Saturday, May 12, 2007

သားငယ် မွေးနေ့သို့ ...

သားငယ် …
လွန်ခဲ့တဲ့နှစ်သုံးဆယ်ကို နောက်ပြန်ကြည့်တော့
ဒီလိုနေ့ ဒီလိုရက်မှာ
အမေ့ဝမ်းက မင်းထွက်လာခဲ့တာပေါ့။

မင်းရဲ့ ရုပ်သွင် ဦးဆုံးမြင်ချိန်မှာ
ဆံပင်ထူနက်နက်တွေနဲ့
မျက်လုံးလေးမှိတ် အိပ်စက်နေတဲ့
ငါတို့ရဲ့ မောင်ကလေး
သေးကွေးကွေးကို တိတ်တိတ်ကလေး
မွှေးမွှေးပေးခဲ့မိတယ်။

မင်းရဲ့လက်ချောင်း ဖောင်းကစ်ကစ်လေးတွေ
မင်းရယ်တဲ့အခါ မျက်လုံးလေးပိတ်တဲ့ထိ
ခိုးခိုးခစ်ခစ် ရယ်တတ်တာတွေ
မှောက်ရက် ..လေးဘက် ..
တွားသွားရာက မတ်တပ်ရပ်ခဲ့ပုံလေးတွေ
တဆင့်ပြီးတဆင့် ပြန်မြင်ယောင်မိပါရဲ့။

ညီအမသုံးယောက်ရဲ့ နောက်
ယောက်ျားလေး တယောက်ထဲမို့
အဖေနဲ့ အမေ သဲသဲလှုပ်ခဲ့တဲ့ မင်းကို
တခါတလေ မနာလို ဖြစ်ပေမယ့်
ချစ်လျက်ပါပဲ သားငယ် … ။

ကကြီး ခကွေး .. မင်းကို ငါသင်ပေးတော့
မင်းလက်ရေးတွေ လုံးဝိုင်းဝိုင်းတွေက
ငါနဲ့တူလို့ မလှတာတဲ့
အမတွေက အပြစ်ဖွဲ့ဆိုကြလေရဲ့။

မင်းကြီးပြင်းလာတဲ့အခါ
ငါ့ဒိုင်ယာရီ ခိုးဖတ်
ဘေးကမှတ်ချက်တွေ တပ်ခဲ့တော့
စိတ်တိုလျက်နဲ့ ရယ်ခဲ့မိသေးတယ် .. ။

အငယ်ဆိုပေမဲ့ အမြဲဆရာလုပ်တဲ့မင်း
အငြင်းကလည်း သန်ပါဘိ
မောင်နှမချင်း အချင်းများတဲ့အခါ
မင်းစကားပဲ အမြဲအသာရခဲ့တယ်။

အငယ်ဆုံးသားပေမဲ့
မိသားစုထဲမှာ မင်းကအရင်ခွဲခွါလျက်
ပြည်ပကို ပညာသင်ထွက်ခဲ့တာမို့
မင်းအတွက် ဂုဏ်ယူစွာ
ငါတို့ ၀ံ့ကြွားနိုင်ခဲ့ပါတယ်။

အနေဝေးပေမဲ့
သွေးချင်းကတော့ နီးလျက်ပါ သားငယ် …
မင်းရေးခဲ့တဲ့ ကဗျာတွေ …
ငါနှစ်သက်စွာဖတ်ရှု
ခုထိအောင် အလွတ်ရဆဲလေ .. ။

ကဲ … သားငယ်
မင်းမွေးနေ့ အမှတ်တရ
ငါ့ရဲ့ဘလော့ပေါ်မှာ
ငါနှစ်သက်တဲ့ မင်းကဗျာတပုဒ် တင်လိုက်ပါရစေ … ။

လောကကောင်းကျိုး သာသနာအကျိုး
တတ်နိုင်သလောက် သယ်ပိုးရင်း
မင်းရဲ့ဘ၀လမ်းကို ဖြောင့်ဖြူးစွာ လှမ်းလျှောက်နိုင်ပါစေကြောင်း
ငါဆုတောင်းလိုက်ပါရဲ့ … ။ … ။

***
ဒီကနေ့က ကျမနဲ့ အဝေးကြီးမှာရောက်နေတဲ့ ကျမရဲ့ တဦးတည်းသော မောင်လေး မွေးနေ့မို့ … သူ့ကဗျာလေးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။
***
အသုံးမ၀င်တော့သော

ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့ အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် … ။

အရိပ်ရတယ်တဲ့လား
ငါလည်း မပေးမိဘဲနဲ့
တကယ်ဆို ငါလည်း လိုချင်တာပေါ့
ငါကျတော့ ဘာလို့မရပါလိမ့် … ။

ငါရဲ့ ထူပိန်းပိန်း အခေါက်တွေနဲ့
ဒီပင်စည်ဟာ
တော်ရုံမုန်တိုင်းကြမ်းလောက်တော့
ကျင့်သားရနေပေါ့ … ။

ရေလောင်းစရာမလို
အလိုလိုရှင်သန်လာတဲ့
ငါ့တကိုယ်လုံးဟာ
ဘာမဆို အံတုနိုင်လောက်အောင်
ရပ်ကြည့်နေလေရဲ့

ဒါပေမဲ့
ရာဇ၀င်တခုကို ဘေးတိုက်မြင်နေရတဲ့
ငါ့အဖို့ …
.… .… .…
.… .… .…
.… .… .…

ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် ။ … ။


(ပဏ္ဍိ)
***
12th May, 2007
11:30 am
***

9 comments:

Hteink Min said...
This comment has been removed by the author.
Hteink Min said...

အမ မောင်ရေးထားတဲ့ ကဗျာက တော်တော်လေးကောင်းပါတယ်။ ကျနော်လဲ အခု ကဗျာတွေ ဖတ်နေပါပြီ ။ Happy Birthday လို့ ဆုတောင်းလိုက်ပါတယ်။

Anonymous said...

မမေရဲ့ မောင်လေးဖြစ်တဲ့ အကိုကြီး ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့...

Anonymous said...

ပဏ်ဍိ ဆိုတဲ့ ကလောင်နာမည်လေးကို သဘောကျပါတယ်...

Anonymous said...

ကဗျာလေး နှစ်ပုဒ်လုံးက ကောင်းလိုက်တာမမေ..
မမေရဲ့မောင်လေး အတွက်လည်းဘာညာတို့ဆုတောင်းလိုက်ပါတယ်။
မွေးနေ့မှာပျော်ရွှင်ပါစေ ကိုသားငယ်...။

Anonymous said...

မွေးနေ့ဆုတောင်းပေးကြတာကို မွေးနေ့ရှင်ကိုယ်စား ကျေးဇူးတင်ပါတယ်ရှင်။

ကလိုစေးထူး said...

ကိုသားငယ်ရဲ့ မွေးနေ့ပေါင်းများစွာမှာ ပျော်ရွှင်မှု သာယာမှုအပေါင်းပြည့်ဝပါစေလို့ ကျနော်လဲ ဒီကနေ တဆင့်ပဲ ဆုတောင်းလိုက်ပါတယ်။ ဒါနဲ့.. ကိုသားငယ်ရေးတဲ့ ကဗျာက တော်တော်ကောင်းတယ်ဗျာ.. နောက်ထပ် သူ့ကဗျာလေးတွေ ရှိရင် တင်ပေးပါအုံး..။

Anonymous said...

ဟုတ်တယ် ။ မမေမောင်လေးကလည်း မမေလို ကဗျာရေးတော်တယ် ။ မမေရေ.. မမေကဗျာလေး ဖတ်ပြီး ခုနကပဲ ရန်ဖြစ်လိုက်တဲ့ ကျမမောင်လေးကို စိတ်ဆိုးပြေသွားပြီး)

99 said...

မမေ...
ကိုသားငယ် ကဗျာ ၂ ပုဒ်လုံးက အရမ်းကောင်းတယ်ဗျ..
နောက်ထပ်တွေရှိရင် မျှပေးပါအုံး...