Saturday, March 01, 2008

ကြောင်နဲ့ ငှက် ပြဇာတ်

ဒီပို့စ်ကို ရေးပြီးရင် ကျမ နားပါဦးမယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ကြိုက်လွန်းလို့ အတုခိုးပြီး ကြိုးစား ရေးကြည့်မိတာပါ။ အစစ်ခိုးတာ မဟုတ်ဘူး၊ အတုပဲ ခိုးတာဆိုတော့ တူလည်း မတူပါဘူး။ ဘာပဲဖြစ်ဖြစ် ကျမ ဘလော့ရဲ့ ၄၀၀ ပြည့် ခြေလှမ်းအဖြစ် အမှတ်တရ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
***
ကြောင်နဲ့ ငှက် ပြဇာတ်
***
(ပုံပြင် - ပြဇာတ်)
***
လွန်လေပြီးသော၊ ရှေးသရောအခါ၊ တောဝနာလယ်၊ လျှိုမြောင်စွယ်မှာ၊ ကျင်လည်ကျက်စား၊ သတ္တ၀ါများရဲ့ အကြား၊ ကြောင်ပါးတကောင်၊ ယောင်တောင်တောင်နဲ့ နေသတဲ့။

ထိုကြောင်ပါးလျှင်၊ အစားမင်လျက်၊ ကြွက်မဲ ကြွက်ဖြူ၊ ကြွက်ဆူ ကြွက်ဖြိုး ၊ ကြွက်ဆိုး ကြွက်ကောင်း၊ ကြွက်ဖလောင်း မချန်၊ တွေ့သမျှ နှံလေသတဲ့။

ကြွက်သားစားရ၊ ဗိုက်ဝသော်ငြား၊ ကြောင်ပါးငြီးငွေ့၊ ကြွက်များကို ခံတွင်း မတွေ့ဘဲ၊ တတ်သရွေ့ မှတ်သရွေ့ကြံ၊ ပျံနေတဲ့ငှက်၊ ချဉ်ချဉ်းတပ်ကာ၊ အစာရှာနေကြတဲ့၊ စာဝါမလေးတွေနား၊ ယောင်လည်လည် သွားပြီး ...

"ကျနော် ကြောင်ပါး၊ မရှောင်ရှားကြလေနဲ့၊ တကယ့်ကရုဏာရှင်၊ မယုံလျှင် ခင်ကြည့်၊ အသိအကျွမ်းဖြစ်ကာ၊ ငြိစွမ်းချစ်မှာဆိုလည်း၊ အမြဲတမ်းလိုလို၊ 'ကိုကို'ကြောင့် နှလုံးသား၊ တံခါးဖွင့်လျက် ကြိုဆိုနေပါတယ်၊ လာလှည့်ပါကွယ် ..."

ကြောင်လည်က မြှူဆွယ်တဲ့အခါ၊ ကိုယ်ခန္ဓာသေးကွေး၊ ကျလိကျလိ အသံပေးတဲ့၊ စာကလေးငှက်မက ...

"ကရုဏာပို၊ ကြောင်ကိုကိုရယ်၊ ရှင့်ကို ကျမ၊ ခင်လိုလှသော်လည်း၊ စာမ-နှင့်ကြောင်၊ ကြောင်နှင့် စာမ၊ ဘယ်လို နီးစပ်နိုင်ပါ့မလဲ၊ စဉ်းစားပဲ ကြည့်ပါရှင်၊ ဟောဟိုမှာ မြင်လား၊ သစ်ပင်ထက်ဖျား၊ အသာနားနေတာ၊ (ကျမရဲ့ ချစ်လှစွာသော) မောင်မောင်စာလေ၊ စာ-စာ ချင်း ဂဟေဆက်၊ အသက်ပေးပြီး မြတ်နိုးတာမို့၊ ဆောရီးပါ ကိုကိုကြောင် ... လို့"

စာဝါမ စကား၊ ကြောင်ပါးကြားတော့၊ ငေါ့တော့တော့နဲ့၊ မဲ့ရွဲ့ကာ ဆိုပါတယ်။

"တယ် ... စကားများလှ၊ စာဝါမ၊ နင့်စကားတွေ နားခါးလှပေါ့၊ နင့်ကို စားရ၊ ငါဝမှာလည်း မဟုတ်၊ တလုပ်စာတောင်မှ မရှိ၊ သေးတိသေးကွေး၊ နင့်လို အကောင်လေးတော့၊ ငါ ဝေါင်ဝေါင်ရှေးရော့မယ်၊ ဟယ် ... ဟိုရှေ့အနား၊ ညည်းတွားငိုယို၊ ခိုမကလေးပါလား၊ သနားစရာ ..."

ပြောပြောဆိုဆို၊ ခိုမလေးအနား၊ သူကပ်သွားပြီး ...

"သနားဖွယ်ငို၊ မရွှေခိုရယ်၊ အဘယ်ကြောင့် ငိုညည်း၊ 'ကိုကြီး' ကို ပြောပါ့ကွယ်၊ ကယ်နိုင်ရင် ကယ်မှာပေါ့၊ မကယ်နိုင်တော့လည်း၊ အသည်းစကားလေးများ၊ ကိုကြီးက ပြောကြားရင်၊ ရွှေနားတော်ဆင်တဲ့အခါ၊ ဝေဒနာ သက်သာမယ် မဟုတ်လား၊ ရွှေနှုတ်တော်ဖျားက၊ စကားလေးများ ပြောပါဦး"

"ကျေးဇူးကြီးမား၊ ကိုကြီးကြောင်ပါးရှင့်၊ ရင်နှင့်အမျှ၊ ချစ်ပါရတဲ့၊ ကျမ အချစ်ပို၊ ကိုကိုခိုက၊ ကျမကို အထင်လွဲလို့၊ ရင်ကွဲနာ ကျနေတာပါရှင်၊ ဖြစ်နိုင်လျှင်တော့၊ ဟော့ဒီသ၀ဏ်လွှာ၊ ကိုကို့ဆီ ပါးပေးပါ၊ ကျေးဇူးကမ္ဘာ တင်လိုက်ပါရဲ့"

ဖွဲ့နွဲ့ပြီးဆို၊ မရွှေခိုက၊ ရုတ်တရက်ထ၊ ပျံသန်းသွားရလေတော့၊ ကြောင်ပါးကြီး မော့တော့တော့ ကျန်ခဲ့ကာ ...

"သြော် ... ဒုက္ခ၊ ခို 'လတရ' နဲ့မှ၊ တွေ့ရပါပေတယ်၊ တော်ပါကွယ် သွား .. သွား၊ ရည်းစားစာများတောင် ပါးခိုင်းနေသေး၊ နင့်အသွေးအသား၊ ငါမစားလို၊ ငါပါ ငိုမိနေမှာစိုးလို့"

ဆိုကာ ဟိုရှာ ဒီရှာ ရှာပြန်တော့၊ ရေကန်တကန်ထဲ၊ ၀မ်းဘဲမ တကောင်ကို တွေ့ပြန်သတဲ့။

"အင်း ... ငှက်လည်း ၀မ်းဘဲ၊ ၀မ်းဘဲလည်း ငှက်၊ ဇာတ်ချင်း တူတူပါပဲ၊ ပျံနေတဲ့ ငှက်မရလည်း၊ ရေထဲက ၀မ်းဘဲပဲ၊ ပွဲတော်တည်ရအောင်၊ ကြံဆောင်ပါဦးမှ"
ရေကန်အစပ်၊ ပြီတီတီနဲ့ ကပ်ပြီး ...

"စိမ်းလဲ့နဒီ၊ ရေသီတာထက်၊ ကူးခတ် မြည်တမ်း၊ အို ... ၀မ်းဘဲမမ၊ အလှကွန်းခို၊ မြကျွန်းညိုထက်၊ အသာအယာတက်လို့၊ မိတ်ဆက်စကား၊ ပြောကြားရအောင်၊ ဟောဒီ 'မောင်' က၊ ဖိတ်မန္တက ပြုပါတယ် ခင်ဗျား"

ကြောင်ပါးရဲ့ ဖိတ်ကြားချက်၊ ၀မ်းဘဲမ လက်မခံ၊ တဂတ်ဂတ် မြည်သံပေးကာ၊ ခုလို ဆိုပါတယ်။

"မျက်လုံးပြူးပြူး၊ နဖူးပြောင်လက်၊ ပါးစပ်က ကျယ်၊ အစွယ် တဖွေးဖွေးနဲ့၊ အမောင် ကြောင်ကလေးရေ ... ၊ အမောင်ရဲ့ ဖိတ်ကြားချက်၊ မမ လက်ခံချင်ပါရဲ့၊ ဒါပေမဲ့ကွယ်၊ မမရဲ့ ကလေးများ၊ ရေကစားနေကြတာ၊ ခုထိ မလာသေးလို့၊ ရင်မအေးနိုင်၊ မှိုင်နေတဲ့ မမမှာ၊ မြကျွန်းညိုထက်၊ မတက်နိုင်တာ၊ ခွင့်လွှတ်ပါကွယ်"

ဝမ်းဘဲမ စကားအဆုံး၊ ၀ုန်းကနဲ နောက်ပြန်လှည့်ပြီး

"ကလေးတွဲလောင်း၊ သံယောဇဉ်ပေါင်း များစွာပို၊ ဘဲအိုမကြီးအသား၊ ၀ါးရခက်မှာ စိုးသကွယ့်၊ ဘေးမဲ့သာပေးလိုက်မယ်၊ ဟယ် ... ခုထက်ထိအောင်၊ ငှက်တကောင်မှ၊ ငါမရသေးပါလား"

ဗိုက္ထဲက တဂြီဂြီ၊ အော်မြည်နေတဲ့ ကြောင်ကြီးဟာ၊ စပျစ်သီး ချဉ်ပြီးတဲ့ သကာလ၊ နောက်ထပ်ငှက်များကို မြှူဆွယ်ရအောင်၊ ကြံနေပြန်သတဲ့။

ကံအားလျော်စွာ၊ တနေရာအရောက်၊ သစ်ခြောက်ပင်ခြေရင်း၊ ၀ပ်ဆင်းပြီး နေဆာလှုံနေတဲ့၊ ငှက်မငယ်တကောင်ကို တွေ့ပါရော ... ။

ငှက်ငယ်မအနား၊ သူကပ်သွားပေမဲ့၊ ငှက်ငယ်က မလှုပ်ယှက်၊ ငြိမ်သက်လျက် နေလေတော့ ...

"မလှုပ်မယှက်၊ လွန်ငြိမ်သက်လျက်၊ ရင့်ကျက်တည်ကြည်၊ နေနေသည်မှာ၊ အဘယ်မည်သော ငှက်များပါလိမ့်၊ တစိမ့်စိမ့်ကြည့်ကာ၊ သိချင်လာသဖြင့်၊ မေးပါရစေ ... နှမရေ .."

ချိုသာဖွဲ့နွဲ့၊ ကြောင်ရဲ့စကား၊ ငှက်ငယ်မ ကြားတဲ့အခါ၊ နေဆာလှုံရာမှထ၊ အတောင်ကို မ-လျက်၊ မတ်တပ်ကလေး ရပ်တဲ့ပြီး ...

"အို ... ကြောင်အဆွေ၊ ငြိမ်သက်တဲ့ ဣနြေ္ဒနဲ့၊ သစ်ပင်ခြေရင်း၊ ၀ပ်ဆင်းနေတဲ့ ကျမဟာ၊ အတောင်တဘက် ပျက်လို့၊ ပျံသန်းရခက်နေတဲ့၊ ဆက်ရက်မ ပါပဲရှင်"

"ဖြစ်ရလေကွယ်၊ ဘယ့်နှယ်ကြောင့် အတောင်တဘက်၊ ကျိုးပျက်ခဲ့ရပါသလဲ၊ နည်းနည်းလောက် သိခွင့်ပြုပါလား"

"ဒီလိုပါရှင်၊ တခါတရက်၊ အစာရှာထွက်ရင်း၊ သစ်ပင်ထက် နားနေတုန်း၊ ဗြုန်းဆို ... လေးခွကိုစမ်း၊ လက်သရမ်းတဲ့၊ သကောင့်သားရဲ့ လောက်စာလုံး၊ နှလုံးသားဆီ ၀င်လာခိုက်၊ အတောင်နဲ့ အမြန်ကာလိုက်တော့၊ အတောင်ကို တည့်တည့်မှန်၊ ဘယ်တောင်ပံ ကျိုးသွားရတဲ့၊ ကံဆိုးသူ ကျမပါရှင်"

"ဟင် ... သနားစရာ၊ မအ၀ှါရယ်၊ လာ ... လာ ကျနော့်အနား၊ နာကြင်မှုများကို ကုသ၊ ပြုစုယုယလျက်၊ တသက်လုံး ကြင်နာပါ့မယ်၊ အစာလည်း ရှာပေး၊ ရေအေး ရေပူ၊ မငြူစူရအောင်၊ ဆောင်မ ကြည့်ရှု၊ ဂရုစိုက်မှာမို့၊ ကိုယ့်ဆီကိုလာ၊ မကြောက်ပါနဲ့ မအ၀ှါ ..."

ညောင်နာနာ အသံပေး၊ ကြောင်အိုပေမှေးရဲ့ စကားအဆုံး၊ ဆက်ရက်မ အသည်းနှလုံးမှာ၊ ဖရဏာပီတိ၊ ဂွမ်းဆီထိသလို၊ တအိအိငြိတွယ်၊ ယုံလွယ်မိလေတော့သတဲ့။ ဒီလိုနဲ့ .. ကြောင်ပါးနဲ့ ဆက်ရက်မ၊ စကားစမြည် အချီအချ၊ ပြောနေကြတာ အတော်ကြာပြီး၊ အလွန်ရင်းနှီးသွားခါမှ၊ တစတစ၊ ဆက်ရက်မအနား၊ သူ ကပ်သွားပြီး ...

"ကဲ ... ဒီတခါတော့ မလွတ်တမ်း၊ ငါ အမိဖမ်းလိုက်ချေမှ၊ ၀မ်းကလည်း ဟာလှပြီ၊ ဆာသမှ လောင်မတတ်မို့၊ အတောင်တဘက်ကျိုးတဲ့၊ ကံဆိုးမ ရေ ... ဘုရားသာ တ-ပေတော့"

"ဟင် ... ရှင် ... ရှင် ... ကြင်နာချင်ယောင်ဆောင်တဲ့၊ ကြောင်သူတော်ပါလား၊ ဘုရား ... ဘုရား၊ ရှင့်လို ကြောင်စား၊ ယုံမိမှားတဲ့ ကျမ၊ ကံဆိုးမ သွားလေရာ၊ မိုးလိုက်လို့ ရွာပါပေါ့၊ တခုတော့ တောင်းပန်ပါရစေ၊ မသေခင်လေး၊ ဘုရားကန်တော့ခွင့် ပေးပါရှင်"

ဆက်ရက်မရဲ့ တောင်းပန်ချက်၊ ကြောင်ပါးကြီး လက်ခံတဲ့အခါ၊ အတောင်နှစ်ဘက်ကို ယှက်မိုး၊ ဘုရားရှိခိုးရင်း၊ ဆက်ရက်မ ငိုချင်းချသတဲ့။

"ဘုရားသခင်၊ အို ... အရှင်၊ အကြင်ကြောင်ပါး၊ မုသားချိုချို၊ လိမ်ညာဆိုစကား၊ ကျွန်တော်မျိုးမ ယုံစားကာ၊ မေတ္တာရှေ့ထားလျက်၊ အသက်ထက်မြတ်နိုး၊ အားကိုး ခဲ့မိပါသည် ဘုရား၊ ဤအမှန်တရား၊ သစ္စာစကားသည်၊ ထာဝရတည်လျက်၊ ထက်မြက်စူးရှပါစေသား၊ အရှင်ဘုရား ... "

ဆက်ရက်မ ငိုချင်း၊ နားကြားပြင်းကတ်၊ ကြောင်အငတ်က၊ ဖျတ်ခနဲ ခုန်အုပ်၊ ဂုတ်ကိုလှမ်းဆွဲ၊ လည်ကိုအခဲမှာ၊ ဆက်ရက်မ ခမျာလည်း၊ သေပွဲဝင်သွားရှာသတဲ့။

"စားရကံကြုံတော့၊ တချက်အခုန်ပါပဲလား၊ ဟား ဟား ဟား၊ ဘယ်နားက စ၊ စားရပါ့မလဲ၊ အဲ ... ရင်ကိုခွဲပြီး၊ အသည်းကိုစားရင်၊ အားအင်ပြည့်ဖြိုးတယ်ဆိုလား၊ ကြားဖူးတာပဲ၊ ကဲ ... ခွဲပဟ"

ငတ်ကြီးကျတဲ့ ကြောင်ပါး၊ ဘယ်တောင်ပံကိုချန် ကျန်တာတွေ အကုန်စားပြီး၊ သွားကြားလေး ထိုးနေရင်း၊ သူစဉ်းစားပြန်တယ်။

"အင်း ... ဒီတောင်ပံကို ကင်၊ ဘီယာနဲ့ မြည်းလိုက်ရရင်တော့၊ အာဂပါးစပ်၊ ကြောင်ဖြစ်ကျိုး နပ်မှာပ၊ ငတ်ခဲ့သမျှ၊ အတိုးချလို့၊ အရိုးက မကျန်ဝါး၊ တိုင်းဂါးလေး ဖောက်၊ တကျိုက်လောက် မြို၊ လောကစည်းစိမ်ကို ခံဦးမှ"

ဘီယာတကျိုက်၊ တောင်ပံတကိုက်နဲ့၊ နှစ်ခြိုက်ပျော်မြူး၊ စည်းစိမ်ယစ်မူးနေဆဲ၊ တောင်ပံထဲက အရိုးတချောင်း၊ သူ့လည်ချောင်းမှာ စိုက်သွားလေတော့တယ်။

"အ.. အာ ... အား ....၊ ဘယ့်နှယ့်များပါလိမ့်၊ ကြောင်ပါး အရိုးမျက်၊ နေရခက်လှဘိ၊ မခံချိ မခံသာ၊ လည်ချောင်းနာလှချည်ရဲ့"

မဲ့တဲ့တဲ့ဆို၊ ကြောင်ပါးအိုက၊ ထွေးမြိုမရ၊ လည်ချောင်းဝက အရိုး၊ ထုတ်ဖို့ သူကြိုးစားရာက၊ ဆက်ရက်မစကား၊ နားထဲမှာ ကြားယောင်မိလာတယ်။

"ဆက်ရက်မ သစ္စာ၊ ငါ့လည်ချောင်း လာစူးရပြီ၊ သေသည်ထိ ဒုက္ခ၊ ပေးလှတဲ့ ဆက်ရက်မ၊ (အင်း ... ဘာပဲဖြစ်ဖြစ်) ကောင်းရာဘ၀ ရောက်ပါစေ၊ အမျှဝေ ဆုတောင်း၊ လည်ချောင်းဝက အရိုး၊ တဟုန်ထိုး ထွက်ပါစေသား၊ အရှင်ဘုရား"

လိမ်လည်လှည့်ဖျား၊ မုသားပြည့်လျှံ၊ ကြောင်ပါးရဲ့ ဆုတောင်းသံကို၊ ဗြဟ္မာ သိကြား၊ နတ်အများက၊ ဥပေက္ခာပြု၊ လစ်လျူရှုလိုက်ကြလေတော့၊ ကြောင်မိုက်ကြီး အဖြစ်ဆိုး၊ နင်နေတဲ့ အရိုးဟာ၊ တသက်တာလုံး စူး၊ ဘယ်လိုမှ နှုတ်မရတော့ဘူး ... တဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ... ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ဟာသ သက်သက် ရေးထားခြင်းမျှသာ ဖြစ်ပါကြောင်း ... ။ :)
***
မေဓာဝီ
၂၇၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၃း၃၀ နာရီ

32 comments:

ကလိုစေးထူး said...

ပို့စ်လေးရာမြောက်နောက်ပိုင်းတော့ နားသွားတာ မဟုတ်ဘဲ ဆက်ရေးစေချင်သေးတယ် မမေ။ အခု နောက်ဆုံးပို့စ်က ကျနော့် အရင်ဆုံး ဖတ်မိတာ (ထင်တယ်) ဆိုတော့ ဦးဦးဖျားဖျား သဘောမျိုး အရင်ဆုံးပဲ ကွန်မန့် လာရေးလိုက်ပါတယ်။ ပြောင်မြောက်လွန်းပါတယ်။ ဒီကြောင်အိုတော့ အရိုးနင်တာ နည်းတောင်နည်းသေးတာပေါ့။

pandora said...

တို့မမေက စလေဆရာဟန် နဘေကာရန်တွေနဲ့ အကြံကောင်းတစ်ချက် ဟာသစွက်လို့ ကြောင်နဲ့ငှက်ဇာတ် တစ်ခန်းရပ်ကို လှပ်ခနဲပြ သဘောကျစရာပါလား ဟိုက်ရှားပါး . .။

Anonymous said...

အမ.. ကြောင်အိုကြီးက အရိုးနင်နေတာ မသေမချင်း တသက်လုံးပေါ့နော်..
ဖတ်လို့ကောင်းလိုက်တာ အမရာ...
လောက မှာ လိမ်ညာဟန်ဆောင်ပီး ဖျက်ဆီးတတ်တဲ့ ကြောင်ပါးလို လူမျိုးတွေ မရှိရင် သိပ်ကောင်းမှာပဲနော်..။

အဲဒီကြောင်ပါးရဲ့ မျက်နှာကတော့ ကြောက်စရာကောင်းမှာပဲနော်.. မြင်ကြည့်ရင်းနဲ့ ကြက်သည်းတောင်ထမိပါရဲ့..။

ရေးတတ်လိုက်တာ..အမရာ..
“ဆံထုံးတော်ကြီး တမာသီး ”နဲ့ ဆိုတာကို မြင်ယောင်ရင်း..ဒီအပိုဒ်လေးကိုစွဲမိတယ်..
“ကြင်နာချင်ယောင်ဆောင်တဲ့၊ ကြောင်သူတော်ပါလား၊ ဘုရား ... ဘုရား၊ ရှင့်လို ကြောင်စား၊ ယုံမိမှားတဲ့ ကျမ၊ ကံဆိုးမ သွားလေရာ၊ မိုးလိုက်လို့ ရွာပါပေါ့၊”
တဖွဖွရွတိရင်းးးး

ကောင်းလိုက်တာ အမရာ.. တကယ်လက်သံပြောင်တယ်.. ကလောင်စွမ်းတကယ်ထက်ပါပေတယ်..
ဆက်မျှော်နေဦးမယ်နော်..အမ..
ဆက်ရေးပါ...
လေးစားလျက်
ညီမ

philtre said...

Wowwww.... Bravo!!!!! :D
I can feel what u wanna mean behind the post... I like the best this post i ever read ur posts so far... :P great idea,, great writing skill,, keep it up... if u wanna take a relax from blogging, don't take too longggg... :) all the best!

Anonymous said...

very very very
good.

Unknown said...

မကြီးမေဓါဝီရေ.....

စာတွေက ပညာပေးရော.....
ပတ်ဝန်းကျင်အတွက်ပါ.....
သက်ဆိုင်နေသူတွေအတွက်ပေါ့....

စကားလုံးတွေက လန်းတယ်နော်....
တင်ဆက်ပုံတွေလေ....

အားလုံးအဆင်ပြေပါစေ...
နေ့သစ်တွေတိုင်းမှာရော...
နက်ဖြန်တွေတိုင်းမှာပါ....

Anonymous said...

အရေးအသားက တော်တော်လေးကို အံ့သြစရာပါပဲ။
ရွှေသွေးဂျာနယ်နောက်က ကလေးကဗျာကတောင် သြောချလောက်ပါတယ်..။း) နဘေကာရန်တွေ နဲ့ကဗျာမရေးပါနဲ့ဦး ။ လေးလုံးစပ်လောက်တော့ ရအောင်အရင်သင်သင့်ပါတယ်လို့။ မြန်မာကဗျာတွေကို ကျွန်တော်က မပျက်စီးစေချင်လို့ပါ။ စေတနာနဲ့နော် ။ လွန်တာရှိ ၀န္ဒာမိပါ ။

Anonymous said...
This comment has been removed by a blog administrator.
ကလိုစေးထူး said...

ဘလော့ဂါဆိုတာက သူ့ခံစားချက်ကို သူရေးတတ်သလို ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ်နဲ့ ရေးဖွဲ့တာပဲဗျာ။ မမေဓာဝီက ၀ါရင့်သဘာရင့် ကဗျာ့ထိပ်ခေါင်ကြီးမှမဟုတ်တော့ လိုအပ်ချက်တွေ ရှိကောင်း ရှိမှာပါ။ အမည်မသိ ပြောလောက်တဲ့အထိ ကဗျာကို ပျက်စီးစေတယ်ဆိုတာကိုတော့ ကျနော် မတွေ့မိပါဘူး။ ပြီးပြည့်စုံတယ်ဆိုတဲ့ ကဗျာအဖွဲ့လေးတွေ အမည်မသိဆီမှာ ရှိရင်လဲ ဖတ်ခွင့်ပြုပါ။ ပညာရတာပေါ့။ ကြိုးစားအားထုတ်မှုမှာ လိုအပ်ချက်တွေ ရှိနေရင်တောင် ကျနော်တို့ အပြုသဘော ပြောတာပိုကောင်းပါလိမ့်မယ် လို့ ထင်ပါတယ်။ ကျနော်အခု ၀င်ပြောတာ ဆရာလုပ်သလို ဖြစ်ရင်လဲ ခွင့်လွှတ်ပါ။ (မမေရေ... ၀င်ရှုပ်မိတာ ဆောရီးနော်)။

Anonymous said...

I am very concerned for the future of Burmese poems.

တန်ခူး said...

၄၀၀မြောက်postဆိုကတည်းက ကလောင်စွမ်းထက်တဲ့ မေ့ရဲ့ ထူးထူးခြားခြားလက်ရာလေးဖြစ်မယ်ဆိုတာ ယုံကြည်ပြီးသား။ အဲဒီလိုပြောင်မြောက်တဲ့အတွေးနဲ့ အဲဒီလိုကျွမ်းကျင်ပိုင်နိုင်တဲ့အရေးက "ကြောင်ခံတွင်းပျက်နဲ့၊ ဇရက်တောင်ပံကျိုး" မှ သိပ်လက်ရာမြောက်တဲ့၊ မှတ်သားစရာတွေ အများကြီးပေးတဲ့ ပုံပြင် - ပြဇာတ် လေးအဖြစ် ဖန်ဆင်းသွားတယ်။ အတုယူလေးစားအားကျမိပါတယ်မေ။ ၄၀၀ postမှသည် နော်postပေါင်း ထောင်သောင်းသိန်းသန်းတိုင်ပါစေ။

Anonymous said...

ွှ အရမ်းဖတ်လို့ကောင်းပါတယ်အစ်မ၊ ဒီလို ပို့စ်ကောင်းကောင်းလေးတွေထပ်တင်ပါအုံး

Anonymous said...

ရွှေသွေးဂျာနယ်ကို ညွှန်းထားတဲ့ အမည်မဲ့က ရွှေသွေးကဗျာပဲ ဖတ်ဖူးတယ် ထင်တယ်။ ကြုံရင် ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ဖတ်ပြီး လေ့လာကြည့်လိုက်ပါအုံး။ ပြောသာပြောရ ကြာားဖူးရဲ့လားမသိ။ ;)
မြန်မာကဗျာဆိုတာ ဘာတုန်းဆိုတာ သေချာသိချင်ရင် မမေဓါဝီရဲ့ ဘလော့မှာမြန်မာကဗျာနဲ့ ပတ်သက်လို့ ရေးထားတဲ့ ပို့စ်တွေ ရှာဖတ်ကြည့်လိုက်နော်။

Khin said...

good post to read .. congratulations

keep on working with your present life

be practical

best of luck!

Anonymous said...

အမ စာမေးပွဲဖြေနိုင်ပါစေ..။
အမကို လေးစားတဲ့စာဖတ်ပရိသတ်တွေက အမပြန်လာမှာကို မျှော်နေကြတယ် နော် အမ..

လေးစားလျက်

စူး said...

မမေ.. မမေစာတွေကို အားကျလေးစားလို့.. မြတ်နိုးလဲ ဘလော့လုပ်ထားပါတယ်။ မပီးတော့မပီးသေးပါဘူး။
လင့်ချိတ်ခွင့်ပေးပါနော်။

Nay Myo said...

အရမ်းကောင်းတဲ့ post လေးပဲ မမေဓာဝီ ဒီ post လေးတစ်ခုထဲနဲ့ ကျွန်တော် ခင်ဗျားရဲ့ပရိသတ်ဖြစ်သွားပြီ။
အားပေးပါတယ်ဗျာ။

Anonymous said...

အရမ်းကောင်းပါတယ်။ဖတ်ပီးတိုင်း တယောက်သောသူကို ပြေးမြင်မိတယ်။ တိုက်ဆိုင်တာပဲလား မဆိုနိုင်ပေမဲ့ ကြံကြံဖန်ဖန် တိုက်ဆိုင်နေတယ်လို့ပဲ...ဒါနဲ့ စကားမစပ်
မမေ.. ကြောင်ပါးဆိုတဲ့ လူနဲ့တော့ မမေ မတွေ့ခဲ့ ပါဘူးနော်။ကြောင်ပါး ဆိုတဲ့လူ ဒီတသက်တော့ အရိုးနင်နေမှာ သေချာတယ်။
နောက်ထပ် စာကောင်းတွေမျှော်နေပါတယ်။

လေးစားလျှက်

Anonymous said...

Great one!!!

စူး said...

လေးစားရပါသော မမေ..
မြတ်နိုးဘလော့ ဖွင့်ထားပီးပါပီ အချိန်ရရင် လာ လည်ပေးပါနော်။ ဟီး
မြတ်နိုးကတော့ မမေတို့လို မရေးတတ်ပေမဲ့
ရေးတတ်တဲ့ မမေတို့လိုလူတွေကို လင့်ချိတ်ထားပါတယ်။

လေးစားလျက်
မြတ်နိုးရဲ့ ဘလော့လိပ်စာက
www.yuyamyatnoe.blogspot.com

Anonymous said...

မမရေ....

အရမ်းကောင်းတယ်။ ရတနာက မမဆီက ခွင့်မတောင်းဘဲ မမရဲ့ ပို့စ်တွေကို ပရင့်ထုတ်ထားမိတယ်။ ရတနာ သိပ်ကြိုက်လို့ပါ။ အင်တာနက်နဲ့ ဝေးနေတဲ့ ရတနာ့မောင်လေး၊ ညီမလေးတွေ၊ ပြီးတော့ ကွန်ပျူတာကနေ စာမဖတ်တတ်ဖူးဆိုတဲ့ သူငယ်ချင်းတွေကို ဖတ်စေချင်လို့ပါ။ တော်တော်များများကို ရတနာ ပရင့်ထုတ်မိပါတယ်။ ရတနာ့ကို စိတ်မတိုပါဖူးနော်။ ရတနာ မမရဲ့ စာတွေကို ဘယ်လိုမှ အလွဲသုံးစားမလုပ်ဖူးလို့ ကတိပေးပါတယ်။ အခုဟာက မမရဲ့ စာတွေကို ပရင့်ထုတ်ပြီး သွားရင်းလာရင်းလည်း ဖတ်နေတတ်လို့ပါ။ ခွင့်မတောင်းဘဲ လုပ်မိတာ ခွင့်လွတ်စေချင်ပါတယ်။ နောက်ထပ်လည်း ရတနာကြိုက်တာတွေကို ပရင့်ထုတ်ခွင့် ပေးစေချင်ပါတယ်.။

ကျေးဇူးတင် လေးစားစွာဖြင့်
ရတနာစိုး

kyawlin said...

၄၀၀ မြောက်ပို့စ်ဖြစ်လို့လားမသိ..ပြောင်မြောက်ပါပေတယ်..

ညီအကိုများ said...

great!! စာတွေအများကြီးဆက်ရေးနိုင်ပါစေ။
konay(YNP)
www.ynp-net.info

Yan said...

ကောင်းလိုက်တဲ့ ပြဇာတ်... မမေရဲ့ ပညာရည်ပြည့်ဝမှုကို အတိုင်းသားမြင်တွေ့နေရတယ်. ဘယ်လိုချီးကျူးရမှန်းတောင် မသိတော့ဘူးဗျာ. ကဗျာက၀ိတစ်ဆူ ပေါ်ထွက်လာတယ်လို့သာ ရည်ညွှန်းချင်ပါတယ်...

နောက်ထပ်များများ ရေးနိုင်ပါစေဗျား. ဖတ်ရတာ အင်မတန်အရသာရှိပါတယ်.

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Notebook, I hope you enjoy. The address is http://notebooks-brasil.blogspot.com. A hug.

Anonymous said...

အလွန်ကောင်းတဲ့ ပိုစ်လေးပါ.. ဖတ်ပြီးတာနဲ့
လူ့လောက ကြီး က လူပါးတွေ ကို ရှောင်ရှားနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်

Anonymous said...

အမ.. စာမေးပွဲ ကောင်းမွန်စွာ ဖြေနိုင်ပါစေ။

ညီမ

တန်ခူး said...

မေရေ...စာမေးပွဲပြီးပြီလား။ Blogတခုမှာ မေ့commentတွေ့လို့ လွမ်းလို့ လာချောင်းတာ။

paganthar said...

Mingalar par ma maydawe blog pyan yay lar lot wan thar par tae. ma maydarwe yatt sar tway ko phat chin lot wait nay tar kyar par bi. ah kyo pyu sar tway myar myar yay naing say

smile

Anonymous said...

:)

little Artikino said...

www.yuyamyatnoe.blogspot.com က ဘာလို့ ဝင်လို့ မရတော့တာလည်း?

သူကြီးမင်း (တုံးဖလား) said...

အင်းးး မေဓာတို့တော်ချက်၊ ဆက်ရက်နှင့်ကြောင်၊ ထိုနှစ်ကောင်စလုံး၊ အဖြစ်ရှုံးရတဲ့ ဒုက္ခ။ ပီသအောင် ရေးခြယ်ပြီးသကာလ၊ ဘေးဖယ်စရာ ဘာမှမရှိလေအောင်။ အသရေကို ဆောင်နိုင်ပါပေရဲ့။းဝ)