Monday, May 28, 2007

ရေစက် ...

၂၈၊ မေ၊ ၁၉၉၅
လွန်ခဲ့တဲ့ ၁၂ နှစ် ဒီလိုနေ့မှာ ဘွားဘွား (အဖေ့မိခင်) ကွယ်လွန်သွားခဲ့ပါတယ်။
၁၂ နှစ်ဆိုတာလည်း တကယ်တော့ မကြာလိုက်သလိုပါပဲ။ တခါတလေကျ … ဘွားဘွား ရှိနေသေးသလို … ထင်မိသေးတယ်။ ဘွားဘွားအကြာကြီး နေသွားခဲ့တဲ့ မေမြို့က ငွေစန္ဒာ အိမ်ကြီးကို လိပ်မူပြီး ငယ်ငယ်တုန်းကလို စာပို့ချင်သေးတယ်။ ဘွားဘွားရဲ့ မညီမညာ လက်ရေးလေးတွေနဲ့ စာလေးတွေကို ဖတ်ချင်ပါသေးတယ်။
ခုဆို … ဘွားဘွား ဘယ်များ ရောက်နေမှာပါလိမ့်။

ဘဘ (အဘိုး) က ၂၃၊ မေ၊ ၁၉၈၃ မှာ ကွယ်လွန်ခဲ့တာ … ဆိုတော့ ဘွားဘွားနဲ့ နှစ်အားဖြင့် ၁၂ နှစ် ကွာပေမယ့် ရက်အားဖြင့် ၅ ရက်ပဲ ကွာတယ်။ ဒါကြောင့် နှစ်ပတ်လည် ဆွမ်းကျွေးရင် ဘဘနဲ့ ဘွားဘွား ကို တရက်ထဲ တူတူ လုပ်လေ့ရှိတယ်။ ဒီကနေ့ အဘိုးအဘွား ကွယ်လွန်ခြင်း နှစ်ပတ်လည်အဖြစ် ခြောက်ထပ်ကြီးမှာ သံဃာတော်တွေကို ဆွမ်းကျွေးခဲ့တယ်။ ကျေးဇူးရှင် ဘိုးဘွားတွေကို မမေ့ကောင်းဘူး မဟုတ်လား။
အဲဒီအဘိုးနဲ့ အဘွားကတော့ အဖေ့ဘက်ကပေါ့။

အမေ့ဘက်က အဘိုးနဲ့အဘွားလည်း ဒီလိုပါပဲ။ နှစ်တွေသာ ကွာခြားပေမဲ့ အဘွားက ဇူလိုင် ၁၉၊ အဘိုးက ဇူလိုင် ၁၇ .. ရက်အားဖြင့် ၂ ရက်ပဲ ကွာခဲ့တယ်။ သူတို့ နှစ်လည်ဆိုလည်း အဲဒီ ၂ ရက်ထဲက တရက်ရက်မှာ အတူတူ လုပ်ခဲ့ကြတာပဲ။

ဒါကြောင့် စဉ်းစားမိတယ်။ ရှေးရှေးက ရေစက်ပါလို့ ဒီဘ၀မှာ လာရောက်ဆုံဆည်းကြတဲ့ ဖူးစာဘက်တွေဟာ … ဒီလိုပဲလား… လို့။ သေတာတောင် ရက်ချင်း နီးနီးကပ်ကပ် သေကြရတယ်။
နောက်ဘ၀တွေမှာလည်း သူတို့ ရေစက် ဆုံကြလေဦးမလား … သိချင်စမ်းပါဘိ။
***
ဒီနေ့ စာရှည်ရှည်ရေးချင်ပေမယ့် … စိတ်ထဲ မကောင်းလို့ ဒီလောက်ပဲ ရေးလိုက်နိုင်တာကို ခွင့်လွှတ်ကြပါတော့။
***
မေဓာဝီ
၂၈၊ မေ၊ ၂၀၀၇
နေ့လယ် ၂ နာရီ ၁၅

1 comment:

Yan said...

မမေရေ..
ဒီပို့စ်လေးဖတ်ရတာ မမေကိုယ်စား စိတ်မကောင်းပါဘူးဗျာ. မမေချစ်တဲ့ ဘိုးဘိုးဘွားဘွားတို့ နောက်နောင်ဘ၀တွေမျာလည်း ပြန်လည်ဆုံတွေ့နိုငကြပါစေလေို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်.