Thursday, August 02, 2007

ဗိုလ်လုပ်လိုသလား (၄)

ဗိုလ်လုပ်လိုသလား (၃) ကို ဇွန်လ ၂၇ ရက်နေ့က ဖော်ပြခဲ့ပြီး ဒီကြားထဲ အမှတ် (၄) ကိုမဖော်ပြဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒီကနေ့တော့ အမှတ် (၄) ကို ဆက်လက် ဖော်ပြလိုက်ပါမယ်။ အမှတ် (၃) မှာ သဒ္ဓါဗိုလ်အကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ အခု ဖော်ပြမှာကတော့ ၀ီရိယဗိုလ် အကြောင်းပဲ ဖြစ်ပါတယ်။

၂။ ၀ီရိယဗိုလ်

ဝီရိယဗိုလ်ဆိုတာ ၀ီရိယ + ဗလ ပုဒ်နှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ၀ီရိယ ဆိုတာ အားထုတ်မှု လုံ့လကို ဆိုပါတယ်။ ဗလကတော့ အားကြီးမှု အားကောင်းမှု ဆိုတဲ့ အဓိပ္ပါယ်မို့ နှစ်ခုပေါင်းလိုက်တော့ အားကောင်းသော အားကြီးသော လုံ့လ လို့ အဓိပ္ပါယ်ရပါတယ်။

ဝီရိယမှာ လောကီဝီရိယနဲ့ လောကုတ္တရာဝီရိယ ရယ်လို့ နှစ်မျိုးရှိပါတယ်။

လောကကြီးမှာ အသက်မွေးမှု စတဲ့ လုပ်ကိုင်ဆောင်ရွက်မှု ဟူသမျှမှာ ၀ီရိယနဲ့ ကင်းလို့ မဖြစ်နိုင်ပါဘူး။ ပစ္စည်းဥစ္စာကို အလိုရှိသူဟာ ၀ီရိယရှိမှ ကိစ္စပြီးမြောက် မယ် လို့ဆိုထားပါတယ်။ ပျင်းရိတဲ့သူများဟာ ဆင်းရဲ မွဲတေတတ်ပါသတဲ့။ တချို့ ကံမကောင်း အကြောင်းမလှလို့ မွဲတဲ့သူများလည်း ရှိပေမဲ့ ၀ီရိယရှိမယ်ဆိုရင် တချိန်ချိန်မှာ တက်လမ်းဆိုတာ ရှိနိုင်ပါသေးတယ်။ ၀ီရိယကင်းမဲ့ သူများအဖို့ ကတော့ လမ်းဆုံးအောင် မွဲတတ်ကြပါတယ်။ လောကီအရေးမှာ ၀ီရိယကို အသုံးချခြင်းကြောင့် ဥစ္စာ၊ ပညာ စတဲ့ လောကီရတနာတွေရနိုင်ပါတယ်။

လောကုတ္တရာဝီရိယဆိုတာကလော့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရည်မှန်း အားထုတ်တဲ့ လုံ့လ၀ီရိယကို ဆိုလိုပါတယ်။
* မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင်
* ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပျောက်ပျက်အောင်
* မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင်
* ဖြစ်ပြီးတဲ့ ကုသိုလ်ကို တိုးပွားအောင်

….. အားထုတ်ခြင်းဟာ လောကုတ္တရာဝီရိယ ဖြစ်ပါတယ်။ အဲဒီ ၀ီရိယဟာ အလွန် ကြီးကျယ် မြင့်မြတ်တာမို့ ၀ီရိယဗိုလ် လို့ ဆိုပါတယ်။

မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်ကတော့ သီလနဲ့ ထိန်းသိမ်းရပါမယ်။ သီလကို စောင့်ထိန်းတဲ့နေရာမှာလည်း တော်ရိရော်ရိမဟုတ်ဘဲ မကျိုးမပေါက် မပျက်မစီးအောင် လေးလေးနက်နက် လုံ့လ၀ီရိယနဲ့ ဆောက်တည်ရမှာ ဖြစ်ပါတယ်။ ကိုယ်၊ နှုတ် စင်ကြယ်စေဖို့ သီလစောင့်ထိန်းရသလို စိတ်စင်ကြယ် စေဖို့ ဘာဝနာတရားပွားများဖို့လိုအပ်ပါတယ်။ ဘာဝနာပွားများရာမှာလည်း ၀ီရိယနဲ့ သမာဓိရအောင် ပွားများပါမှ စိတ်စင်ကြယ် တည်ငြိမ်မှာ ဖြစ်ပါတယ်။ စိတ်စင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ဟာ တရားအမှန်ကို သိဖို့ မခဲယဉ်း တော့ပါဘူး။

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပျောက်ပျက်အောင်ကလည်း ကုသိုလ်ကောင်းမှုနဲ့ ဆက်ရ မှာ ဖြစ်ပါတယ်။ သံသရာတလျှောက် မကောင်းမှုတွေ မျိုးစုံ ကျူးလွန်ခဲ့တယ်။ ဒီ မကောင်းမှုတွေအတွက် မကောင်းကျိုးတွေ ခံခဲ့တာလည်း ခံခဲ့ပြီးသလို ကျန်နေ တာတွေလည်း ရှိနေပါသေးတယ်။ ကိုယ်မသိလို့ လုပ်လိုက်မိတဲ့ မကောင်းမှု တခုခု ကို အထပ်ထပ် ပြန်စဉ်းစားနေရင် အကုသိုလ်ကို ပွားယူနေသလိုပါပဲ။ ဒါကြောင့် မသိလို့ လုပ်လိုက်မိပေမဲ့ အဖန်ဖန်အထပ်ထပ် မစဉ်းစားတော့ဘဲ ကုသိုလ်တွေ ဆက်လက်လုပ်ကိုင်ခြင်းဖြင့် အကုသိုလ်အင်အား လျော့နည်းသွားစေပါတယ်။ နောက်ဆုံး အကျိုးပေးခွင့် မရှိတော့ဘဲ အဟောသိကံ ဖြစ်ကောင်း ဖြစ်သွားနိုင် ပါတယ်။ ဒီလိုဖြစ်ဖို့ကလည်း ကုသိုလ်ပြုတဲ့နေရာမှာ ၀ီရိယနဲ့ လေ့ကျင့်ပြုလုပ်သွား ဖို့ လိုအပ်ပါတယ်။

မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင်၊ ဖြစ်ပြီး ကုသိုလ်တွေ တိုးပွားအောင်က လည်း ဒါန၊ သီလ၊ ဘာဝနာ တရားများကို လုံ့လအားထုတ်မှု ရှိမှသာလျှင် ဖြစ်မယ်လို့ ဆိုပါတယ်။
အကုသိုလ်ကုန်ဆုံးမှု၊ ကုသိုလ်တိုးပွားမှု၊ နိဗ္ဗာန်ကို မျက်မှောက်ပြုမှုတို့ဟာ ၀ီရိယ နဲ့ ကင်းလို့ မဖြစ်နိုင်ပါဘူး။
***
“ဥပဒေသ”
ပျင်းရိမှုကို ဖျောက်ပါ။ အားထုတ်မှု၊ စွန့်စားမှု၊ ကြိုးထုတ်မှု၊ မတွန့်ဆုတ်မှု၊ စိတ်မပျက်လွယ်မှု၊ မရော့ရဲမှု ဆိုသော ၀ီရိယတို့ကို ဖြစ်ပေါ်အောင် တိုးပွားအောင်၊ မပြိုကွဲအောင်၊ ကြီးမားအောင်၊ မြဲမြံအောင် အားထုတ်ပါ။ ကြီးကဲသော ၀ီရိယစိတ် တည်မြဲလာသော် ဗိုလ်စိတ် ဖြစ်ပေါ်လာသည်ဟုဆို၏။ ထိုဗိုလ်စိတ်ဖြင့် ဗိုလ်အလုပ် ကို လုပ်သည်ရှိသော်၊ ဗိုလ်အဖြစ်သို့ ရောက်ပေလိမ့်မည်။
***
ဝီရိယဗိုလ်ကတော့ ဒီမျှပါပဲ။ နောက်တပတ်ကျော် (သို့) အလျဉ်းသင့်ရင် သတိဗိုလ် အကြောင်း ဆက်ပါဦးမယ်။ ဆရာတော် အရှင်ကေလာသရဲ့ “ဗိုလ်လုပ်လိုသလား” စာအုပ်မှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်ရှင်။
***
မေဓာဝီ
၂၊ သြဂုတ်၊ ၂၀၀၇
ည ၇ နာရီ ၁၅ မိနစ်

3 comments:

ကလိုစေးထူး said...

ဒီပို့စ်ကို တင်တဲ့ အချိန်က ည ၇ နာရီ၊ မိနစ် နှစ်ဆယ်..တဲ့။ အခု အချိန်အထိဆိုရင် ၉ နာရီလောက် ကြာပြီ ထင်တယ်။ ကွန်မန့် ရေးမယ့်လူ မရှိသေးဘူး။ အဲဒီတော့ ကွန်မန့်ရေးသူ ဗိုလ်လုပ်မှပဲ။ :D
ဝီရိယ ဗိုလ်…တဲ့။ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တော့ ဗိုလ် ဖြစ်ဖို့ အလားအလာ မမြင်…။ ဟိုး ကျောင်းသား ဘ၀ကဆိုရင်လဲ စာမေးပွဲနီးမှ စာကို ကပ် ကျက်လိုကျက်။ တခုခုအလုပ်လုပ်ရင်လဲ နောက်ဆုံး မိနစ်ကျမှ အဆုံးသတ်လိုသတ်နဲ့ ဒါတောင် အခု ပြောနေတာ လောကီ ၀ီရိယ…။ လောကုတ္တရာ ၀ီရိယကတော့ ဝေးလှပါဘိ…။ ဘုရားစင်ရှေ့က နေ့စဉ်သာ ဖြတ်လျှောက်နေတယ်…။ ၀ိရီယ ကောင်းကောင်းနဲ့ ဘုရားရှိခိုးဖို့ဆိုတာက ဝေးးးးး…။ ပို့စ်ကို ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်သွားတာ `ဥပဒေသ´ ကို တွေ့တော့ လုပ်နိုင်တဲ့ အချက်က များတော့ နည်းနည်း အားရှိသွားတယ်။ ဒါပေမယ့် လုပ်နိုင်တဲ့ အချက်ထဲမှာ ထိပ်ဆုံးက `ပျင်းရိမှုကို ဖျောက်ပါ´ ဆိုတာကို အတော် ကျော်ဖြတ်ရအုံးမယ်။ :D
ဒါနဲ့ စကားမစပ်… မမေရဲ့ ပတ်ဝန်းကျင် သရုပ်ဖော် ပို့စ်လေးတွေ မဖတ်ရတာ ကြာပီ။ ဈေးလေး ဘာလေး သွား၊ ဒါမှ မဟုတ် ဆံပင်လေး ဘာလေး ညှပ်ပါအုံး။ ဆံပင်ညှပ်ဆိုင်ရောက်ရင်လဲ ဂျာနယ် တခုခု ဖြစ်အောင် ဖတ်နော်။ နောက်ဆုံး ဈေးလဲ မသွား ဆံပင်လည်း မညှပ်ဖြစ်ရင်တောင် လက်ဖက်ရည်ဆိုင်တော့ ထိုင်ဗျာ။ :P
နောက်တာပါဗျာ။ ဘာပဲပြောပြော အဲဒီပို့စ်လေးတွေကိုတော့ သတိရတယ်။

Unknown said...

ဗိုလ်လုပ်ဖို့ တကယ်မလွယ်တာပဲ။ ဒါပေသည့် ဗိုလ်ကျသူတော့အများသားနော်။ :)

Philip Shield said...

ကျန်တဲ့ ဗိုလ်တွေလည်း စောင့်ဖတ်ပါမယ်။ အရင်က "သဒ္ဒါ၊ ပညာ၊ သမာ၊ ၀ီရိ စောင်းနှယ်ညှိလော့" ဆိုတာလောက်တော့ ကြားဖူးတယ်။း)