Sunday, February 04, 2007

တယောက် တယောက်...အမျက်ဖျောက် ...

အခုဖော်ပြမယ့် စာစုလေးကတော့ တွေးမိတွေးရာ အတွေးများ နံပါတ် (၆) ပါပဲ။ ကျန်ခဲ့တဲ့နှစ် သြဂုတ်လက ရေးခဲ့တာပါ။ ဒီစာစုရဲ့ အဆုံးမှာပါတဲ့ လင်္ကာကလေးကို ဟိုတလောက ကျမပို့စ်တခုမှာ ရေးခဲ့ဖူးပါတယ်။
ကျမတို့ဟာ ပုထုဇဉ်လူသားတွေမို့ လောဘ၊ ဒေါသ၊ မောဟ နဲ့ မာန်မာနတွေ ကိုယ့်သန္တာန်မှာ ရှိနေကြပါတယ်။ တခါတလေကျတော့ ကိုယ့်ကိုယ်ကို မေတ္တာတွေ ထားနိုင်လှချည်ရဲ့ လို့ထင်မိပေမယ့် စိတ်အခန့်မသင့်တဲ့အခါ မီးပွားနဲ့တွေ့လိုက်တဲ့ လောင်စာဆီလို ၀ုန်းကနဲ ထတောက်မိ ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီ အကုသိုလ် တရားတွေဟာ မကောင်းဘူးဆိုတာ သိပါလျက်နဲ့ အလုံးစုံ မပယ်နိုင် သေးလို့ပါဘဲ။

အလုံးစုံ မပယ်နိုင်သေးပေမယ့် ဒါတွေကို တတ်နိုင်သမျှ နည်းအောင် လုပ်ရမယ် ဆိုတာတော့ဖြင့် သိတော့လည်း သိထားပါတယ်။ သိတဲ့အတိုင်းလည်း ကျင့်ကြံနိုင်အောင် ကြိုးစားနေပါတယ်။ “သင်မှ သိ - သိမှ ကျင့် - ကျင့်မှ ရ၊ မြတ်ဗုဒ္ဓ၏ သြ၀ါဒ” ဆိုတဲ့အတိုင်း … ကိုယ့်ထက် တတ်ကျွမ်းနားလည်တဲ့ ဆရာသမား တွေဆီက သင်ယူ နာကြား ထားမှသာ အမှန်နဲ့အမှား အကောင်းနဲ့အဆိုး အကျိုးနဲ့အပြစ်ကို သိနိုင်တာပါ၊ ဒီလို သိပါမှလည်း လက်တွေ့ကျင့်သုံးနိုင်မှာပါ၊ ကျင့်သုံးပါမှလည်း ကိုယ့်သန္တာန်ထဲ ကိန်းနိုင်မှာပါ။ မသင်လို့ မသိ၊ မသိလို့မကျင့်၊ မကျင့်လို့ မရတဲ့ လူ့အန္ဓ တယောက် မဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားလျက်ပါ။

ပြန်စဉ်းစားကြည့်တော့ ဒီစာစုလေး မရေးခင် ကာလတခုမှာ ဒေါသတွေနဲ့ တော်တော် ပူလောင်ခဲ့ရတယ်၊ နောက်ဆုံးမှာတော့ ဒေါသကနေ မေတ္တာကို ပြောင်းလဲ နိုင်ခဲ့လို့ ပူလောင်ခြင်း မရှိတော့ဘဲ အေးချမ်း သွားခဲ့ပါတယ်။ ဒါဟာ ကျမရဲ့ လက်တွေ့ အောင်မြင်မှု တခုလို့ ယူဆတဲ့အတွက် အတွေး နံပါတ် (၆) ကို ထိုစဉ်က ကျမ ရေးခဲ့မိတာပါပဲ။ ဘလော့မှာ တင်ဖို့စာတွေပြန်ရှာရင်း ဒီစာစုလေး တွေ့လို့ ဒီနေ့အဖို့ ဒါကိုပဲ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး … ။
***
တွေးမိတွေးရာ အတွေးများ (၆)
***
အလိမ်ခံဖူးကြလားတော့မသိဘူး။
ကျွန်မတော့ အလိမ်ခံခဲ့ဖူးပါတယ်။
အချိန်၊ ငွေကြေး၊ သိက္ခာနဲ့ မေတ္တာတရားတွေ .. ကျွန်မ အလိမ်ခံလိုက်ရတယ်။ တစုံတယောက်က ကျွန်မကို လိမ်သွားတယ် ဆိုပါတော့။ ကျွန်မ စိတ်ထဲမှာ တနုံ့နုံ့နဲ့ တော်တော်လေးကို ခံစားလိုက်ရတယ်။ ရှက်လဲ ရှက်မိသလို လိမ်တဲ့သူအပေါ်လည်း မကျေနပ်နိုင်ဘူး။ သူ့ကို ဘယ်လိုပြန်ပြီး တုန့်ပြန်ရမလဲ၊ ကိုယ်ခံစားရသလို သူ့ကို ပြန်ခံစားစေရမလား .. သူ့အပြစ်ကို ဘယ်လိုနည်းနဲ့ပြန်ပေးဆပ်စေမလဲ .. ကျွန်မ မျိုးစုံတွေးနေမိတယ်။

လိမ်တဲ့သူကတော့ .. “ဟုတ်ပါတယ် .. သူ လိမ်မိပါတယ် .. ဒါကလဲ မဖြစ်လို့ မတတ်သာလို့ .. အကြောင်းအမျိုးမျိုးကြောင့် လိမ်မိတာပါ ..” စသဖြင့် ရောက်တတ်ရာရာ တောင်းပန် ပြောဆိုနေပေမဲ့ .. ကျွန်မစိတ်ထဲ နည်းနည်းမှ မကျေနပ်ပါဘူး။ ခွင့်မလွှတ်နိုင်ပါဘူး။ တော်တော်ခံရခက်တဲ့ ဝေဒနာပါ။ ကိုယ် ယုံကြည်ထားသူ တယောက်က ကိုယ့်ကို မငဲ့မညှာ လိမ်ညာ လှည့်စားရက်တယ်ဆိုတာ .. ဘယ်လောက် ခံပြင်းဖို့ကောင်းလဲ၊ ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းလဲ၊ ဘယ်လောက် ၀မ်းနည်းဖို့ ကောင်းလိုက်ပါ သလဲ။
***
ကျွန်မလိုပဲ ဒီလူရဲ့ အလိမ်ခံရတဲ့သူ နောက်တဦးနဲ့ ကျွန်မ မတော်တဆ ဆုံဖြစ်တဲ့အခါ .. သူခံရတာက ကျွန်မထက်ပိုဆိုးလို့နေတာကို သိလိုက်ရပါတယ်။ ဒီ့ထက်ပိုဆိုးတာက .. အလိမ်ခံရတဲ့ သူဟာ .. အဲဒီလူကို ယုံကြည်နေဆဲပါပဲ။ အဲဒီလူဟာလဲ သူ့ကိုခုထိ လိမ်နေဆဲ။ နောက် .. ကျွန်မက အဲဒီလူလိမ်တဲ့ အကြောင်းတွေကို တခုချင်း တခုချင်း ဖြေရှင်းပြတော့မှ .. သူလဲ တဖြည်းဖြည်း သိလာပါတယ်။ အလိမ်ခံရတဲ့ ကျွန်မတို့ နှစ်ယောက် ..တွေ့ကြလို့ စကားပြောတိုင်း .. လိမ်သူရဲ့ အကြောင်းတွေပဲ ပြောဖြစ်ခဲ့ ကြပါတယ်။ ပြောလိုက် .. ဒေါသထွက်လိုက် .. အဲဒီလူကို စိတ်ကသိကအောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားလိုက် .. နဲ့ ကျွန်မတို့ အာဃာတတွေ ကြီးမားနေလိုက်ကြတာလေ။

တရက်တော့ ကျွန်မနဲ့ ဒီလူ (လိမ်တဲ့လူ) နဲ့ ဆုံဖြစ်ပါတယ်။ သူက .. သူ့ဘက်က အခြေအနေတွေ ဘယ်လိုရှိတယ် .. စသည်ဖြင့် ကျွန်မကရုဏာသက်အောင် (လိမ်ညာတဲ့စကားလုံးတွေသုံးပြီး) ပြောနေပေမယ့် ကျွန်မစိတ်ထဲ မယုံကြည်တော့ပါဘူး။ သူ လိမ်နေတာပဲ လို့ စိတ်ထဲမှာဖြစ်နေတော့ ယုံလို့လဲ မရပါဘူး။ တော်တော်ကို ဒေါသထွက်ပြီး သူ့ကိုကြည့်တဲ့ အကြည့်ကအစ ဒေါသခိုးတွေနဲ့ တောက်လောင်နေပါတယ်။ အဲဒီအချိန်မှာ .. ကျွန်မရင်ထဲလဲ ဒေါသမီးကြောင့် ပူလောင်နေပါတယ်။

ဒီလိုနဲ့ သူလိမ်သမျှတွေ နားထောင်နေရင်း .. သူ့မျက်နှာကို စေ့စေ့ကြည့်ရင်းကနေ .. သူ့အပေါ် ဒေါသ ဖြစ်ရာက .. တဖြည်းဖြည်း သူ့ကိုသနားလာမိတယ်။
“သူ့ခမျာ လိမ်ရတာ တော်တော်ပင်ပန်းမှာပဲ၊ လိမ်တယ်ဆိုတာ လွယ်တာမဟုတ်ဖူး၊ ပိပိရိရိနဲ့ လိမ်တယ် ဆိုတာ ပိုတောင်ပင်ပန်းသေးတယ်။ ဒီလို သူ အပင်ပန်းခံပြီး လိမ်ရတာ .. ပေါ်သွားပြန်တော့လဲ သူ့အပြစ်မဖြစ်အောင် .. အပြစ်နည်းအောင် .. ကြံရဖန်ရ ဖုံးရဖိရသေးတယ်၊ ယုံလိုယုံငြား ဆက်ပြီး လိမ်ရတာကလည်း သူ့မှာ တော်တော်ပင်ပန်းရှာမှာ ..၊ ရှက်လဲ ရှက်မှာပဲ .. တကယ်တော့ အလိမ်ခံရတဲ့ သူက ရှက်စရာမဟုတ်ဖူး၊ လိမ်တဲ့ သူကမှ ရှက်စရာ၊ ငါတို့ကို လိမ်မိတဲ့အတွက် .. သူ့လိပ်ပြာသူလဲ တသက်လုံး လုံတော့မှာမဟုတ်ဖူး” စသဖြင့် တွေးမိပြီး .. သူ့ကို သနားသွားမိပါတယ်။
အလိမ်ခံရတဲ့သူက လိမ်တဲ့သူကိုပြန်ပြီးသနားမိတယ်ဆိုပါတော့။

ဒါနဲ့ပဲ .. “ကဲပါ .. အားလုံးကို မေ့လိုက်ပါတော့ .. အခုအချိန်မှာ .. အားလုံးကိုခွင့်လွှတ်နိုင်ပါပြီ” လို့ ကျွန်မ နှုတ်က ပြောထွက်နိုင်ခဲ့တယ်။
ကျွန်မ မျက်လုံးတွေမှာလည်း ဒေါသခိုးတွေ မရှိတော့ဘူး။ ကျွန်မရဲ့ စကားတွေကလည်း ဒေါသသံ မပါတော့ဘူး။ တကယ်ပဲ ကျွန်မ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။ ဒေါသအစား ကရုဏာသက်မိသွားပါတယ်။ အဲဒီအချိန်မှာ ကျွန်မ ရင်ထဲလည်း ပူလောင်ခြင်းတွေ ကင်းဝေးပြီး ငြိမ်းအေးသွားပါတော့တယ်။
ငွေကြေး၊ အချိန်၊ သိက္ခာနဲ့ မေတ္တာတရားတွေ လိမ်ညာခံလိုက်ရပေမဲ့ .. ကျွန်မစိတ်ထဲ .. သူ့အပေါ် ဘာမှ မဖြစ်တော့ပါဘူး။ အမုန်းတွေပျောက်ပြီး အပြုံးနဲ့ ရင်ဆိုင်နိုင်ခဲ့ပြီ။
ကျွန်မရင်ထဲ ..ဒေါသတွေ .. အာဃာတတွေ .. ကင်းစင်သွားခဲ့ပါပြီ။
***
- လူအချင်းချင်း လှည့်ပတ်ခြင်း .. ကင်းရှင်းကြပါစေ ..
-ကောက်ကျစ်လိုခြင်း .. အချင်းချင်း .. ကင်းရှင်းကြပါစေ ..
-ငြူစူလိုခြင်း အချင်းချင်း .. ကင်းရှင်းကြပါစေ ..
- ၀န်တိုလိုခြင်း အချင်းချင်း .. ကင်းရှင်းကြပါစေ ..
- ကျူးကျော်လိုခြင်း အချင်းချင်း .. ကင်းရှင်းကြပါစေ ..
- တယောက်တယောက် အမျက်ဖျောက် .. ချီးမြှောက်နိုင်ပါစေ .. ။

ဆိုတဲ့ .. လင်္ကာလေးကို ကျွန်မတို့ ငယ်ငယ် ယဉ်ကျေးမှုသင်တန်းတက်တော့ ဆရာက ရွတ်ခိုင်း ဆိုခိုင်းပါတယ်။
အချင်းချင်း တယောက်နဲ့ တယောက် .. လိမ်ညာ လှည့်ပတ်ခြင်း ကောက်ကျစ်ခြင်းမှ ကင်းပါစေ၊ ငြူစူဒေါသ မာန်မာနတွေ ကင်းပါစေ၊ မနာလို ၀န်တိုခြင်းတွေ ကင်းပါစေ၊ ကျူးကျော် စော်ကားခြင်းတွေ ကင်းပါစေ၊ လို့ အပေါ်က (၅) ချက်မှာ ဆိုထားပါတယ်။
အကယ်၍ .. ..
ကိုယ့်ကို လိမ်ညာလှည့်ပတ်ခြင်းခံရရင် ..
ကိုယ့်အပေါ် ကောက်ကျစ်တဲ့ သူမျိုးနဲ့ တွေ့ရင် ..
ကိုယ့်ကို ဒေါသတွေနဲ့ ငြူစူခြင်းခံရရင် ..
ကိုယ့်အပေါ် ၀န်တိုတဲ့ သူမျိုးတွေနဲ့ ကြုံရရင် ..
ကိုယ့်ကို ကျူးကျော် စော်ကားသူတွေနဲ့ ရင်ဆိုင်ရရင် ..
တယောက်နဲ့ တယောက် အမျက်ဒေါသတွေ မထားဘဲ .. ချီးမြှောက်နိုင်ကြပါစေ .. လို့ နောက်ဆုံးမှာ ဆုတောင်း ထားပါတယ်။

အဲဒီလို အမျက်ဒေါသမထားဘဲ ချီးမြှောက်နိုင်တာဟာ ကိုယ့်အတွက် အောင်မြင်ခြင်းပါပဲ။
တကယ်တော့ လုပ်ရတာ ခက်ခဲပါတယ်။
ဒါပေမဲ့ .. လုပ်ကြည့်ပါ။
ဒေါသကနေ .. ကရုဏာစိတ်ကို ပြောင်းကြည့်ပါ။
အလေ့အကျင့်ရသွားရင် .. တဖြည်းဖြည်း လွယ်သွားပါလိမ့်မယ်။

ကိုယ့်အပေါ် ကျူးကျော်စော်ကား လှည့်စား လိမ်ညာတဲ့ သူတွေအပေါ် ဒေါသမပွါးဘဲ ကရုဏာ ရှေ့ထား မေတ္တာပွါးနိုင်မယ်ဆိုရင် ကိုယ်လည်း အေးချမ်းမယ်၊ အတုံ့အလှည့်ကင်းတဲ့ လောကကြီးဟာလည်း အေးချမ်းသွားမယ် မဟုတ်ပါလား။
***
အမျက်ဒေါသများကင်းဝေးပြီး
ငြိမ်းချမ်းသော လောကကြီးအား ကြိုဆိုလျက်

မေဓာဝီ
၆.၈.၀၆
(ညနေ ၄း၁၂ နာရီ)

3 comments:

Anonymous said...

As saying goes "Pay him back his own coin" that is true.

Treat with kindness is the best way.

Good blog indeed.

Prince

Anonymous said...

အမုန်းစကားမဆိုပါပဲ
နှလုံးသားကိုအလိမ်ခံရခြင်းဟာ
အပြစ်မမြင်သမျှတော့
ချစ်ခင်နေဆဲပါပဲ....
ရာဂ တန်ခိုးရှင်က
ဘာမှ အဆိုးမမြင်စေပဲ...
ယုံမှတ်လို့ ပုံအပ်နေမြဲပါ...
မာယာချည်း သက်သက်နဲ့
ညာပြီး chat မှန်းလဲသိရော
နာကျည်းချက် များဟာလေ...
နောင်ဘ၀ အသစ်ရှိရင်တောင်
မောင်နှမ အဖြစ်မကြည့်ချင်လောက်အောင်ပါပဲ...
ဒါပေမဲ့လေ...
သံယောဇဉ်ကြီးတတ်သူကြီးအတွက်တော့
ကိုယ့်ဘ၀ အစိတ်အပိုင်းတွေ..
ရော်ရင့်နွမ်းယိကြွေတဲ့ထိအောင်
မျှော်လင့်တမ်းမိနေမလားပဲ...အချစ်ရယ်..
ကဗျာအသိကနေ အညာမမိကြပါစေနဲ့လို့....

ကလိုစေးထူး said...

ဒီပို့စ်ထဲက စာတကြောင်း `ကိုယ့်ကို ကျူးကျော် စော်ကားသူတွေနဲ့ ရင်ဆိုင်ရရင်´ ဆိုတာကို ထပ်ခါထပ်ခါ စဉ်းစားနေမိတယ်။ အမျက်ကတော့ မထွက်ဘဲ နေလို့ မရဘူးဗျာ။ ထိန်းချုပ်နိုင်စွမ်းအား နည်းတယ်ပြောလဲ ခံရမှာပဲ။ ဒါပေမယ့် လောကပါလတရား (ဟဲဟဲ အမလေသံကို အတုခိုးလိုက်အုံးမယ်နော်) ထဲက ဥပေက္ခာတရား ဆိုတဲ့အတိုင်း ကျင့်ကြံပစ်လိုက်တယ်.. ကျနော်တော့ ဒေါသထွက်ရင်သီချင်းအော်ဆိုတယ်ဗျ။