Friday, May 18, 2007

ကျမနှင့် ကစ်ကစ်

တညသ၌ … ဆိုပါတော့။
အိပ်တော့မယ်ဆိုပြီး အိပ်ရာထဲမှာ စာအုပ်ဖတ်နေရင်း ပျင်းလာတာနဲ့ အိမ်က ခွေးကလေး ကစ်ကစ်နဲ့ ခဏဆော့မိတယ်။ သူက ကျမ ကုတင်အောက်နားမှာ အရိုးတုတချောင်းနဲ့ အလုပ်ရှုပ်နေလေရဲ့။
ကျမက ကုတင်ပေါ်ကနေ လက်ကိုချပြီး သူ့ကျောလေးကို ပွတ်ပေးတော့ သူက ငြိမ်ပြီး ဇိမ်ယူနေပါသေးတယ်။
အဲဒီအချိန်မှာ ကျမလက်က သူ့အရိုးနားရောက်သွားမိလား မသိပါဘူး။ ရုတ်တရက် ဂီးခနဲ မာန်ဖီပြီး ကျမကို ထဟပ်ပါလေရော။ ကျမက ကုတင်ပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင်း ပွတ်ပေးနေတာဆိုတော့ သူ့အဟပ်မှာ မျက်နှာကို ထိသွားပါတယ်။ ရှောင်ချိန်လည်း မရလိုက်ဘူးလေ။



ဒီလိုနဲ့ မျက်နှာမှာ သွေးတွေစို့လို့ ဆေးခန်းပြေးရပါတော့တယ်။ နာရီကြည့်တော့ ည ၁၂ နာရီ တိတိပါ။ ညဥ့်နက်သန်းခေါင်ကြီး မျက်နှာ ခွေးကိုက်ခံရတဲ့ကျမကို ဆရာဝန်က အံ့သြတကြီးနဲ့ ဖြစ်ကြောင်းကုန်စင် မေးပါတယ်။ (ဟိုတလောက မလေးရှားက ခဏပြန်လာတဲ့ ဆရာဝန်ပါ။)မေးမြန်း စိစစ်ပြီးနောက်တော့
“ဆေးထိုးရမယ်” ဆရာဝန်က ပြောတယ်။
“မထိုးချင်ဘူးဆရာ … ကျမခွေးက အိမ်ထဲမှာ မွေးတဲ့ခွေးပဲ၊ ကာကွယ်ဆေးလည်း ထိုးထားပြီးသား၊ ပေါက်လွတ်ပဲစားလည်း လျှောက်မသွားဘူး”
လက်မောင်းကို ဆေးထိုးရမှာကြောက်လို့ ကျမက ဆင်ခြေပေး ငြင်းဆိုမိတယ်။ ဒီအခါမှာ ဆရာဝန်က ကျမကို ရုပ်ပုံကားချပ်တွေပြ၊ ဟိုစာဖတ်ခိုင်း ဒီစာဖတ်ခိုင်းနဲ့ လက်ချာပေး တော့တာပါပဲ။ ဆရာဝန်စကား နားထောင်ရင်း သူဖတ်ခိုင်းတာတွေ ဖတ်ရင်း ကျမမှာ ချက်ချင်းလက်ငင်းပဲ ခွေးရူးပြန်ပြီး သေတော့မလို … နောက်ဆုံးတော့ ကြောက်လန့်ပြီး ဆေးတွေ ထိုးလိုက်ရပါရော။

အိမ်ပြန်ရောက်တော့ အမေက ကရုဏာဒေါသောနဲ့ ပြောပါတယ်။
“အိပ်ခါနီး ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး မအိပ်ဘူး၊ အရာမဟုတ်တာ အရောဝင်တာကိုး။ ခုတော့ ခံရပြီ မဟုတ်လား” … တဲ့။
“အမေကလည်း သမီးက ချစ်လို့ ပွတ်ပေးတဲ့ဟာကို”
“သူ့အစာကို ညည်းယူမယ်ထင်လို့ ကိုက်ထည့်လိုက်တာ နေမှာပေါ့၊ ခွေးဆိုတာ အစာမာန်တက်နေပြီဆိုရင် သခင်သော ဘာသော သိတာမှမဟုတ်ဘဲ”

ကိုယ့်အပြစ်နဲ့ကိုယ် ဆိုတော့လည်း တုဏှိဘာဝေ ဆိတ်ဆိတ်နေလိုက်ရတာပေါ့။
မျက်နှာပေါ်က ဒဏ်ရာက တဆစ်ဆစ်၊ ဆေးထိုးခံထားရတဲ့ လက်မောင်းက အောင့်တောင့်တောင့်။ ဆရာဝန်ပေးလိုက်တဲ့ ဆေးလုံးတွေကို ရှုံ့မဲ့သောက်မျိုရင်း ကစ်ကစ်ကို ကြည့်လိုက်တော့ …
သူက သူမဟုတ်သလို ကြမ်းပေါ်မှာ ၀မ်းလျားထိုးလေး အိပ်လို့။
သူ့ကိုကြည့်ပြီး ကျမ တော်တော် အသည်းယားသွားပါတယ်။ အမြင်ကတ်လို့ မဟုတ်ဘူး။ သူအဲဒီလို အိပ်နေတာလေးက အရမ်းချစ်ဖို့ကောင်းတော့ ထပ်ပြီးပွတ်ပေးချင်လို့။
အဲဒီလောက်ထိ အမှတ်မရှိတဲ့ ကျမလေ…။
***
ဒီနောက်တော့ ဆေးကို့စ်ကုန်အောင် ဘယ်နှရက်လည်း မသိတော့ပါဘူး၊ ဆက်ထိုးခဲ့ရပါတယ်။
ဆရာဝန်ကပြောတယ် … ဒီဆေးက ၃-နှစ် ခံသတဲ့။ ၃-နှစ်အတွင်း ခွေးထပ်ကိုက်ခံရရင် ဆေးထိုးစရာ မလိုဘူးတဲ့။ အဲဒီစကား ကြားသိပြီးတဲ့နောက်မှာ … နင် ကိုက်ချင်သလောက်သာ ကိုက်ပေတော့ ကစ်ကစ်ရေ … လို့ ကျမက ခပ်နောက်နောက် ဆိုခဲ့မိသေးတယ်။ ကျမက သူ့ကို ချစ်တယ်လေ …။ ကျမကို ကိုက်တဲ့ခွေးဆိုပြီး မျက်မုန်းလည်း မကျိုး၊ စိတ်ထဲလည်း မနာမိပါဘူး။ ခွေးဆိုတာ ဘယ်လောက် intelligentဖြစ်တယ် ပြောပြော လူလို ကောင်းဆိုး နှစ်တန် အမှန် အမှား ခွဲခြားနိုင်တဲ့ အသိဉာဏ်မှ မရှိဘဲနဲ့။

သူ့စိတ်ထဲမှာ ကျမဟာ သူ့အစာကို လုမယ့်သူ၊ ဒီတော့ တဒင်္ဂမှာ သူ့ရန်သူ ဖြစ်သွားတယ် … ဒါကြောင့် ကိုက်တယ်၊ ဒါပဲလေ။ သူမှ အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေ မစဉ်းစားတတ်ဘဲ။ အရင်က သူ့ကို အစာတွေ ကျွေးခဲ့ပါလား … အခု သူ့ကို ချစ်စနိုးနဲ့ ပွတ်ပေးနေပါလား … သူ့ကို ကျွေးမွေး စောင့်ရှောက်ဦးမယ့် သူပါလား … ရယ်လို့ ရုတ်တရက် သူမသိတော့ဘူး။ ကျမရဲ့လက်တွေဟာ သူ့အစာကို လုဖို့မဟုတ်ဘူး။ သူ့အပေါ် မေတ္တာစိတ်နဲ့ စေတနာထား ပွတ်သပ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် အမှန်ကို သူ မသိဘူး။ ဒါကြောင့် ကျမကို ကိုက်တယ်။ သိရင် သူ ကိုက်ပါ့မလား။ ဒီတော့လည်း ကျမ စိတ်ထဲ ကစ်ကစ်ကို အပြစ်မတင်မိတော့ပါဘူး။ အဲဒီလို အပြစ်မမြင် … အပြစ်မတင်တဲ့အပြင် အမှတ်သည်းခြေမရှိတဲ့ ကျမဟာ ထပ်အရောဝင် ခဲ့မိပါတယ်။
***
တခါတော့ ထောပတ်သီးဖျော်ရည် ဖန်ခွက်လေး ကျမကြောင့် ကျကွဲသွားတယ်။ ဖန်ကွဲတွေရော …ထောပတ်သီး ဖျော်ရည်တွေရော သမံတလင်းပေါ်မှာ ပြန့်ကျဲလို့ပေါ့။ ပြန့်ကျဲပေပွနေတာတွေကို ရှင်းဖို့ ကျမကထိုင်တုန်းရှိသေး ကစ်ကစ်ရောက်လာပြီး ဖန်ကွဲတွေရောနေတဲ့ ထောပတ်သီး ဖျော်ရည်တွေကို လျှာနဲ့လျက်ပါလေရော။ သူဖန်ကွဲရှမှာ ကျမ အရမ်းစိုးရိမ်သွားတယ်။ သူက အန္တရာယ်တွေဘာတွေ သိပ်သိတတ်တာ မဟုတ်ဘူး။ ကမူးရှူးထိုး လုပ်နေကျ။ ဒါနဲ့ သူ့ကို ကျမက ဟန့်ရင်း ဖိတ်နေတဲ့ ထောပတ်သီးတွေကို လှမ်းအသုတ်မှာ ကျမလက်ကို ဂိခနဲ ကိုက်ထည့်လိုက် ပါလေရော။ သူက ကိုက်ရင် တချက်ထဲ ဘယ်တော့မှ မကိုက်ဘူး။ ၃-၄ ချက်ကို ကိုက်တာ။ ကိုက်ပြီး ဆွဲခါယမ်းသေးတယ်။

နာလိုက်တာ ပြောမနေနဲ့။ အသားနာတော့ ရုတ်တရက် စိတ်ထဲလည်း ထောင်းခနဲ ဒေါသဖြစ်သွားတယ်။ သူ့လျှာကို ရှမှာစိုးလို့ စေတနာနဲ့ ဟန့်တားတဲ့ဟာကို ငါ့ကို ကိုက်ရက်လေခြင်းဆိုပြီး ကြမ်းပေါ် ဆောင့်ကြောင့်ထိုင် ငိုနေမိတယ်။ နောက်တနေ့ မနက်ဆို ချောင်းသာကို ခရီးထွက်ကြမလို့ ပြင်ဆင်နေတဲ့ ညကြီးပေါ့။ သွားခါနီး လာခါနီး ဖန်ခွက်က ကွဲ၊ ခွေးကကိုက်၊ ငါ့နှယ် ကံဆိုးလိုက်လေခြင်းလို့ အယူမသည်းတတ်တဲ့ ကျမတောင် အယူသည်းချင်သလိုလို ဖြစ်မိခဲ့တယ်။

နောက်ဆုံးတော့လည်း ကိုယ်ပဲ စိတ်လျှော့ရတာပါပဲ … ။
သြော် … သူလေးက ခွေးပဲလေ။ ဘာမှ နားမလည်ရှာပါဘူး။ သူ့စိတ်ထဲ အစာကိုဟန့်တယ်ဆိုတာသာ သိတာပဲ …. ဆိုပြီး …မေတ္တာစိတ်နဲ့ ခွင့်လွှတ်နိုင်တဲ့အခါ … မျက်ရည်တွေလည်း ခြောက်ခမ်းသွားခဲ့တယ်။ နောက်တခါ သူဘယ်လောက်ကိုက်ကိုက် …. နာပေမဲ့ မျက်ရည်မကျတော့ဘူး။ ဒီလိုနဲ့ … ၃-နှစ်ခံ ဆေးကြီး အားကိုးပြီး ကျမကလည်း အရောဝင်မြဲ … သူကလည်း စိတ်မထင်တိုင်း ခဏခဏ ကိုက်နေဆဲ။ ဒီတော့လည်း ကျမရဲ့ လက်တွေ ခြေထောက်တွေဟာ … သူကိုက်ခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ပြည့်နှက်လို့ပေါ့။
***
ခုတော့ ….
ဆေးထိုးထားတဲ့ ၃-နှစ်လည်း ပြည့်ခါနီးနေပါပြီ။
၃-နှစ်ကျော်မှ ထပ်ကိုက်ခံရရင် ကျမ ထပ်ပြီး ဆေးထိုးခံရ ပါတော့မယ်။
ဒါကြောင့် ခုချိန်မှာ ကျမ စဉ်းစားနေရပါပြီ။
ဆေးထပ်ပြီး အထိုးခံချင်သလား … အထိုး ခံနိုင်သလား။
ဒါမှမဟုတ် သူ့ကို အရင်လို မဆက်ဆံဘဲ ဆင်ဆင်ခြင်ခြင် နေရမလား။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ … ။
သေချာတာကတော့ သူ့အပေါ် ကျမ ဘယ်တော့မှ မေတ္တာမပျက်ဘူး ဆိုတာပါပဲ။
***
(ချစ်သော ခွေးဆိုးကလေး ကစ်ကစ်သို့ … )

မေတ္တာဖြင့် …

မေဓာဝီ
18th May, 2007
00:45 am



10 comments:

Anonymous said...

မမေရေ...
မမေရဲ့ ကစ်ကစ်က ချစ်စရာလေး...
တိရစ္ဆာန်ဆို ဘာတိရစ္ဆာန်မှ မချစ်တတ်တဲ့ ညီမတောင် ခွေးလေးကို ချစ်လာပြီ...

Anonymous said...

Comment တွေ အများကြီးနဲ့ Post ကို မဖတ်ရသေးရင်တော့ဖြင့် ဒီ Post လေးကို တစ်မျိုး ခံစားမိမှာပဲ… ရေးတတ်လိုက်တာ။ ဘာရယ် မဟုတ်ပါဘူး … ဟိုဟာကြီးက လောလောလတ်လတ် ဆိုတော့ စိတ်ထဲက မထွက်သေးလို့ပါ။ ကိုယ်တစ်ယောက်ထဲ ဖြစ်နေတာလည်း ဖြစ်မှာပါ။

tint said...

ွှအဲ ဒါ မှ ပ ရစ် ကွ
ဟားဟားဟား

Anonymous said...

Ma May,
hee hee...
just laughing out...
nothing..nothing...
by the way, thank you very much for the knowledge you shared in previous posts.
Kit Kit is so cute. hee hee
Cheers!
Bravo!

wih love, hana

Hteink Min said...

Yes, Ma May

I think , you need to lecture the dog abit, because it seems like your dog do not have any attention to you. Dogs are intelligent and they can be train not to bite then hand which feed them.

:)

Anonymous said...

ဗိုင်းနာမရေ .. ငါကန်းမှ အေးမယ်ထင်ပါရဲ့ဟယ်။ တော်ကြာနေ အမြင်မတော်တာတွေ ဒီထက်များလာတော့မယ်။ နင်နဲ့ နင့်အပေါင်းအပါတွေကလည်း နင့်ကစ်ကစ်လိုပါပဲလားကွယ်။ ပြန်ကိုက်လိုက်ကြတာ။ နင်က သူများကို ပြဿနာသွားသွားရှာတော့ နင့်ခွေးက နင့်ကို ပြဿနာပြန်ရှာတာနေမှာပေါ့။

tint said...

ဆဲ တာ သူ့  အ လုပ် ရေး တာ ကိုယ် အ လုပ်
ဆဲ တာ မ ဆန်း ပါ ဘူး
အဲ မ ဆဲ ရင် သာ စိုး ရိမ် ရ တာ
၂ ခု လေ

၁) ဘယ် သူ မှ မ ဖတ် လို့ 
၂) ဆဲ တာ လူ မိုက် မှ ဆဲ တာ
် အဲ မ ဆဲ ဘူး ဆို ကိုယ် က လူ မိုက် ကြိုက် ရေး နေ တာ
အဲ ဒါ ဆို သေ ရော
( ခု န ကန်း ချင် တဲ့  ပု ဂ္ဂိုလ် ကူ ညီ ပ ရ စေ
လိပ် စာ လေး ပေး ပါ လား
ကိုယ် တိုင် အ ခမဲ့  မနာ မကျင် ကန်း ဘို့  တာ ၀န် ယူ ပါ တယ်

tint said...

အဲ
မေ့ လို့  မ လုပ် ခင် လို အပ် သော အ ရည် အ ချင်း အား လုံး ပြည့်  စုံ ကြောင်း ခိုင် လုံ သော အ ထောက် အထား ပြ ပါ့  မယ်

Unknown said...

I think your pet needs obedience training. Mine is a Shi-Tzu too. I can take out her food from her mouth while she's feeding.

Unknown said...

ခွေးသည် အစာကျွေးသော လက်ကို ပြန်ကိုက်တတ်၏လို့ ဆိုရမလို ဖြစ်နေပြီကော။