Sunday, July 08, 2007

ရွာချိန်သင့်ရာ ညဥ့်အခါ၌ ...

ခုတလော ရန်ကုန်မှာ မုန်တိုင်းရှိလို့ မိုးတွေဆက်တိုက် ရွာနေတာကြာပါပြီ။ နေ့စဉ် မိုးရွာနေတာကြာလာတော့ မိုးကို ငြီးငွေ့လာမိပါတယ်။ မနက်ခင်း ဈေးသွားမယ် ဆိုလည်း မိုးကရွာ၊ နေ့လည်နေ့ခင်း ကိစ္စ ၀ိစ္စ ရှိလို့ ဟိုဟိုဒီဒီသွားမယ်ဆိုလည်း မိုးနဲ့ တိုး၊ ညနေဘက် အပြင်ထွက်မယ်ကြံလည်း မိုးနဲ့ မလွတ် … အဲဒီလို ဖြစ်နေတော့ မိုးကို ဘယ်လောက် ချစ်တယ်ဆိုဆို စိတ်မရှည်တော့ဘူး။ မရွာစေချင်တော့ဘူး။ လူတွေလည်း ဒုက္ခရောက်လှပြီ။ မိုးရွာပြီဆိုတာနဲ့ ရန်ကုန်မြို့ရဲ့ နေရာ တော်တော် များများက ကားလမ်းတွေ ရေလျှံကုန်ကြပြီ။ တချို့ရပ်ကွက်က အိမ်တွေထဲလည်း ရေတွေဝင် ကုန်ကြပြီ။ တချို့ ကျောင်းတွေလည်း ပိတ်ထားလိုက်ရပြီ။

မိုးကတော့ ရွာလို့ကောင်းနေတုန်းပါပဲ။
ရွာကောင်းကောင်းနဲ့ သည်းထန်လွန်းတဲ့ မိုးကိုကြည့်ပြီး ဒီမိုးကြောင့် လူတွေ ဘယ်လောက် ဒုက္ခရောက်ကြမလဲ … လို့ တွေးနေမိရာက ပေါက္ခရ၀ဿမိုးကို သတိရလိုက်မိတယ်။ ပေါက္ခရ၀ဿမိုး ဆိုတာ စိုစေချင်တဲ့သူကိုမှ စိုတဲ့မိုးလို့ ကြားဖူးတာပဲ။ *ပေါက္ခရ၀ဿမိုးဆိုသည်မှာ ကြာတော၌ ရွာသောမိုးနှင့် တူသော မိုး ဆိုလိုသည်။* လို့လည်း ဖတ်ခဲ့ရပါတယ်။ မင်္ဂလာရှိသောမိုး … တဲ့ …။
ဝေဿန္တရာဇာတ်တော်မှာလာတဲ့ ပေါက္ခရ၀ဿမိုးဘွဲ့ကို ကြုံကြိုက်လို့ ဖော်ပြလိုက် ပါရစေ .. ။
မိုးဆောင်းနွေလ၊ သုံးပါးအစု၊ ရတုခြောက်လီ၊ ရာသီပိုင်းဖြတ်၊ ဆဲ့နှစ်ရပ်မှာ၊ ကိတ္တပတ်ရောင်မှိုင်း၊ မြသင်တိုင်းနှင့်၊ ဆိုင်းဆိုင်းညိုသွင်၊ ကြေးမုံပြင်၊ စိမ်းလွင်လဲ့မှုန်၊ ကြော့ကြော့ခြုံ၊ သံစုံလေးတွဲ့၊ မိုးချင်းဘွဲ့လို့၊ အိုဘဲ့တိမ်သား၊ ပြောက်ကျားကျားကြီး၊ ပန်းကုလားရွက်၊ နာနတ်သီးကွက်၊ ချင်းစိမ်းတက်ကဲ့နှယ်၊ အနက်မှာသံရောင်၊ အပြာမှာငှက်ခါးတောင်၊ အနီမှာဘဲကြောင်၊ မှောင်ချင်မှောင်၊ ညိုချင်ညို၊ ကြက်ပကိုမွေး၊ လူရေးလို့မဖြစ်၊ အခြစ်ခြစ်အချုတ်ချုတ်၊ မိုးလုံးပုပ်ကယ်၊ တိမ်အုပ်အုပ်ကြီး၊ ဆင်တဲ့ပြီး၊ ဆီးသီးလုံးလောက်၊ တဖြောက်ဖြောက်နှင့်၊ ချောင်း ပေါက်မြစ်ကမ်း၊ လယ်ကွယ်လျှမ်းအောင်၊ တင်းကျမ်းဖွေးဖွေး၊ ထွေထွေပြေး၊ နီသေးကွက်မြှောင်၊ အိမ်မိုးခေါင်မှာ၊ မြှုံးထောင်ရအောင်၊ ရွာပမိုးလို့၊ ဆိုရိုးနတ်ကဲ့၊ ကြောက်ဖွယ့်ခြိမ်းသံ၊ ရွာသွန်းသည်မှန်သော်လည်း၊ ဝေဿန်ဇာတ်မှာ၊ မင်းကဏှာ နှင့်၊ မင်းဇာလီလှ၊ မောင်နှမကို၊ စူစကာအား၊ လှူစဉ်များတွင်၊ သိကြားချီးမြှောက်၊ ရေတောင်ကြီးမောက်ရသည်၊ ပေါက္ခရသာဒီ၊ ပုလဲလုံးစီသည့်နှယ်၊ ကျူးသီဖြိုးဖြိုး၊ ကျွန်းလုံးငြိမ့်မိုဃ်းမှာမှ၊ မိုဃ်းထူးမိုးဃ်းမြတ် မင်္ဂလာ ... ။ … ။

ကျမတို့ မြို့ရွာမှာ အဲဒီလို မိုးများရွာရင်တော့ အတိုင်းထက်အလွန်ပဲပေါ့ … လို့ တွေးမိတယ်။ ဒါပေမဲ့လည်း မိုးအပါအ၀င် ရာသီဥတု ဆိုတာမျိုးဟာ တရားသဖြင့် အုပ်ချုပ်သောမင်း နဲ့ ပြည်သူပြည်သား အများစုဟာ ကိုယ်ကျင့်တရား ကောင်းမွန် ပါမှ မိုးလေ၀သ ရာသီဥတု ဖောက်ပြန်ခြင်း ကင်းမယ်လို့ ဆိုကြတယ် မဟုတ်လား။ တရားသဖြင့် အုပ်ချုပ်တဲ့ မင်းများလက်ထက်မှာတော့ မိုးခေါင်တာ မိုးကြီးတာမျိုး ဖြစ်ခဲလှပါတယ်။ မိုးကလည်း ရွာချိန်သင့်တဲ့ အချိန်ကျမှသာ ရွာသတဲ့။ မိုးကြောင့် လူတွေကို ဒုက္ခမဖြစ်စေရဘူးဆိုပါတော့။ ခုနေခါ ကမ္ဘာ့နေရာ အနှံ့အပြား ရာသီဥတု ဖောက်ပြန်ပျက်စီး နေကြတာဟာဖြင့် ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ကိုယ်ကျင့်တရားတွေ ယိုယွင်းလာတာကို ပြသနေတာများလား ကျမ စဉ်းစားနေမိ ပါတယ်။

ဒီလိုစဉ်းစားရင်းနဲ့ ကျမအဖေ ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းလေ့ရှိတဲ့ ဆုတောင်း တခုကို သတိရမိပြန်တယ်။ အဖေအမြဲ ရွတ်ဆိုနေလို့ နားထဲစွဲပြီး အလွတ်နီးပါး ရနေခဲ့တာပါ။ အရှင်မဟာဗုဒ္ဓဃောသ ရဲ့ နိဂုံးပတ္ထနာ အာသီသ ဂါထာ လို့ ဆိုပါ တယ်။ အစအဆုံးတော့ မဖော်ပြတော့ပါဘူး … ကျမ စွဲနေမိတဲ့ စာသားလေးကို သာ နိဂုံးချုပ်ဖော်ပြရင်း ဆုတောင်းလိုက်ပါတယ်။
…. …. …. ….
…. …. …. ….
…. …. …. ….
ကာလေန၊ ရွာချိန်သင့်ရာ ညဥ့်အခါ၌။ ၀ါ၊ မြေညံ့ရာအရပ်၌ ငါးရက်တကြိမ်,မြေအလတ်စားရှိရာ အရပ်၌ ဆယ်ရက်တကြိမ်, မြေအမြတ်စားရှိရာ အရပ်၌ တဆယ့်ငါးရက်-လခွဲတကြိမ်ဟု ဆိုအပ်သော ရွာချိန်သင့်သော အခါ၌။ ဒေဝေါ၊ မိုးမင်းသည်။ သမ္မာ၊ ကောင်းစွာ။ ၀ါ၊ အယဉ်ထန်စွာ။ ပ၀ဿတု၊ မြို့ပြပြည်ရွာ ၀ပြောသာအောင် ရွာပါစေသတည်း။
ပေါရာဏာ၊ ရှေးရှေး၌ ဖြစ်ကုန်သော။ သုရာဇာနော၊ ဘုရားအလောင်းတော် စသော မင်းကောင်းမင်းမြတ်တို့သည်။ ပဇံ၊ တိုင်းသားပြည်သူ ရှင်လူအပေါင်းကို။ ရက္ခိံသုယထာ၊ စောင့်ရှောက်ကြလေကုန်ဘိသကဲ့သို့။ တထေ၀၊ ထိုနည်းပုံယူ၊ အတူသာလျှင်။ ရာဇာ၊ တိုင်းပြည်လက်ကိုင် စိုးချုပ်ပိုင်သော နိုင်ငံသနင်း ပြည့်ရှင် မင်းသည်။ ဣမံပဇံ၊ ဤယခုထင်ရှားရှိသော တိုင်းသားပြည်သူ ရှင်လူအပေါင်းကို။ အတ္တနောပဇံဣ၀၊ ရင်ဝယ်မွေးဖွား ချစ်သည့်သားကဲ့သို့။ ဓမ္မေန၊ မင်းကျင့်တရား မြတ်ဆယ်ပါးဖြင့်။ ရက္ခတု၊ စောင့်ရှောက်ပါစေသတည်း။ … ။
***
မေတ္တာဖြင့် …

မေဓာဝီ
ဇူလိုင် ၈၊ ၂၀၀၇
နေ့ ၁၁ နာရီ ၅၀ မိနစ်
***
ကိုးကား
၁)ရွှေပြည်ဦးဘတင်၏ မြန်မာစာပေလောက
၂) ဟံသာဝတီ ၀တ်ရွတ်စဉ်

***
ရည်ညွှန်း
မိုးထပ်ရွာပေးပါဦး ဆိုသော …
ကိုရန်လေး နှင့်တကွ … စာဖတ်သူအားလုံးသို့ …
***

3 comments:

thamudayanwe said...

No, it is point of Buddah's view.esp in MM.really, it's under global warming.It is produced CO2 effect, some gases, and nuclear disposal waste. It will cause using TV, car,industries,factories, etc. So,I'm afraid of my country,coz my country construct nuclear plant.our citizens against to the construct of this plant.It is dangerous for citizens.they don't care after finished effect. so we are against

pandora said...

မမေရေ..
မင်းကျင့်တရား ဆယ်ပါး ဆိုတာလေး အကျယ်ရှင်းပေးနိုင်ရင် ကောင်းမယ်။
(အချွန်နဲ့ မ တယ်တော့ မထင်ပါနဲ့နော်..ဟီး) စာအုပ်ထဲက အတိုင်းပေါ့.။

Yan said...

မမေရွာတဲ့မိုးထဲမှာ ကာရန်တွေ၊ သံစဉ်တွေနဲ့ တကယ်ကို ပြောင်မြောက်တယ်ဗျာ.

မမေရေ... အစ်မရဲ့မိုးကတော့ unique ဖြစ်ပါတယ်ဗျာ. ထပ်ရွာပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်...