Wednesday, August 15, 2007

ခဏတဖြုတ် အတွေး

ဒီမနက် ကျမတို့ဆီက ၀န်ထမ်းတယောက် ရုံးရောက်လာတဲ့အချိန်က မနက် ၁၀ နာရီ ထိုးနေပါပြီ။ သူလာရမယ့်အချိန်က မနက် ၈ နာရီ။ လိုင်းကားတွေမထွက်လို့ စောင့်ရင်း စောင့်ရင်း နောက်ကျနေတာနဲ့ အောက်ဆိုက်ကားကို ဈေးကြီးပေးစီး ခဲ့ရတယ် ပြောပါတယ်။ နောက်တခါ စာလာသင်တဲ့ဆရာတယောက်လည်း လိုင်းကားစောင့်ရင်း အချိန်နောက်ကျပြီး ကားမရတဲ့အဆုံး ကျောင်းကြိုကား တစီးကို လက်တားလို့ တောင်းတောင်းပန်ပန် စီးခဲ့ရပါသတဲ့။

ဒီအဖြစ်အတွေရဲ့ မြစ်ဖျားခံရာကတော့ ဓာတ်ဆီ ဒီဇယ်နဲ့ CNG ဈေးတွေ ရုတ်တရက် တက်သွားလို့ပါပဲ။ CNG က ၇၀၀ နှုန်းကနေ ၃၅၀၀ ဖြစ်တယ်တဲ့။ ဓာတ်ဆီက ၂၅၀၀ နဲ့ ဒီဇယ်က ၃၀၀၀ လို့ မနေ့ည ၁၂ နာရီမှ အမိန့်ထွက်လို့ ဒီမနက်ကစပြီး ဈေးတွေ ပြောင်းလဲ သတ်မှတ်လိုက်ပါသတဲ့။ အဲဒီနောက်ဆက်တွဲ ဂယက်ကတော့ ဘယ်လောက်ထိ ရှိလာဦးမယ် မပြောတတ်ပါဘူး။ သေချာတာက တော့ ကုန်ဈေး နှုန်းတွေ တက်ဦးမှာပါပဲ။

ဒါနဲ့ ကျမလည်း ကမန်းကတန်း ဈေးကိုပြေးပြီး လိုအပ်တဲ့ အခြောက်အခြမ်းတွေ ၀ယ်ထားရပါတယ်။ ကြက်သွန်နီတွေက ဟိုတလောကတည်းက ၆၀၀ ကနေ ၁၂၀၀ ထိ တက်လိုက်တာ ၁၀၀၀ အထိပဲ ကျပြီး ဒီထက် ပြန်ကိုမကျတော့ဘူး။ ရန်ကုန်ပဲဆီသန့်က တပိသာကို ၃၉၀၀။ ကြက်သွန်ဖြူက ၂၄၀၀။ အာလူးက ၈၀၀ တဲ့။ ကန်စွန်းရွက်တစည်း ၁၅၀၊ ကြက်ဥတလုံး ၁၃၀။ အင်း … ဟိုနေ့က အိမ်ကိုလာတဲ့ လက်သမားဆရာတယောက် အဖေ့ကိုပြောသွားတာ။ သူတို့ စားတဲ့ ဆန်က နို့ဆီဗူး တလုံးကို ၁၀၀ ပေးရသတဲ့။ အိမ်မှာစားတဲ့ဆန်ကတော့ ကျမ မ၀ယ်ရတော့ ဘယ်ဈေးမှန်း မသိဘူး။ မေးလည်း မကြည့်မိဘူး။

ခုတလော မီးတွေလည်း ပြန်ပျက်နေပြန်ပါပြီ။ မီးပြန်ပျက်တော့ မီးစက်နှိုးရင်တောင် ဒီဇယ်ကဈေးတက်နေတာမို့ မီးစက်မနှိုးဘဲ ဖယောင်းတိုင်လေးထွန်းပြီး “ရွာငယ် ဇနပုဒ် မီးကလေးမှိတ်တုတ်” လုပ်နေရ ကောင်းမလားပဲ။ လုပ်ငန်းတွေလည်း အကုန်ရပ်၊ လူတွေလည်း ဘာအလုပ်မှလည်း မလုပ်ဘဲ အမှောင်ထဲ ငုတ်တုတ် ထိုင်နေကြရင်ဖြင့် အေးအေးချမ်းချမ်း ရှိမလား။ ကဲ ကဲ .. အကောင်းဘက်က လှည့်တွေးကြည့်ရအောင်ပါ။ မီးပျက်တာလည်း ခပ်ကောင်းကောင်း။ မပျက်ရင် မီတာခက တလတလ မနည်းဘူးလေ။ မီတာခကို သူတို့က “ညှိလို့ရပါတယ်” ဆိုပေမဲ့ ကျမတို့ကတော့ မညှိပါဘူး။ ဒါဟာလည်း ခိုးခြင်းတမျိုးပဲ မဟုတ်လား။

အင်း … ဓာတ်ဆီ ဒီဇယ်ဈေးတက်လည်း အကြောင်းတော့မဟုတ်ပေါင် … ကုန်းကြောင်းသာ လျှောက်ကြပါစို့။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ဆန်တို့ ကြက်သွန် အာလူးတို့ ဈေးတက်တော့လည်း မစားရုံပေါ့။ ဆန်ပြုတ်ကလေး ပြုတ်ပြီး ဆားလေးခပ်သောက် အစာကျေတယ် လေနိုင်တယ်။ အာလူးတွေ ဘာတွေက ကိုလက်စထရောများတယ် မစားနဲ့။ ဆီဆိုတာလည်း မစားတာကမှ ကျန်းမာရေးအတွက် ပိုကောင်းတာ။

ဒါနဲ့ ဒေါ်လာဈေးက ၁၃၂၅ ကျပ်တဲ့။ ဒါလည်း ကိုယ်နဲ့ မဆိုင်ပါဘူး။ ဒေါ်လာကြီး ဘာလုပ်ရမှာမို့လဲ … သူ့ဟာသူ ဘယ်လောက်ဖြစ်ဖြစ် … ကိုယ်မှသုံးလို့ရတာ မဟုတ်ဘဲနဲ့။ ဗမာပြည်မှာနေတာမို့ ဗမာကျပ်ငွေပဲ ဂရုစိုက်ရမှာပဲ။ အင်း … ကျပ် … ကျပ် … ကျပ်က တယ်လည်း ကျပ်သကိုး။ ဒါကြောင့် အမေတို့ ခဏခဏ ပြောတာ ငွေတွင်းက နက်တယ်တဲ့။ ဘယ်လောက်အနက်ပေထိ နက်သလဲတော့ တခါမှ တူးမကြည့်ဖူးလို့ မသိဘူး။ ဒီခေတ်ကြီးမှာတော့ နက်တဲ့သူအဖို့နက်ပေမဲ့ ရှပ်တဲ့သူ အဖို့တော့ ခပ်ရှပ်ရှပ်ကလေးပါပဲ။

အဲ … နေ့ခင်းနေ့လည် ခဏတဖြုတ် ယောင်တောင် ပေါင်တောင် ဟိုတွေး ဒီတွေး တွေးရင်းနဲ့ ရေးလိုက်မိတာပါ။ မိုးရာသီပေမဲ့ မိုးကလည်း ရွာမလိုလို မရွာမလိုလို၊ ချိန်းသလိုလို မချိန်းသလိုလို၊ ကောင်းကင်မှာလည်း အခုပဲ မိုးတွေညို့လိုက် ခနနေ နေပြန်သာလိုက်လိုက်နဲ့။ ဘာဖြစ်နေမှန်း မသိဘူး။ နေလို့ မကောင်းတဲ့ ရာသီပဲ။ ပူစပ်ပူလောင်ရာသီမှာ ခဏတဖြုတ်တွေးရင်း ကမန်းကတန်း ရေးလိုက်မိတာ လူလည်း ချွေးတွေထွက်နေလို့ အတွေးတွေကလည်း စေးကပ်ကပ်နဲ့ ဖြစ်နေမလား တော့မသိ။

မေဓာဝီ
သြဂုတ် ၁၅၊ ၂၀၀၇
မွန်းလွဲ ၃ နာရီ ၃၅ မိနစ်

9 comments:

Anonymous said...

ဒီကနေ့ ခေတ်ကိုရောင်ပြန်ဟပ်ထားတဲ့ ပို့ (စ)ကလေး..တင်ပြပုံကောင်းပါတယ်… ကျွန်တော့်စွမ်းအင်ဆောင်းပါးတွေမှာ ဇစ်မြစ်လိုက်ထားတာ အဲဒါတွေ က အမြန် ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေရှိပါတယ် ဆိုတာအထောက်အထားလေးတွေနဲ့ တင်ပြခဲ့တာပါ…ဟိုဘက်ခြံကမီးထိန်ထိန် ဆိုသလို ယိုးဒယားကိုရောင်းနေတဲ့စွမ်းအင်တွေက မြန်မာပြည်လက်ရှိပေးနေတဲ့ဟာရဲ့  သုံးဆမကထုတ်လို့ ရရက်နဲ့ နော်…အေးဗျာ..ဒီလိုတရားသဘောနဲ့ ဖြေတွေးတွေးတော့လဲကုသိုလ်စိတ်ဖြစ်တာပေါ့…ကောင်းပါတယ်…

pandora said...

ဘာအရေးလဲ.. ဆိုက်ကားစီးကြမယ်လေ.
မြင်းလှည်းတို့ လန်ချားတို့ ပြန်ပြေးရင် ဘယ်လိုနေမလဲ. မမေ.. ထိုင်စီးလိုက်ရင် ခန့်ခန့်ကြီး နေမှာ.. ဟဲ

kay said...

ကောင်းလိုက်တာ..သာသာလေးရယ်..
စာရေးပုံကောင်းလို့ပြုံးမိပေမဲ့...ရင်ထဲကအမောလုံးကြီးတက်လာလို့..ပြုံးပျက်ပျက်ကြီးဖြစ်သွားတယ်..

San Da said...

thanks a lot and keep writing about the social news I love to hear it.

Anonymous said...

ကျပ်ချက်ကတော့ ရင်တောင်ကျပ်ချင်သလိုလိုဖြစ်လာလို့၊ အသက်ရှူတောင်မ၀ချင်တော့ဘူး။ ကိုင်းဘာဆက်လုပ်ကြမလဲ???????????

ငစနေ said...

လွန်ခဲ့တဲ့ အနှစ် ၂၀ ... ၁၉၈၇ စက်တင်ဘာ ၅ ရက် ... အဆုံးမရှိတောက်လောင်မည့် မီးတို့ကို စတင်စွဲလောင်စေခဲ့တဲ့နေ့ ... အခုလဲလာပြန်ပြီ ... အပူတွေ၊ ပွတ်တိုက်ခြင်းတွေ၊ ဘယ်တော့ မီးပွားတွေထွက်လို့ မီးစွဲလောင်မယ်မသိ ...

Anonymous said...

Let me correct something, actually, potato contains much Carbohydrate, NOT cholesterol.
You can check in the following link
http://waltonfeed.com/self/ntr8.html

MYO HAN HTUN said...

ကြက်ဥတစ်လုံး ၁၃၀ ဆိုတော့ ... ထိုင်းနိုင်ငံ ဘန်ကောက် မှာတောင် မြန်မာပြည်ထက် ဈေးနည်းနည်း သက်သာ နေသလားလို့ ..

ကုန်ဈေးနှုန်းများ သိရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ကိုတိုး

kanaung said...

နဲနဲဖြစ်ရင်အူတာပဲ။အားလုံးတပြေးညီတက်တာ။စောင်.ကြည်.ပါဦးခဏတော.သီးခံပေးကြပေါ.။ကောင်းအောင်လုပ်ပေးတာကိုနားမလည်ရင်ဖင်ရောပါးစပ်ရောပိတ်ပီးစောင်.ကြည်.