Friday, January 04, 2008

သစ္စာ ... ဆုတောင်း

“သစ္စာ” ဆိုတာ မှန်ကန်ခြင်း … တဲ့။ မှန်သော စကားကို ဆိုခြင်းဟာ သစ္စာ … လို့ ဆိုကြတယ်။ သစ္စာနဲ့ ပတ်သက်လို့ ဘုရားဟော ဇာတ် နိပါတ်တော်တွေ၊ အဖြစ်အပျက်တွေ အများကြီး ဖတ်ခဲ့ မှတ်ခဲ့ နာကြားခဲ့ ဖူးပါတယ်။ အဲဒီထဲကမှ ကျမ စိတ်ထဲ စွဲနေတာကတော့ … ဘုရားလောင်း ငုံးမင်း ဇာတ်တော် ပါပဲ။

ဘုရားလောင်း ငုံးမင်းဟာ အဟိတ် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မှန်သော စကားကို ဆိုပြီး သစ္စာ ပြုတာကြောင့် တဟုန်းဟုန်း တောက်လောင် နေတဲ့ သက်မဲ့ တောမီးကြီးတောင် ငြိမ်းသွားခဲ့ရတယ် ဆိုတဲ့ ၀ဋ္ဋသုတ် ဇာတ်တော်ကို အားလုံး သိပြီး ဖြစ်မှာပါ။ ကျမ ပရိတ်ရွတ်တဲ့ အခါတိုင်း ၀ဋ္ဋသုတ် ရောက်ရင် မြတ်စွာဘုရားရဲ့ သစ္စာပါရမီတော်ကြီးကို အလွန်ကို ကြည်ညို မိပါတယ်။

ကြုံကြိုက်လို့ ၀ဋ္ဋသုတ် မြန်မာပြန်ကို ဖော်ပြလိုက်ပါရစေ။

လောက၌ သီလတရား, သစ္စာတရား, စင်ကြယ်သည်၏ အဖြစ်, မေတ္တာ, ကရုဏာ တရားများ ရှိကြ၏။ ထို တရားများတွင် ပါဝင်သော သစ္စာတရားဖြင့် ထူးမြတ်သော သစ္စာဆိုမှုကို ငါပြုပေတော့အံ့။

ငါသည် တရားတော်၏ အစွမ်း အာနုဘော်ကို ဆင်ခြင်ပြီးလျှင် ရှေးအတိတ် က ပွင့်တော်မူကြကုန်သော ဘုရားရှင်တို့ကို အောက်မေ့လျက် သစ္စာ၏ အစွမ်းကို အားကိုးပြုကာ သစ္စာဆိုမှု ပြုခဲ့ပေပြီ။

ငါ့အား အတောင်များ ရှိနေ၏၊ ပျံကား မပျံနိုင်။ ခြေထောက်များ ရှိနေ၏၊ သွားကား မသွားနိုင်။ ငါ့အမိအဘတို့လည်း အသက်ဘေးကြောင့် ရှောင်ပြေး ထွက်ခွါ ကြကုန်ပြီ။ အို … တောမီး … ပြန်၍ လှည့်သွား ရှောင်ရှားပါလေ။

ငါဘုရားသည် သစ္စာဆိုမှု ပြုအပ်သည် ရှိသော် ပြုသည်နှင့်တပြိုင်နက် မီးသည် ရေသို့ ရောက်သော် ငြိမ်းအေးရသကဲ့သို့ ကြီးမားသော အရှိန်အလျံ ရှိသော တောမီးသည် တဆယ့်ခြောက်ပယ်စာ အကွာအဝေးတိုင်အောင် ရှောင်ကွင်း ငြိမ်းအေး လေသည်။ ငါ၏ သစ္စာနှင့် တူသော တရားကား မရှိတော့ပေ။ ဤသစ္စာမှုသည် ငါဘုရား၏ အထွတ်အထိပ် ရောက်လာရသော သစ္စာပါရမီတော်ပင် ဖြစ်တော့သည်။

***
အခု … ဒီနေ့ ဒီရက်လို ကျမတို့ တိုင်းပြည်ရဲ့ (၆၀) နှစ်ပြည့် လွတ်လပ်ရေး နေ့ အခါသမယမှာ … ကျမလည်း ၀ဋ္ဋသုတ်ကို အကြောင်းပြုလို့ ကဗျာတပုဒ် ရေးကာ သစ္စာပြု ဆုတောင်း ချင်ပါတယ်။
ကျမ ဆိုတဲ့ သစ္စာ မှန်ကန်ပါက … …. …. …. …. …. ။
***
သစ္စာ … ဆုတောင်း

ရှေးသရောအခါ
သစ္စာစကား မြွက်ကြားဆုတောင်း
ဘုရားလောင်း ငုံးမင်း
ဇာတ်တော်တွင်းမှာ
ဤသို့ ကြားနာ ခဲ့ရသည်။

“ငါ့မှာ ...
အတောင်ရှိပါလျက် ... အပျံခက်၏။
ခြေရှိပါလျက် ... အသွားခက်၏။
ငါ့မိဘများ
ငါ့အားစွန့်ခွါ သွားသောအခါဝယ်
ငါ့၌ ဘယ်မှာ အားကိုးရာ မရှိ
နတ္ထိ။

ဤသည့် သစ္စာ မှန်ကန်ပါက
ကင်းပတောမီး ငြိမ်းစေသတည်း ...”


ငှက်ငယ် သစ္စာ
ဆုံးသောခါဝယ်
ဟုန်းဟုန်းလောင်ငြီး
ထိုတောမီးသည်
ရုတ်ခြည်း ကွယ်တိမ်း
ငြိမ်းလေ၏။

ယနေ့ချိန်ခါ ဤခေတ်မှာကား
မြန်မာပြည်သား လူအများသည်
စွမ်းအား ရှိလျက် … လုပ်ဆောင်ခက်၏။
ဉာဏ်ရှိပါလျက် … ကြံစည်ခက်၏။
ပါးစပ်ရှိလျက် … ထုတ်ဖော်ခက်၏။
ခြေရှိပါလျက် … အသွားခက်၏။
နားများရှိလျက် … အကြားခက်၏။
မျက်စိရှိလျက် … အမြင်ခက်၏။
ပန်းတိုင်ရှိလျက် … အလှမ်းခက်၏။

ဤသည့် သစ္စာ … မှန်ကန်ပါက
ငါတို့ ပြည်သား လူအများ၏
နှလုံးသားထဲ လောင်မြိုက်စွဲသည့်
ဖွဲမီးနှင့်တူ သောကအပူသည်
ရှောင်ခွါကင်းဝေး ငြိမ်းအေးစေလျက်
လွတ်လပ်ခြင်းအမှန်
ရရန်တောင်းဆု … သစ္စာပြုပါ၏ … ။

***
မေဓာဝီ
၎၊ ဇန်န၀ါရီ၊ ၂၀၀၈
၁၇း၁၀ နာရီ

(မြန်မာပြည်၏ ၆၀-နှစ်ပြည့် လွတ်လပ်ရေးနေ့သို့ … )

7 comments:

ရွှေဂျမ်း said...

ကဗျာလေးက ကောင်းလိုက်တာ မမေရေ။
ကဗျာလေးထဲကလိုပဲ အားလုံးဝိုင်းပြီး သစ္စာဆိုကြရင် ပြည်သူတွေရဲ့ ဆန္ဒတွေ မြန်မြန်ပြည့်လာကောင်းပါရဲ့။

မေပျို said...

မမေရေ
သဲလည်း မမေနဲ့အတူ ၀ိုင်းပြီး သစ္စာဆိုပါတယ်။ သဲတို့သစ္စာ မှန်တဲ့အတွက် မြန်မာနိုင်ငံ အမှန်တကယ် လွတ်လပ်ပါစေလို့ ဆုတောင်းပါတယ်နော်။ ပျော်ရွှင်ပါစေအမရေ။

လေးစားစွာဖြင့်
မေပျို

ကိုပေါ said...

တကယ်မှန်တဲ့ သစ္စာစကားဖြစ်လို့ တောင်းတဲ့ဆုနဲ့ ပြည့်မှာ ဧကန်မလွဲပါ။ မြန်မာပြည်သူတွေ အမြန်ဆုံး ငြိမ်းချမ်းလွတ်မြောက်ပါစေသား။

ကလူသစ် said...

သစ္စာလဲ မနိုင်၊ မေတ္တာလဲ မနိုင် ဖြစ်နေတယ်ထင်ပါတယ်ဗျာ။ တုတ် တုတ်ချင်း၊ ဒါး ဒါးချင်းလမ်းပဲရွေးကြရတော့မယ် ထင်တယ်။ ပို့စ်အသစ်လေးလဲ တင်ထားပါသေးတယ် မမမေဒါဝိန်ရေ။

Sophie said...

ရတနာလည်း မမတို့နဲ့ အတူတူ သစ္စာဆိုပါတယ်ရှင်

pandora said...

သစ္စာတော်ဦးစူးစေတော့ ဆိုရင်..

Co2zeиith said...

ကျွန်တော် ရောက်ပါတရ် ခင်ဗျာ...