေရေးနေတာ မရှက်ဘူးလား” … တဲ့ …

ကျမ မရှက်ပါဘူး။ ဘာသာရေးနဲ့ ဆိုင်တာတွေ ရေးတယ်ဆိုတာကလည်း ကောင်းမှုပြုခြင်း တမျိုးပါပဲ။ ကောင်းတာကို လုပ်ရတဲ့အတွက် ကျမ မရှက်သလို နောင်တလည်း မရပါဘူး။ မကောင်းမှုတွေပြုမိတဲ့ သူတယောက်၊ အမှားတွေပြုနေတဲ့ သူတယောက်ဟာ ကုသိုလ်ကောင်းမှု လုံးဝမပြုရ တော့ဘူးလား … ကောင်းတဲ့ အလုပ်ဟာ သူနဲ့ လုံးဝမဆိုင်တော့ဘူးလား … ။

နေ့စဉ်နဲ့အမျှ သူတပါးအသက်တွေ သတ်နေတဲ့ မုဆိုးတယောက်ဟာ တလ တကြိမ်လောက် ဥပုသ်စောင့်တာဟာ ရှက်စရာ မကောင်းပါဘူး။ မကောင်းတာ လုပ်တဲ့အတွက် မကောင်းကျိုးကို ခံစားရမှာ ဖြစ်သလို ကောင်းတာလုပ်တဲ့အတွက် ကောင်းတဲ့အကျိုးကို စံစားရမှာပါပဲ လို့ … ကျမကတော့ မှတ်ယူထားပါတယ်။ ဒါကြောင့်လည်း အမှားတွေနဲ့ ပြည့်နေတဲ့ ကျမဟာ တတ်နိုင်သလောက် ကိုယ့်အမှားတွေကို လျော့ပါးအောင် ပြုတဲ့အနေနဲ့ ကောင်းမှု ကုသိုလ်လေးတွေ လုပ်ပါရစေ …။ ကျမပြုတဲ့ ကုသိုလ်တွေကို မကဲ့ရဲ့ မရှုံ့ချကြဘဲ မုဒိတာထားပြီး သာဓုခေါ်ပေးကြစေချင်ပါတယ်။

ဒီကနေ့ဟာ … ကျမတို့ ဗုဒ္ဓဘာသာတွေအတွက် နေ့ထူးနေ့မြတ် ဖြစ်တဲ့ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ပါ။ သစ္စာတရားကို သိမြင်လို့ ဘုရားအဖြစ်ကို ရောက်ရှိခဲ့တဲ့ ကျမတို့ရဲ့ ဗုဒ္ဓ ရှင်တော်ဂေါတမဟာ သစ္စာလေးပါး တရားတော်ကို ဒီကနေ့မှာ ဟောကြားခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။

ဒုက္ခ သမုဒယတွေနဲ့ ထွေးလုံးရစ်ပတ်နေပြီး … “သစ္စာ” ဆိုတဲ့ အမှန်တရား ကိုလည်း သေချာ ဂဃနဏ မသိနားမလည်သေးဘဲ ကိလေသာ အမှောင်ထုထဲမှာ ကျင်လည်ရင်း အမှန်တရားကို ဆင်ကန်းတောတိုး ရှာနေမိတဲ့ ကျမဟာ ဒီကနေ့တရက် န၀င်္ဂသီလစောင့်ထိန်းပြီး သစ္စာပြု ဆုတောင်းချင်ပါတယ်။

ကျမ ပြုမိတဲ့ အမှားတွေ …
ကျမ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ …
လျော့ပါး သက်သာ ပျောက်ပါစေခြင်း အကျိုးငှာ …
ယနေ့ယခု ၀ါဆိုလပြည့် နေ့တွင် …
သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားအား
သစ်သီး၊ ရေချမ်း ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း … ဒါန
န၀င်္ဂဥပေါသထကို စောင့်ထိန်းခြင်း … သီလ
သတ္တ၀ါတို့ အပေါ် မေတ္တာပွါးများခြင်း … ဘာဝနာ
စသော ကောင်းမှုအစုစုတို့ကို ပြုလုပ်ခဲ့ပါသည်။
ဤကောင်းမှုအစုစုတို့ကြောင့် မှန်ကန်သော သစ္စာတရားကို သိမြင်ပြီး သံသရာဝဋ်ဆင်းရဲမှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ….. ။
***
မေဓာဝီ
၆၊ ဇူလိုင်၊ ၂၀၀၉
၉ နာရီ ၅၉ မိနစ်

သစ္စာအနက် (၁၆) ချက်

No comments: