Thursday, May 10, 2007

ကိုယ်ကြိုက်တာ ကိုယ်လုပ် ....

“ဗိုလ်”
“ကျား”
“သေနတ်”
“ကိုယ်ကြိုက်တာ ကိုယ်လုပ်”

ငယ်ငယ်က ဆော့ခဲ့ဖူးတဲ့ ကျားဗိုလ်ဆွဲ ကစားနည်းကလေးပါ။
အဆုံးအဖြတ် တခုခု အတွက် ခေါင်းပန်းလှန်မလား၊ ကျားဗိုလ်ဆွဲမလား … တနည်းနည်း ရွေးချယ်ကြတဲ့အခါ ခေါင်းပန်းလှန်တာထက် ကျားဗိုလ်ဆွဲတာက ပိုပြီး ခန့်မှန်းလို့ရနိုင်တာမို့ ကျားဗိုလ်ဆွဲနည်းကိုပဲ များသောအားဖြင့် ကစားလေ့ရှိပါတယ်။

ဗိုလ်ကို သေနတ် မပစ်ရ၊
သေနတ်က ကျားကိုပစ်နိုင်တယ်၊
ကျားက ဗိုလ်ကို အုပ်နိုင်တယ်။
ဒါဆို ဗိုလ်ရယ် သေနတ်ရယ် ကျားရယ် … ဘယ်ဒင်းက အစွမ်းအရှိဆုံးလဲ။

ကျားဗိုလ်ဆွဲသူ နှစ်ယောက်မှာ စစချင်း … ဗိုလ်၊ ကျား၊ သေနတ် လို့ ပြိုင်တူလုပ်ကြပြီးမှ …နောက်ဆုံး ကိုယ်ကြိုက်တာ ကိုယ်လုပ်ရမယ့် အလှည့်မှာ ဒီ ၃-မျိုးထဲက ဘာကိုရွေးရမလဲ အမြန်စဉ်းစားရတယ်၊ ကိုယ့်ကစားဖော်က ဘာကိုရွေးနိုင်သလဲ … သူရဲ့ လက်အနေအထားနဲ့ သူ့စိတ်ကို အကဲခတ်ရတယ်၊ နောက်ဆုံး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ချလိုက်ပြီးတော့မှ … ခံလိုက်ရတော့လည်း ကိုယ်ညံ့လို့ပဲပေါ့။

ငယ်ငယ်တုန်းကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ရှုံးနိမ့်ခဲ့ရလည်း ပျော်ပျော်ပါပဲ။ ကစားပွဲတခုမှာ ဒီတခါရှုံးလည်း နောက်တခါ နိုင်မှာပဲပေါ့။ ကစားရရင်ပြီးတာပဲ မဟုတ်လား။

ခုချိန်မှာ ပြန်စဉ်းစားကြည့်မိတယ်။
ဘ၀မှာ ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်ခဲ့ရသလား … ။
ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်ပြီးတော့ရော … အောင်မြင်မှုရခဲ့ရဲ့လား … ။
ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ့်စိတ်ကြိုက်ဟာ သူများကို ထိခိုက်စေနိုင်သလား … ။
သူများလုပ်မယ်ထင်တာကို ကြိုတင်တွက်ဆပြီး သူ့ကိုနိုင်စေချင်တဲ့ စိတ်နဲ့ ကိုယ်က ရွေးချယ်ခဲ့တာလား … ။
ဒါမှမဟုတ် အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းကို အဓိကမထားဘဲ ကိုယ်ကြိုက်တာ တကယ်ပဲ ကိုယ်လုပ်ခဲ့တာလား … ။
စသည် .. စသည် တွေးနေမိပါတယ်။

တကယ်တမ်းတော့ …
ဘ၀တလျှောက်လုံး ကိုယ့်စိတ်နဲ့ ကိုယ့်ကို မဟုတ်ဘဲ သူများစိတ်နဲ့ ကိုယ့်ကို နေခဲ့ရတာတွေက ခပ်များများပါ။ ကိုယ်မနှစ်သက်ဘဲနဲ့ ပြောခဲ့ လုပ်ခဲ့ရတာတွေ … ပြုံးခဲ့ ရယ်ခဲ့ ရတာတွေ …အောင့်သက်သက်နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့ရတာတွေ … အများကြီး အများကြီးရယ်ပါ… ။ ဒါပေမဲ့ … ဒီလိုတွေလုပ်လို့ရော … ပြီးပြည့်စုံတဲ့ အောင်မြင်မှု ရခဲ့ပါသလား။

ကိုယ်မကြိုက်ဘဲ ကိုယ့်စိတ်ထဲက မပါဘဲ လုပ်ပြီး မအောင်မြင်တာနဲ့
ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး ရှုံးနိမ့်တာ … ဒီအရာနှစ်ခုကို ရွေးမယ်ဆိုရင် … ရှုံးချင်လည်းရှုံး … ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ကိုသာ ရချင်ပါတယ်။

ဒါပေမဲ့လည်း လူ့လောက၀န်းကျင်မှာ လူတွေနဲ့ လိုက်လျောညီထွေ နေနေရတဲ့ အခါ ကိုယ်ကြိုက်တာတွေကို ဘေးဖယ်ထားခဲ့ရပေါင်း များလှပါပြီ။ ကိုယ့်လုပ်ရပ်ဟာ သူများကို ထိခိုက်နိုင်မလား … ကိုယ့်ရွေးချယ်မှုဟာ သူတပါး ဒုက္ခရောက်စေနိုင်မလား စဉ်းစားရင်းနဲ့ … ကိုယ်နှစ်သက်ရာကို မလုပ်နိုင်ဖြစ်ခဲ့ဘူး။ လူဆိုတာ တဦး တယောက်ထဲ ရှင်သန် နေထိုင်လို့ရတာမှ မဟုတ်ဘဲ။ ဒီလိုနဲ့ … အများကို ငဲ့ကွက်ရင်း ထည့်တွက်ရင်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ဟာ တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်ခဲ့ရပြီပေါ့။
***
တခါတလေ … ကိုယ်ချင်းရယ်မှ မစာမနာ သူတပါးကို ကိုယ်က လွှမ်းမိုးချုပ်ကိုင် ချင်မိပါသေးရဲ့။
ကိုယ့်အတ္တနဲ့ ကိုယ့်မာနကြောင့် ကိုယ်သာ အဓိက ဖြစ်ချင်ခဲ့တာလည်း ရှိသေး။

ဘယ်လိုပဲ ကိုယ်က ချုပ်ကိုင်လွှမ်းမိုးချင်ပေမဲ့ … ကိုယ့်စိတ်တောင် ကိုယ်မပိုင်၊ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင်တောင် ကွန်ထရိုးမလုပ်နိုင်တဲ့ အခြေအနေမှာ တပါးသူ စိတ်ကို ထိန်းချုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား …။ ဟုတ်ပေသားပဲ။
ကိုယ်သည်လည်း ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်နေချင်သလို …
သူတို့လည်း သူတို့ကြိုက်တာသူတို့ လုပ်ချင်ပေမပေါ့။ ရှိစေတော့ …. ။

ဒါကြောင့်လည်း ….
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြစတမ်း … ဘယ်သူ့ဘယ်သူမှ မငဲ့ကွက်ကြကြေးလို့ ငယ်ငယ်တုန်းကလို ကျားဗိုလ်ဆွဲလိုက် ချင်ပါရဲ့။
ရှုံးလည်း ပျော်ပျော် .. နိုင်လည်း မော်မော် ပေါ့။
ဒါပေမဲ့လည်း ဘ၀ဆိုတာ ကျားဗိုလ်ဆွဲတမ်း ကစားနေကြတာမှ မဟုတ်ဘဲလေ …. ။

ဆရာမဂျူးရဲ့ စာတပုဒ်မှာ … ရှုံးသူမရှိရင် နိုင်ချင်တယ် … တဲ့။
ဟုတ်ပါရဲ့ … ။
ကိုယ်အနိုင်ရဖို့ တပါးသူက ပေးဆပ်ရမယ်ဆိုရင်တော့ အနိုင်ရတဲ့ကိုယ့်မှာ ပျော်စရာကောင်းပါ့မလား။
သူများစိတ်ညစ်ရမှ ကိုယ်ကပျော်ရမှာ … ဒီလိုသာဆို ပြည့်ပြည့်၀၀ ပျော်နိုင်ပါ့မလား။

အင်း ….
ကိုယ့်လုပ်ရပ်ဟာ …
ဘယ်သူမှလည်း မနစ်နာ …
ဘယ်သူမှလည်း မထိခိုက်ဘူးဆိုရင်တော့ ….
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြလည်း အကြောင်းမဟုတ်ပါဘူး။
ဒီလိုမှ မဟုတ်ရင်တော့ …
…. …. ….
…. …. ….
…. …. ….
***
မေဓာဝီ
10th May, 2007
11:11 am

8 comments:

Anonymous said...

"ရှုံးသူမရှိရင် နိုင်ချင်တယ်"

ကောင်းလိုက်တဲ့ စကားဗျာ၊

Hteink Min said...

ဟီး။ ကျနော် ငယ်ငယ်က ကျားဗိုလ် ဆွဲတိုင်း ကစားခဲ့တာ အမပြောသလို ကိုယ်ကြိုက်တာကိုယ်လိုပ်ဆိုပြီးတော့ မပြောမိဘူးဗျ။ ကျနော ကစားဖော် ကစားဘက်တွေကပဲ ထို
စကားမပြောခဲ့လို့ ကျနော် ပဲ မပြောတာလား။ ၈၅ နောက်ပိုင်း မွေးတဲ့ ကလေးတွေ အဲလို ပြောဘို့ မေ့သွားတာလား ကျနော်တော့ မပြောတက်တော့ဘူး။ ကျေးဇူးတင်ပါတယ် အမ။
အရမ်းကောင်းပါတယ်။ ခုတော့ စာဖတ်ရင် စာလုံးပေါင်းဖတ်နေပါတယ် အမ။ ကျနော် မြန်မာစာ မတတ်တာ စာတွေ ကျော်ကျော်ဖတ်တာလဲ ပါတယ်။

naing said...

ကျွန်တော် အိမ် ဘလော့မှာ အစ်မဘလော့လေးကို လင့်လုပ်ချင်လို့ပါခင်ဗျာ။ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြောဆိုမှုများကို ယူငင်သုံးစွဲမှုများလည်းရှိပါတယ်ခင်ဗျာ။
မေးလ်လိပ်စာမသိလို့ကွန်မန့်မှာရေးလိုက်ပါတယ်ခင်ဗျာ။

ကလိုစေးထူး said...

တွေးစရာတွေ ပေးတဲ့ ပို့စ်တခုပါပဲ အမ..။ ကိုပု သဘောကျတဲ့ ဆရာမဂျူးရဲ့ စာသားလိုပဲ ကျနော်လဲ ရှုံးသူမရှိရင် နိုင်ချင်သား။

mmblogbook2 said...

မမေ...
ဒီလိုအတွေးအမြင်လေးတွေရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
စာမူဘလော့ဂ်အတွက် ဒီပို့စ်လေးကို ယူသွားပါရစေနော်...

မေဓာဝီ said...

ဟုတ်ပါတယ် ကိုပုထုဇဉ် နဲ့ ကိုသံလွင် …
ကျမလည်း ဆရာမ ဂျူးရဲ့ “ရှုံးသူမရှိရင် နိုင်ချင်တယ်” ဆိုတဲ့ စကားကို အလွန်နှစ်သက်လို့ မှတ်မိနေတာပါ။
ကိုမင်းမင်း .. ကစားနည်းတွေကတော့ တရွာတပုဒ်ဆန်းပါပဲ။ ကျမတို့ငယ်ငယ်က အဲဒီလို ပြောပြီး ကစားခဲ့ကြတယ်။ မြန်မာစာကို စာလုံးပေါင်းဖတ်တာ ကောင်းပါတယ်။ အသံထွက်ဖတ်ရင် သာတောင် ကောင်းသေးတယ်။ “နှုတ်ကမှားရင် နားက ပြင်လိမ့်မယ်” တဲ့။ စာဖတ်ရင် အသံထွက်ဖတ်ဖြစ်အောင် ကျမလည်း ပြန်လေ့ကျင့်နေရတယ်။
naing … ကျမဘလော့ကို လင့်ခ် မယ်ဆိုလို့ ၀မ်းမြောက်စွာဖြင့် ခွင့်ပြုပါတယ်။
mmblogbook2 .. စာမူဘလော့အတွက် သုံးခွင့်ပြုပါကြောင်း။

ကွန်မန့်များအားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

မမေ.. ဒီဟာလေးကလည်း ကျမခုတွေ့ ကြုံနေရတာနဲ့ တိုက်ဆိုင်သွားပြန်တယ် ။

“ဒါပေမဲ့လည်း လူ့လောက၀န်းကျင်မှာ လူတွေနဲ့ လိုက်လျောညီထွေ နေနေရတဲ့ အခါ ကိုယ်ကြိုက်တာတွေကို ဘေးဖယ်ထားခဲ့ရပေါင်း များလှပါပြီ။”

ဟုတ်ကဲ့ .. ဒါကြောင့် ဘယ်သူ့ ကိုမှလည်း မနစ်နာ မထိခိုက်စေမယ့် ကျမ စိတ်ထင်တိုင်း လုပ်နိုင်တဲ့လုပ်ရပ်တွေကို ဂျစ်တူးဆိုတဲ့ ဘလောဂ့်မှာ တင်နိုင်တာဟာ ၊ ဘ၀မှာ လူတွေနဲ့လိုက်လျောညီထွေဖို့ တခါတလေ မျက်နှာဖုံးစွတ်ထားရတဲ့ ကျမအတွက်တော့ ထွက်ပေါက်တခုပေါ့ ။

Anonymous said...

ကိုယ်ပေးလည်း သူတို့ရဖို့
အချို့ဗိုလ်တွေအတွက်
အင်မတန်မှ နောက်ကျနေပါပြီ...


းဝ)