Wednesday, August 01, 2007

မေတ္တာဖြင့် ...

ကျမက စာတပုဒ်ရေးပြီးတိုင်း အဆုံးမှာ “မေတ္တာဖြင့်” လို့ များသောအားဖြင့် ရေးလေ့ရှိပါတယ်။ ဘာကြောင့် ရေးဖြစ်ရသလဲဆိုတော့ မေတ္တာစိတ်ကို အလွန် နှစ်သက်လို့ပါပဲ။ စာတပုဒ်ကိုရေးရင် မေတ္တာစိတ်နဲ့သာ ရေးချင်တယ်၊ ရေးပြီးတဲ့ အခါမှာလည်း ကျမစာကို ဖတ်တဲ့ စာဖတ်သူတွေအပေါ် ကျမရဲ့ မေတ္တာစိတ်ဝေမျှ ချင်တယ်၊ စာဖတ်သူတွေလည်း မေတ္တာစိတ် တိုးပွားစေချင်တဲ့ ဆန္ဒ ကြောင့်ပါပဲ။

မေတ္တာစိတ်ဟာ အေးချမ်းတယ် မဟုတ်ပါလား။ ကျမဟာ ပူလောင်မှုတွေ ကြုံရ တိုင်း မေတ္တာကိုသာ နာနာပွားမိ ပို့မိတယ်။ မေတ္တာစိတ်ဟာ ကိုယ်တိုင် အေးချမ်း သလို သူတပါးကိုလည်း အေးချမ်းစေပါတယ်။

မေတ္တာဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို သေချာသိခဲ့တာကတော့ ကျမ ဆယ်တန်းအောင်ခါစ အချိန်ကပါ။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက်ခင် အားလပ်နေစဉ်မှာ အဖေက ကျမတို့မောင်နှမတတွေကို ဗိုလ်တထောင်ဘုရား ခြေတော်ရင်းမှာ ဖွင့်လှစ်ထားတဲ့ မြတ်ရတနာ ဘာသာရေးသင်တန်းကို တက်ရောက်သင်ကြားစေပါတယ်။ အဲဒီသင်တန်းမှာ အခြေခံဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ မြန်မာစာ၊ ပရိတ် စတဲ့သင်တန်းတွေကို တက်ရောက်နေစဉ်မှာပဲ သင်တန်းဆရာကြီး ဦးမြသောင်းရဲ့ “မေတ္တာဗြူဟာအသင်း”မှာ ရာသက်ပန်အသင်း သားအဖြစ် အသင်းဝင်ခဲ့ပါတယ်။

အသင်းသားတွေစုဝေးပြီး တပတ်တကြိမ် စုပေါင်းမေတ္တာပွားကြတယ်၊ သင်္ကြန်နဲ့ နှစ်ဆန်းတရက်လိုနေ့မျိုးမှာ အသံမစဲ မေတ္တာပွားကြတယ်။ ၀ါခေါင်လပြည့် မေတ္တာ အခါတော်နေ့ ကျင်းပကြတယ်။ နှစ်လတစ်ကြိမ် မေတ္တာသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြတယ်။ ကိုယ်တိုင်လှူနိုင်တဲ့အခါလှူ၊ မလှူနိုင်တဲ့အခါတော့ ဝေယျာဝစ္စ အလုပ်တွေ မေတ္တာနဲ့ ကူညီလုပ်ကိုင်ပေးကြတယ်။ ဗိုလ်တထောင်စေတီတော်ကြီး ရဲ့ အလှူခံပုံးတွေက ငွေအကြွေ ရေတွက်ပေးတဲ့အလုပ်တွေမှာ မေတ္တာနဲ့ လုပ်ကိုင် ဆောင်ရွက်ပေးကြပါတယ်။ အလွန်ကြည်နူးစရာ အလုပ်တွေပါပဲ။

“မေတ္တာဗြူဟာ” အဖွဲ့ဆိုတာ မေတ္တာပြန့်ပွားရေးအဖွဲ့ဖြစ်ပါတယ်။ ဗြူဟာဆိုတာ ပြန့်ပွားခြင်း၊ ပွားများခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ။ မေတ္တာဗြူဟာ အဖွဲ့ဝင်တယောက်ဖြစ် တဲ့ ကျမဟာ မေတ္တာကို များများ ပြန့်ပွားစေချင်ပါတယ်။ လူသားတိုင်း မေတ္တာစိတ် ထားစေချင်ပါတယ်။ ဒါကြောင့် ကျမ သိခဲ့ နားလည်ခဲ့ သင်ယူခဲ့တဲ့ မေတ္တာရဲ့ အကြောင်း ပြန်လည်ဝေမျှပေးချင်ပါတယ်။
***
မေတ္တာဟူသည် …

မေတ္တာဆိုတာ မိတ်ဆွေသဘော၊ မိခင်သဘောဖြစ်ပါတယ်။ သတ္တ၀ါအားလုံးအပေါ် ရန်သူလို သဘောမထားဘဲ မိတ်ဆွေလို သဘောထားခြင်းဟာ မေတ္တာဖြစ်ပါ တယ်။ သတ္တ၀ါအားလုံးအပေါ် ရင်ဝယ်သားလို သဘောထားခြင်း သနားချစ်ခင်ခြင်း ဟာ မေတ္တာ ဖြစ်ပါတယ်။ သတ္တ၀ါအားလုံးအပေါ် မိတ်ဆွေလို သဘောထားနိုင်ဖို့ မိခင်လို စောင့်ရှောက်နိုင်ဖို့ မေတ္တာစိတ်ဖြစ်ရန် လိုအပ်ပါတယ်။ စစ်မှန်တဲ့ မေတ္တာစိတ် ဖြစ်စေဖို့ လေ့ကျင့်ပွားများ ယူမှ ရနိုင်ပါတယ်။

ဒါန၊ သီလ၊ ဘာဝနာမှာ ဘာဝနာ ဆိုတာ အမြင့်ဆုံးကောင်းမှု အလုပ်ဖြစ်ပါတယ်။ မေတ္တာပွားခြင်းဟာ ဘာဝနာ အလုပ် ဖြစ်ပါတယ်။ မေတ္တာဟာ ဘယ်လောက် မြင့်မြတ်သလဲဆိုရင် မေတ္တာပွားများမယ့်သူဟာ ကြိုတင်ကျင့်ဖွယ် ၁၅-ချက်ကို ဦးစွာ ပြုကျင့်အပ်ပါတယ်။ အဲဒီ ၁၅-ချက်ကတော့ …

၁) ကျင့်စွမ်းနိုင်ရမည်။
၂) ကိုယ် နှုတ် ဖြောင့်မတ်ရမည်။
၃) စိတ်နေ စိတ်ထား ကောင်းစွာဖြောင့်မတ်ရမည်။
၎) ဆိုဆုံးမ လွယ်ရမည်။
၅) စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆) လွန်ကဲတက်ကြွသော မာန်မာန မရှိရာ။
၇) ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
၈) မွေးမြူလွယ်ရမည်။ (သူတပါး အပြုအစု မခက်စေရ)
၉) အမှုကိစ္စ နည်းပါးရမည်။ (အပိုအလုပ်တွေနည်းရမည်။)
၁၀) ၀န်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိရမည်။
၁၁) ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
၁၂) ရင့်ကျက်သော ပညာရှိရမည်။
၁၃) ကိုယ် နှုတ် နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄) ဒကာစွဲ ဆရာစွဲ လူမျိုးစွဲ ကင်းရမည်။
၁၅) ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်မှုကို စိုးစဉ်းအနည်းငယ်မျှ မပြုမကျင့်ရာ။

ပြီးမှ အခုလို မေတ္တာပို့ပါမယ်။
* ခပ်သိမ်းသော သတ္တ၀ါတွေ ချမ်းသာကြပါစေ။
* ခပ်သိမ်းသော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ။
* ခပ်သိမ်းသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

* တယောက်နှင့်တယောက် အမျက်ဒေါသ ကင်းကြပါစေ။
* တယောက်နှင့်တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
* တယောက်နှင့်တယောက် ဒေါသဖြင့် ချုပ်ချယ်မှု ကင်းကြပါစေ။
* တယောက်နှင့်တယောက် ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။

မေတ္တာပို့ခြင်း၊ မေတ္တာပွားများခြင်း၊ မေတ္တာစိတ်နဲ့ နေထိုင်ခြင်းဟာ အကျိုးမမဲ့ပါဘူး။ မေတ္တာရဲ့ အကျိုး ၁၁-မျိုး ရှိပါတယ်။
၁) ချမ်းချမ်းသာသာ အိပ်ရခြင်း။
၂) ချမ်းချမ်းသာသာ နိုးရခြင်း။
၃) အိပ်မက်ကောင်း မြင်မက်ခြင်း။
၎) လူတို့ချစ်ခင်ခြင်း။
၅) နတ်တို့ချစ်ခင်ခြင်း။
၆) နတ်တို့ စောင့်ရှောက်ခြင်း။
၇) မီးဘေး-အဆိပ် လက်နက် ဘေးတို့မှ ကင်းဝေးခြင်း။
၈) စိတ်တည်ကြည်လွယ်ခြင်း။
၉) မျက်နှာအဆင်း ကြည်လင်ခြင်း။
၁၀) မတွေမဝေ ကြည်ကြည်လင်လင် သေရခြင်း။
၁၁) မဂ် ဖိုလ် မရသေးလျှင် ဗြဟ္မာ့ဘုံ၌ ဖြစ်ရခြင်း။
…… တို့ပဲ ဖြစ်ပါတယ်။

မေတ္တာစိတ်ဟာ ဘက်လိုက်ခြင်း မရှိပါဘူး။ သတ္တ၀ါ အားလုံးအပေါ် တပြေးညီ တူညီတဲ့ စိတ်ထားဖြစ်ပါတယ်။ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ သူခိုး ဓါးပြ ဖြစ်စေ မေတ္တာထားသူဟာ အဲဒီအချက်တွေကို မကြည့်ပါဘူး။ သတ္တ၀ါအားလုံးကို ရည်ရွယ်လို့သာ မိမိရဲ့ မေတ္တာကို ပေးဝေငှနေမှာ ဖြစ်ပါတယ်။ (ငါ့မေတ္တာ မောင်ဖြူသာ သက်ရောက်စေ၊ မောင်မဲ မပါစေရ ဆိုရင် ဒါဟာ မေတ္တာအစစ် မဟုတ်ပါဘူး။) ဒါကြောင့် မေတ္တာစစ်ဖြင့် နေထိုင်ခြင်းကို မြတ်သောနေထိုင်ခြင်းလို့ ကျမတို့ ဗုဒ္ဓက ဟောကြားထားပါတယ်။ ကျမဟာ မေတ္တာဖြင့် နေထိုင်လိုပါတယ်။ နေထိုင်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ အပြည့်အ၀ မနေနိုင်သေးသည့်တိုင် တတ်နိုင်သမျှ အားလုံးအပေါ် မေတ္တာ ပျက်ယွင်းခြင်း မရှိအောင် ကြိုးစား ကျင့်ဆောင်နေသူ ဖြစ်တဲ့အတွက် “မေတ္တာဖြင့်” ဆိုတဲ့ စကားလုံးကို သုံးစွဲရခြင်း ဖြစ်ပါတယ်။

မေတ္တာဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးရယူလိုသူတိုင်းဟာ မေတ္တာကို မပစ်ပယ် ကောင်းပါဘူး။ မေတ္တာကို အထင်မသေးကောင်းပါဘူး။ မေတ္တာကို မနှိမ့်ချကောင်းပါဘူး။ မာနဆိုတဲ့ မာန်တက်ကြွ ထောင်လွှားနေသူတွေအဖို့ကတော့ မေတ္တာစိတ်နဲ့ အလွန် အလှမ်းဝေးနေမှာပါပဲ။ တကယ်တော့ မေတ္တာတရားနဲ့ ပတ်သက်လို့ ကျမရေးချင်တာတွေ အများကြီး ရှိပါသေးတယ်။ အကြောင်းအရာ ရှည်လျားရင်ဖြင့် ဖတ်သူတွေငြီးငွေ့မှာ စိုးတဲ့အတွက် “မေတ္တာငြိမ်းချမ်းရေး” ဆောင်ပုဒ်ကလေးနဲ့ ကျမရဲ့ စာကို ခေတ္တ ရပ်နားလိုက်ပါတယ်။ အလျဉ်းသင့်ရင် ထပ်ရေးပါဦးမယ်ရှင်။

“မေတ္တာငြိမ်းချမ်းရေး”

မေတ္တာလမ်းကြောင်း၊ ဖော်ထုတ်ဆောင်းအံ့
ကောင်းလည်းကောင်းလျှောက်၊ ချီးမြှောက်မြတ်နိုး
ဆိုးလည်းမပစ်၊ အချစ်မတုံး
အမုန်းဖြေလွှတ်၊ မေတ္တာဝတ်ဖြင့်
မချွတ်တစေ … ကျင့်တတ်စေ …
မေတ္တာရှေ့ပြေး … ငြိမ်းချမ်းရေး။ … ။

***
မေတ္တာခြုံ၍ လုံကြပါစေ …
မေတ္တာဆောင်၍ အောင်ကြပါစေ …
မေတ္တာထားကြပါစို့ … မေတ္တာပွားကြပါစို့ …

မေတ္တာဖြင့် …

မေဓာဝီ
၁၊ သြဂုတ်၊ ၂၀၀၇
ညနေ ၅ နာရီ

ကိုးကား။
မေတ္တာဗြူဟာအဖွဲ့ - မေတ္တသုတ်တော်နှင့် မေတ္တာကျင့်စဉ်

6 comments:

s_potato said...

ဆီဗုံးလေးရှိရင်ကောင်းမယ်နော်

Anonymous said...

Wow!!
Nice.
Thanks , Ma May.

Thet Oo said...

ဆီပုံးရှိတိုင်း မကောင်းပါ။ တချို့ မသမာသူတွေက ပေါက်ကရ ၀င်ရေးလေ့ရှိပါတယ်။

Anonymous said...

မေတ္တာတရားကို ကိုယ်တိုင်ကျင့်ကြံ အားထုတ်နိုင်သော ပုဂ္ဂိုလ်ထူး ဖြစ်ကုန်စေသတည်း။

ရွက်ဝါ said...

မမေဓာဝီရဲ့ မေတ္တာတရားကြောင်းဆွေးနွေးတင်ပြသွားတာ အလွန်နှစ်သက်မိပါတယ်။ ဆက်လက်တင်ပြပေးပါအုံးလို့ မေတ္တာရပ်ခံပါရစေ။

မေဓာဝီ said...

ဟုတ်ကဲ့ S-potato ... ကိုသက်ဦးပြောသလိုပဲ ဆီပုံးထားရင် မလိုလားအပ်တဲ့ ပြဿနာလေးတွေ ဖြစ်မှာစိုးလို့ မထားတာပါရှင်။ ကျမကိုယ်တိုင်လဲ ကွန်မန့်တွေတိုင်းကို ပြန်ရေးချင်ပေမဲ့ ကွန်နက်ရှင်မကောင်းလို့ ပြန်မရေးနိုင်တာတွေ အများကြီးပါပဲ။ ဆီပုံးမရှိတော့ အဲဒီတခုတော့ နဲနဲ ကသိကအောက် ဖြစ်ပါတယ်။

ဒေါ်လေးဟန ... ကွန်မန့်အတွက် ကျေးဇူးပါ။
anonymous ... ဆုတောင်းပေးသလို ကျင့်ကြံနိုင်ပါရစေ ... ။
ရွက်ဝါ ... ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ ကျရင် ကျမ သိသလောက် ထပ်ပြီး ဖော်ပြပေးသွားပါမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

မေဓာဝီ