Sunday, February 15, 2009

သစ္စာမရှိသော သစ္စာ

ကျမ ဘလော့မှာ စာမရေးဖြစ်တာကြာပါပြီ။
စာမရေးဖြစ်ပေမဲ့ အချိန်ရရင် ရသလို ကိုယ်နှစ်သက်ရာ ဘလော့လေးတွေ သွားလည်ပြီး စာတွေ ဖတ်ဖြစ်တယ်။ မနေ့က နေ့လည် ညီမလေး ပန်ဒိုရာနဲ့ ဂျီတော့ခ်မှာ ထွေရာလေးပါးပြောဖြစ်ရင်း ဘလော့မှာ စာတွေ ပုံတွေခိုးတဲ့ကိစ္စ ပြောဖြစ်ကြတယ်။ ညကျတော့ ပန်ပန်တင်ထားတဲ့ ပို့စ်လေး ဖတ်ဖြစ်ရာက မအိပ်ခင် ပျင်းပျင်းရှိတာနဲ့ ကျမလည်း ကိုယ့်ကဗျာထဲက စာသားတွေ ရိုက်ထည့်ပြီး ဟိုဟိုဒီဒီ ရှာကြည့်တဲ့အခါ သွားတွေ့ပါလေရော … ။ အင်း … ဘလော့မရေးတာ ကြာပြီဆိုတော့ လူတကာာ အခိုးခံနေရတဲ့ အထဲ ကျမတော့ မပါလောက်ဘူးထင်နေတာ။ ခုတော့ … … …

၂၀၀၈ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့အတွက် ကျမရေးခဲ့တဲ့ “သစ္စာ ဆုတောင်း” ဆိုတဲ့ ပို့စ်ကို အစအဆုံး ဒီဘလော့က ယူထားတာ။ “ကျမ” လို့ သုံးတဲ့နေရာမှာ “ကျွန်တော်” လို့တော့ သေချာလေး ပြောင်းရေးထားပါတယ်။။ နောက် … ကဗျာကို ကျမက ပါဒလေးတွေ စနစ်တကျ ခွဲရေးပေမဲ့ သူကတော့ ခွဲတဲ့နေရာခွဲ ပူးတဲ့နေရာပူး … ဖြစ်ကတတ်ဆန်း လုပ်ထားတော့ ဖတ်ရတာ တမျိုးကြီးပဲ အဆင်မပြေလှဘူး။ ကိုယ့်ကဗျာမှ ဟုတ်ပါလေစလို့ သေချာအောင် နှစ်ခေါက် သုံးခေါက် ပြန်ဖတ်ခဲ့ရသေးတယ်။ အဆုံးသတ်မှာ ကျမရေးနေကျ နေ့စွဲနဲ့ အချိန်နေရာမှာလည်း နေ့စွဲကို ဖြုတ် အချိန်ကိုပြောင်း၊ မြန်မာပြည်၏ နှစ် ၆၀-ပြည့် လွတ်လပ်ရေးနေ့သို့ ဆိုတဲ့နေရာမှာ ( …. နေ့သို့) တဲ့။ လုပ်ထားပုံ။

ဒါနဲ့ ကျမလည်း အဲဒီပို့စ်ထဲ ကွန်မန့်ရေး၊ စီဘောက်မှာလဲ လင့်ခ်တွေချခဲ့တယ်။ ကွန်မန့်ကတော့ မော်ဒရိတ်လုပ်ထားလို့ ချက်ချင်း မတက်ဘူး။ (ဘယ်တော့မှလဲ တက်တော့မှာ မဟုတ်ပါဘူး။) နောက် … ပန်ပန့်ပို့စ်ထဲလည်း လင့်ခ်တွေနဲ့တကွ ကွန်မန့်သွားရေး လိုက်တယ်။ ပြီးတဲ့အချိန်က နာရီပြန် နှစ်ချက်တီး၊ အားလုံးပိတ်ပြီး အိပ်လိုက်တယ်။

မနက်မိုးလင်းတော့ ကိုယ်ရေးတဲ့ ကွန်မန့်များ တက်နေသလား၊ ဘယ်လို တုန့်ပြန်ထားသလဲ သိချင်တာနဲ့ ၀င်ကြည့်တော့ အဲဒီပို့စ် ရှာမတွေ့တော့ဘူး။ ဖျက်ပစ်လိုက်ပြီ။ တော်တော်လေး အံ့သြသွားတယ်။ ကျမလည်း ဒီလိုလုပ်မယ်မထင်လို့ အထောက်အထား ဘာမှ သိမ်းမထားမိဘူး။ ဂူဂဲလ်မှာ ပြန်ရှာကြည့်တော့ ခုလိုတွေ့နေတုန်းပဲ။ ဒါပေမဲ့ အဲဒီစာမျက်နှာက မရှိတော့ဘူးလေ။

ဒါ မရိုးသားတာပဲ။
အင်းလေ … ရိုးသားမှတော့ စကတည်းက သူများဟာ ယူမလား။
ကျမလိုချင်တာ တခုခု ပြန်ဖြေရှင်းတာမျိုး။ ဒါပေမဲ့ အစဖျောက် ခံလိုက်ရတယ်။
ကျမဘလော့ကို စစ်တော့ ကွန်မန့်တခု ၀င်နေတယ်။ ကြည့်ပါဦး … ။

Co2zenith has left a new comment on your post "သစ္စာ ... ဆုတောင်း":
ကျွန်တော် ရောက်ပါတရ် ခင်ဗျာ...
Posted by Co2zenith to တွေးမိတွေးရာ ..ရေးမိရေးရာ at 2/15/2009 2:35 AM

တကယ်တော့ ခုမှ ရောက်တာမှ မဟုတ်ဘဲ။ ပထမအကြိမ်ထဲက ဒီစာယူဖို့ ရောက်ပြီးသားပဲ။ ခုမှ ရောက်ကြောင်းလာပြောရသလား။ စိတ်ထဲ ကလိကလိ ဖြစ်လာတယ်။ ဒါနဲ့ ပို့စ်တခုတော့ ရေးဦးမှလို့ ထိုင်ရေးနေတုန်း မေးလ်တစောင် ၀င်လာပြန်တယ်။ ကိုအောင်သာငယ် ဆီက မေးလ်ကို ပန်ပန်က ဖော်ဝေါ့လုပ်ပေးလိုက်တာပါ။

မြန်မာ့အရေး သတင်း များကို အချိန်မှီ တိုက်ရိုက်ပေးပို့ လို ပါက co2zenith.malay@blogger.com သို့ အီးမေးလ် ပေးပို့ ပြီး ကူညီးပေးနိုင်ပါသည်။သင်၏ အမည် နဲ့ အီးမေးလ် လိပ်စာများကို ဆန္ဒရှိလျှင် အောက်တွင် ဖော်ပြပေးနိုင်ပါသည်။

အမည်
ပေးပို့ သူ၏ အီးမေးလ် လိပ်စာ
Name
sender@gmail.com
ကျေးဇူးအထူးတင်ရှိပါတယ်။
Co2zenith

အခုလို ကျွန်နော့ကို အသိပေးတဲ့ အတွက် ကိုအောင်သာငယ် နှင့် မမေဓာဝီ တို့ ကို အထူးပဲကျေးဇူး တင်ရှိပါတရ်ခင်ဗျာ။ ပြီးတော့ ကဗျာရေးသား သူ မမေဓာဝီ ကိုလည်း အရမ်း ကို ကျွန်တော် လေစားရမိပါ သည်ဟု ပြောပါရစေ နော်။အထက်တွင် ဖေါ်ပြထားခဲ့သလို ကျွန်နော် ဘလောက်မှာ တင်လိုသော မြန်မာနိုင်ငံနှင့် ပက်သက်ပြီး မြန်မာလူမျိုးများအတွက် အကျိုးပြုစေမဲ့ စာပေဗဟုသုတ များအတွက်...DIRECT POST ADD ကို ဘလောက်ရေးရန် အခက်အခဲဖြစ်နေသော သူငယ်ချင်း မိဆွေ စာဖတ် ၀ါသနာ ရှင်များ အားလုံးအတွက် ရည်ရွယ်ပြီး ဖေါ်ပြထားမိ ပါတရ် ခင်ဗျာ။.အချို့ သောသူများမှာ အမည်များ ဖော်ပြကြချင်း မရှိကြပါ၊၊သို့ ဖြစ်ပါသောကြောင့် ကျွန်နော် ဘလောက်တွင် ထိုကဗျာလေးအား စာရေးသူ အမည်နေရာတွင် မမေဓာဝီ ဟုရေးသားဖေါ်ပြပြီ ဆက်လက် ဖေါ်ပြခွင့်ရှိပါသလား၊ဒါမမဟုတ် မမေဓာဝီ အနေဖြင့် ထိုကဗျာလေးအား ကျွန်တော့ ဘလောက် မှ ဖြုတ်ပေးစေလို ပါသလား ဆိုတာကို
co2zenith@gmail.comco2zenith@yahoo.comများသို့ ပြန်လည်ဖြေကြားပေးစေလို ပါတရ် ဟုလေးစားစွာ ပြောရင်းနဲ့ ကျွန်တော်ရဲ့ ပေါ့ဆမှု့ ကို နာလည် ခွင့် လွှတ်စေလို ပါတရ် ခင်ဗျာ၊၊
Co2zenith

ဘယ်လိုကြီးလဲ။ ကျမ နားမလည်တော့ဘူး။
မြန်မာလိုရေးတာပေမဲ့ ကျမ ဖတ်ပြီး တကယ်ကို နားမလည်တာပါ။
ဒါဟာ ပေါ့ဆမှုလား။ တမင်လုပ်ကြံမှုလား။ အဲဒါလဲ ကျမ မသိပါဘူး။

စာတပုဒ်ကို ရိုးသားစွာ ဖြန့်ဝေချင်ရင် မူရင်းစာကို အမြီးနုတ် ခေါင်းနုတ် ကိုယ့်သဘောနဲ့ကိုယ် လျှောက်ပြင်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပြီးတော့ မူလစာရေးသူကို အကြောင်းမကြားနိုင်တောင် နာမည်တော့ ထည့်သင့်တာပေါ့။

ဘာပဲဖြစ်ဖြစ် … သေချာတာကတော့ ဒီ သစ္စာဟာ သစ္စာမရှိတဲ့ သစ္စာလို့သာ ... ကျမစိတ်ထဲ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၅၊ ဖေဖော်ဝါရီ၊ ၂၀၀၉
၁၀း၀၈ နာရီ

10 comments:

ATN said...

http://co2zenith.blogspot.com/ ကို ကျနော် မသိပါဘူး...

ဒါပေသည့် ပြသနာဖြစ်နေတဲ့ ပို့စ်တွေ တင်ထားတဲ့ ဘလော့တိုင်း ကျနော် ကွန်မန့်သွားရေးပါတယ်...
ဆီပုံးထဲ သွားအော်ခဲ့ပါတယ်...
ဒီလိုနဲ့ မမေနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ
သူ့ဘလော့မှာ ကျနော် သွားအော်ခဲ့လို့
သူက ကျနော့် မေးလ်ထဲ လာရေးသွားတာပါ...

ကျနော်ကတော့ မမေမှာ ဆီပုံးလည်း မရှိ... ဘလော့မှာလည်း မေးလ်လိပ်စာ မရှိတော့...
မပန်တော့ မမေ မေးလ်ကို သိရင်သိမှာဆိုပြီး
သူ့မေးလ်ကို မပန်ဆီ ဖောဝါ့ဒ် လုပ်ပေးခဲ့တာပါ...

သူ့ကိုတော့ အကျိုးအကြောင်း ရှင်းပြဖြေရှင်းဖို့တော့ ကျနော် ပြန်ပြောခဲ့ပါသေးတယ်...

ကျနော့်ကဗျာလည်း အဲလို အခိုးခံရတာပဲ...
ကျနော့်ကဗျာကို ခပ်တည်တည် ယူတင်ထားတဲ့ -ကိုယ်ရံတော်- http://koyandaw.blogspot.com/ ဆိုတဲ့ ဘလော်ဂါကတော့ ကျနော် မေးလ်ပို့ထားတာတောင် ပြန်မဖြေရှင်းပါဘူး...
ပို့စ်ကို ဖျက်ပစ်လိုက်ကြောင်းပဲ ဆီပုံးမှာ ပြန်ရေးထားပါတယ်... ခပ်မာမာပါပဲ...

ဘာပဲပြောပြော http://co2zenith.blogspot.com/ ဘလော့ကတော့ မေးလ်ပို့ဖော် ရသေးတော့ တော်သေးတယ် ပြောရမှာပေါ့လေ...

ကဗျာတွေ စာတွေကို အခိုးခံနေရတဲ့ ဘလော်ဂါတွေကတော့ အတော်များနေပါပြီ...
ခုလတ်တလောမှာကိုပဲ - ကောင်းကင်ကို၊ ကျနော်၊ မပန်၊ မမေ၊ BlackDream၊ မနော် - မနည်းတော့ဘူးပဲ...

hana san said...

မလွယ်ပါလားနော်...မမေ။
စာပေဆိုတာအပေါ်မှာရော၊ စာပေသမားတွေအပေါ်မှာရော သစ္စာမရှိကြတော့ပါလားနော်။
ဘလော့ဂ်တွေ သိပ်ဖတ်လေ့မရှိဘဲ ကိုယ်ဖတ်နေကျ ၃ခု ၄ ခုလောက်ပဲ သွား သွားဖတ်နေတော့ မသိမိဘူး။
ခုမှပဲ သိတယ်။

မေ့သမီး said...

အစ်မရေ မြန်မာနိုင်ငံသူခိုးအကြီးစားကြီးတွေလို မျက်နှာပြောင်မတိုက်ဘဲ စာရေးဖော်ရတော့ တော်သေးတာပေါ့နော်။ စိတ်မကောင်းမဖြစ်ပါနဲ့တော့။ အခုတလောတော့ဒီကိစ္စက ခဏခဏဖြစ်နေတယ်။

Anonymous said...

ကိုအောင်သာငယ်ရေ ..
ဖော်ဝေါ့ဒ်မေးလ်အတွက်ရော ကွန်မန့်အတွက်ပါ ကျေးဇူးတင်ကြောင်း လာပြောတာပါ။
အဲဒီဘလော့ရဲ့ စီဘောက်မှာ ကိုအောင်သာငယ် ၀င်ပြောပေးထားတာ ကျမတွေ့ပါတယ်။ အဲဒီတုန်းက သူယူထားတဲ့ ပို့စ်ကို မဖြုတ်ရသေးဘူး။ ကိုအောင်သာငယ်လည်း အဲဒီပို့စ် ဖတ်မိမယ် ထင်တာပဲ။ ဘာမပြောညာမပြော ဖြုတ်လိုက်တာကို ကျမက အံ့သြမိတာပါ။ အခုလို မေးလ်ပို့တာက မဆိုးပါဘူး။ ဒါပေမဲ့ သူ့မေးလ်ကို ကျမလည်း သိပ်နားမလည်ဘူး။

အခု အဲဒီလို ကိစ္စတွေ များလာတာ ဘလော့ လောကအတွက် မကောင်းလှဘူး။ အပေါ်မှာ ရေးကြသလို ဘလော့ စည်းကမ်းလေးတော့ ရှိသင့်ပါတယ်။ တချို့ကလည်း မသိလို့ လုပ်တာ။ တချို့ကလည်း သိရက်နဲ့လုပ်တာ။
ဒါမျိုးဟာ မလုပ်သင့်ဘူးဆိုတဲ့ အမြင် ရှိဖို့ တတ်နိုင်သလောက် ၀ိုင်းဝန်း ရေးသားကြရင် ကြာတော့ ပျောက်သွားမလား မပြောတတ်ပါဘူးရှင်။
.......................
မေဓါဝီ..
မင်းနေရာတကာဝင်မပါနဲ့
မင်းတွေးတဲ့ အတွေးတွေက အဆင့်မှီဖို့လိုသလို ပြောချင်တာပြောနေရလို့လဲ ပျော်မနေနဲ့ ...
......
ငါအောင်သာငယ် ရဲ့စီဘောက်ထဲမှာလည်း ၀င်ပြောခဲ့သေးတယ်...
နင့်ကိုနင် သူတို့ထက်ကြီးတယ်ထင်ရင် အသက်တင်မကဘူး အတွေးအခေါ်ပါကြီးအောင်လုပ်...
...................................................
မင်းတို့ကဗျာတွေက မူပိုင်ခွင့်တင်မှပေါ့..သူတို့က ဘာဝင်ဆောင်ခမှမယူဘဲ လူတွေသိအောင်လုပ်ပေးတာ..
ကျေးဇူးတောင်တင်လိုက်ပါ..
အနုပညာသမားစစ်စစ်ဆို ပေးဆပ်ဖို့ဘဲစဉ်းစားကြတာ....
အနုပညာသမားစိတ်ဓာတ်လေးတောင်မရှိဘဲ ပေးဆပ်ဖို့ စိတ်လေးတောင်မရှိဘဲ..
ငါဟာ ငါ့ဟာ လုပ်နေရင်သွားလေသူအနုပညာရှင်တွေကို ပြေးသတိရကြအုံး..
မင်းတို့ဖန်တီးနေတဲ့အနုပညာက လူတိုင်းခံစားဖို့မဟုတ်ဘဲ မင်းတို့နာမည်တလုံးရဖို့ဆိုရင်တော့...
အနုပညာကိုခုတုံးမလုပ်နဲ့...
လကမ္ဘာပေါ်ရောက်အောင်တတ်ပြ..ဘယ်သူမှတု
လို့မရအောင်လေ...
၂၂ ရာစုကို လိုက်ချင်သေးရင် အများအတွက်ဆိုတဲ့စိတ်ကိုအရင်မွေးကြကွာ
ဥပမာလေးပေါ့ကွာ..ရပ်ကွက်ထဲမှာ စိုင်းထီးဆိုင်သီချင်းဆိုဖို့ စိုင်းထီးဆိုင်ကို အရင်အကြောင်းကြားရမှာလား....
ဖန်တီးတဲအနုပညာကို လက်ခံသူရှိရင်ဘဲကျေနပ်နေရမှာ...
အပြုသဘောလေးနဲ့ဝင်ပြောပြတာပါ..

မင်းတို့ပြောနေတဲ့ ခိုးတယ်..ခိုးတယ်..
ဆိုတာကောနားလည်လား...
မင်းတို့ကဗျာကြီးကပျောက်သွားတာလား..
အခိုးခံရလို့..
မင်းကဗျာမင်းဆီမှာဘဲရှိနေတာလေ
ဒါကြောင့် ပညာရွှေအိုးလူမခိုးတဲ့
အခုမင်းတို့ပြောနေတဲ့ ခိုးခံရတာ ဆိုရင်မင်းတို့ဖန်တီးထားတာ ဘာပညာမှ
ခံစားမှုမှမပါတော့ဘူးဖြစ်နေမယ်
သူတပါးကို ခိုးတယ်လို့ပြောရဲရင် ကိုတိုင်ရော လွတ်လား ...
ဒါသေချာစဉ်းစားရမှာနော်..
သူကြိုက်လို့တင်ထားတာ..နောက်လဲ ငါဒီလိုမျိုး လူတွေခံစားနိုင်တဲ့ဖန်တီးမှုတွေ ဆက်လုပ်မယ်ဆိုပြီ တွေးတာမှ မှန်တယ်လို့မြင်တယ်....
နင်က ဆရာမကြီး အထာနဲ့ဆိုလို့ နင်အရင်နားလည်အောင် ရှင်းပြတာ
ကျန်တာတော့နင် ဥာဏ်ရှိသလောက်သာဆက်လုပ်..
လွဲနေရင်တော့ ပြင်ပေးမယ်
စိတ်ဆိုးရင် နောက်မလွဲအောင်လုပ်
အတွေးလေးတွေရင်ကျက်စေလို့...
ဒီစာကိုနာမည်ပေးထားတယ်
လွတ်လပ်စွာ..ကြိုက်တဲ့နေရာမှာသုံးနိုင်တယ်..

မလိမ္မာသူ

Anonymous said...

မေဓါဝီ
နင်နေရာတကာ ဆရာကြီးဝင်မလုပ်နဲ့
ဟားစရာကြီးနော်..
နင်တို့ တင်ထားတဲ့ ပို့စ်တွေ ကဗျာတွေက နင်တို့
ရေးပါတယ်လို့ ဘယ်မှာမူပိုင်ခွင့်တင်ခဲ့လဲ..
ဒါပထမ အချက်နင်တို့အမှား
ဘာအထောက်အထားမှမရှိဘဲ ပိုင်စိုးပိုင်နင်းနဲ့
ဖျက်ခိုင်းတာ..သူခိုးလို့ပြောတာ တရားနည်းလမ်းမကျဘူး..
ဒါဒုတိယအမှား
နင်တို့ပြောပြောနေတဲ့ ကိုယ်ဖန်တီးထားတဲ့ အနုပညာ..ဆိုတာဘာလဲ..
အနုပညာဆိုတာ လူတိုင်းခံစားဖို့လေ..
အားလုံးကိုပေးဆပ်ဖို့အတွက် ဖန်တီးကြတာ
အားလုံးကခံစားနေကြရင် ဖန်တီးတဲ့ အနုပညာရှင်က ဘယ်လောက်ပီတိဖြစ်လဲ...
ဥပမာ..မြို့မငြိမ်း က သင်္ကြန်သီချင်းတွေကို သူတယောက်တည်း ခံစားဖို့ ဖန်တီးခဲ့တာမဟုတ်ဘူး..
မူးလို့ဘဲဆိုဆို..ပျော်လို့ဘဲဆိုဆို..
သူ့သီချင်းတွေကို ဆိုနေရင်သူဖန်တီးခဲ့တဲ့ အနုပညာပညာအတွက် ကျေနပ်နေမှာလေ
အေးပေါ့..သူကတော့ အနုပညာသမားစစ်စစ်ကိုး....
ဒါဆိုနင်တို့က ဘာလဲ ..နင်တို့ပြောနေတဲ့ အနုပညာကကော..ဘာလဲ..
ပေးစပ်ချင်စိတ်မရှိဘဲ ကိုယ်ရေးတာလူသိဖို့ လိုက်ပြီးအော်နေရင်တော့ အနုပညာဆိုတာကို ခုတုံးမလုပ်ပါနဲ့
သိပ်နာမည်ကြီးချင်ရင် လကမ္ဘာကိုရောက်အောင်သွား...
သူများကိုခိုးတယ်ပြောရဲရင် နင်တို့ရေးထားတာတွေကရော...
ငါသိတယ်နော်..ပြန်စစ်အုံး
နင်တို့ကလိုက်ပြောလို့ ဖျက်လိုက်တယ်ဆိုတာကို မအံ့သြနဲ့
နင်တို့စိတ်ဓာတ်တွေကို သေချာသိသွားလို့
သူတို့အရင်ခံစားထားတဲ့နင်တို့စာတွေကိုပါ
နင်တို့စိတ်ဓာတ်တွေအဖြစ်မြင်သွားတာ..
ဝမ်းမနည်းနဲ့..တူသောအကျိုးပေးတာ..
နင်ကနေရာတကာဆရာဝင်ဝင်လုပ်လို့ နင်ကို ဦးတည်ပြီးရှင်းပြတာ..
နင်သေချာနားလည်မှ နင်နောက်ကလိုက်နေသူတွေကို ဆရာသေချာလုပ်နိုင်မှာ..
သွားပြီးတော့မဟုတ်ကဟုတ်က..
မတောက်တခေါက်အတွေးနဲ ကမ်းပိန်းတွေလုပ်ဖို့တို့ ဘာတို့လောဆော်နေရင် အဆော်အရင်ခံသွားရမယ်...
ဒီစာကို အတွေးလေးတွေမှန်ပါစေလို့
နာမည်ပေးထားတယ်
ကြိုက်တဲ့နေရာမှာသုံးနိုင်တယ်
ဘာဘောင် ဘာစည်းမှမခြားထားဘူး
၂၂ ရာစုကိုလိုက်ချင်ရင်တော့ အများအတွက်
ဆိုတာကိုတွေး..င့ါဟာ ငါ့ဟာဆိုရင်တော့ လစ်တော့..နေရစ်တော့..ကျန်ခဲ့ပြီ အိုင်ဒီယာတွေ..
နင်တုံ့ပြန်မှုတွေကိုပြန်မြင်ချင်တယ်....

Co2zeиith said...

မမေဓါဝီ!
ကိုအောင်သာငယ်!
Anonymous!
မလိမ္မာသူ!

ကျွန်တော် ရဲ့ပေါ့ဆမှု့  ကိုထပ်ပြီး လာတောင်းပန် ပါတရ်ခင်ဗျာ။

အထက်က စာတွေဖတ်ရတာ တစ်ကယ်ကို စိတ်မကောင်း ဖြစ်ရပါတရ်။

ဖြိုးဝေတိုး said...

အခုက ကို co2zenith ရဲ့ ပေါ့လျော့မှုအပြစ်ပါမမေ

သူ့ဘလော့မှာ စာတင်ပေးစေချင်တဲ့ လူတွေကို သူ့မေးထဲပို့ခိုင်းတင်တာပါ ပို့ပေးတဲ့သူရဲ့ မရိုးသားမှုဖြစ်နိုင်ပါတယ် မမေဒါ
ကို co2zenith လဲ ကလောင်မသိလို့ မထည့်လိုက်တာနေမှာပါ ခွင့်လွှတ်ပေးလိုက်ပါလို့ ကျွန်တော်လဲပြောချင်ပါတယ်

မမေဒါ ပြန်လာတာကိုလဲ အရမ်းပဲဝမ်းသာပါတယ်
စာတွေဆက်ရေးနေမယ်လို့ မျှော်လင့်ပါတယ်ဗျာ

လေးစားလျှက်
ဖြိုးဝေတိုး (မိုးတိမ်)

မေဓာဝီ said...

co2zenith ...
ကျမ နားလည်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့တော့။
ကိုမိုးတိမ် ... ကျမကို Co2zenith က ရှင်းပြသွားပြီးပါပြီ။ ကျမလည်း နားလည်ပေးနိုင်ပါတယ်။ ခွင့်လဲ လွှတ်ပါတယ်။ ကျမစာတွေ လာဖတ်တာ ကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

ဒီနေ့ဘလောဂ့်တခုဝင်ဖတ်မိရင်း သူတို့ပိုစ့်တခုကို သူများ credit မထည့်ဘဲ တင်ထားလို့ အီးမေလ်းအပြန်အလှန်နဲ့ တောင်းပန်တာတွေ ကွန်မန့်ရေးထားတာတွေ ဘလောဂ့်မှာတင်ထားတာကို ဖတ်မိရင်း ခေါင်းထဲမှာ မဟုတ်တရုတ်အတွေးပေါ်လာတယ်။

ဒီဖော်ရမ်ထဲမှာတောင်မှ အင်္ဂလိပ်ဘလောဂ့်တွေကနေ ယူလာပြီးတင်ထားတဲ့ဟာ (သူတို့မူပိုင်ရေး) လေးတွေရှိပါတယ်။ credit တော့မပါဘူး။ အဲ့ဒီအတွက် ဖော်ရမ်ကိုလည်း ဘယ်သူမှရန်မရှာဘူး။ ခရက်ဒစ်မပေးရကောင်းမလားဆိုပြီးတော့လည်း အဲ့ဒီဘလောဂ့်ပိုင်ရှင်ကလည်း လာမပြောဘူး။
သူတို့ဘာလို့ မပြောတာလည်း (မတွေ့လို့ဆိုတာမျိုးကြောင့်တော့မဟုတ်ဘူး။ Google ကြီးတခုလုံးရှိနေတာဘဲလေ။) မရှာလို့ ဂရုမစိုက်လို့ သူတို့ အနုပညာ အကုန်လုံးယူသွားလည်း သူတို့အတွက် ဘာမှပဲ့ပါသွားတာမဟုတ်လို့ပါ။ Public ချပေးရင်း ပျံ့လေကောင်းလေဆိုတဲ့စိတ်မျိုးထားနိုင်လို့ပါ။ (*** ဒါကျမရဲ့ တီကောင်ဦးဏှောက် အတွေးပါ)။ မှန်ချင်မှလည်း မှန်မှာနော်။

ကိုယ့်ဦးဏှောက်ကထွက်လာတဲ့ အနုပညာ ပညာကို သူများယူသုံးပြီး Credit မပေးတိုင်းသာ တချို့တွေလိုမျိုး လူသိရှင်ကြား လိုက်အော်မယ်ဆိုရင် Microsoft, Adobe, စတဲ့ နာမည်ကြီး ကွန်ပြူတာ ဆော့ဝဲတွေ သီချင်း ရုပ်ရှင် (မှတ်ပုံတင်ပြီး) ထုတ်တဲ့ လူတွေအဲ့လိုလိုက်လုပ်လို့ ကျမတို့ သိက္ခာလည်း ကျန်မှာတောင်မဟုတ်တော့ဘူး။

အင်တာနက်ပေါ်မှာစာရေးတဲ့ လူတွေဟာ ကွန်ပြူတာနဲ့ ပါတ်သတ်နေရတဲ့ လူတွေပါ။ ကွန်ပြူတာသုံးတဲ့ မြန်မာလူဦးရေ 99 ရာခိုင်းနှုန်းဟာ ဆော့ဝဲမူရင်း ဝယ်သုံးတာမဟုတ်ဘူး။ တန်ရာတန်ကြေးမပေးဘဲ အလကားရတဲ့ Ebook ဆိုတာကို မဖတ်ဖူးတဲ့သူမရှိဘူး။ သီချင်းအလကားဒေါင်းပြီး နာမထောင်ဖူးတဲ့လူမရှိဘူး။ ဒါဆို သူများရဲ့ ပညာကိုကျတော့ ခိုးသုံးတယ် သူတို့ Public ချ တင်ပေးတဲ့ စာတွေကြတော့ credit မပေးရင် ဆတ်ဆတ်ခါနာတယ်။ (မူပိုင်ခွင့်ဝယ်ထားသူများ စာအုပ်ထုတ်ရောင်းနေသော စာရေးဆရာများကို မဆိုလိုပါ။) အဲ့ဒါ တရားသလား?


ကျမရေးထားတဲ့ ပိုစ့်တွေကို တနေရာမှာ တင်ထားပြီး credit မပေးထားရင် ကျမလည်း အဲ့လိုအော်မှာဘဲလားလို့ ထပ်စဉ်းစားမိတယ်။

မသိသေးပါဘူး။ ကျမလည်း ဘယ်တုန်းကမှ လိုက်မရှာ လိုက်မကြည့်ဖူးဘူး။


ကျမတွေးမိတာက အကယ်၍ ကိုယ်က သူများ Software တွေ ရုပ်ရှင်တွေ သီချင်းတွေ စာအုပ်တွေကို Original (ဥာဏ်ပညာပူဇော်ခ) မစိုက်ထုတ်ဘဲ သုံးတယ် အဲ့ဒီအတွက်လည်း ဘာမှမခံစားရဘူး ဘယ်မှာမှလည်း ကျေးဇူးတင်ကြောင်းတို့ ခရက်ဒစ်ပေးတာတို့ မရှိခဲ့ဖူးဘူးဆိုရင် ကိုယ့်ပညာ ကိုယ့် အတွေးခေါ်ကို သူများက ဘာမှမစိုက်ထုတ်ဘဲ ဘာခရက်ဒစ်မှာမပေးဘဲ ယူသုံးသွားရင်လည်း ကိုယ်ကဘာလို့ ခံစားချင်နေရတာလည်း။ ကိုယ့်ကိုယ်ကို အကောင်းဘက်ကကြည့်ရင် ပညာ အလှုလုပ်တယ် (နောက်တဖက်ကကြည့်ရင် ဝဋ်လည်တယ်) လို့ မစဉ်းစားပေးနိုင်ဘူးလား? မြန်မာတွေဘဲ မြန်မာပိုစ့်တွေ မြန်မာစာတွေကိုဖတ်တာပါ။ ကိုယ့်လူမျိုးအချင်းချင်းအတွက်ဘဲလို့ ဘာလို့မစဉ်းစားပေးတာလည်း? ဘာလို့ မြန်မာလူမျိုးအချင်းချင်း အရှက်ကွဲအောင် လုပ်ချင်ရတာလည်း?

ကျမပြောတာ Credit မပေးသင့်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ပညာကို ခရက်ဒစ်မပေးတာတွေ့ခဲ့ရင်တောင် လူသိရှင်ကြားတွေ မလုပ်သင့်ဘူးလို့ တွေးမိတာပါ။

ဒီအတွေးနဲ့ပါတ်သတ်ပြီး မကျေနပ်တာရှိရင် cr.crystalrays@gmail.com ကို မေလ်းပို့လို့ရပါတယ်

yangonthar said...

အော်လူတွေကလည်း ဒုက္ခနော် ... ကိုယ့်မရှိ တာများ အရှိလုပ်ချင်တယ် .... ရှက်စရာကြီးကို အစ်မရယ် ကျွန်တော်တော့ ရှက်ပါတယ်