Saturday, February 03, 2007

ရောက်တတ်ရာရာ ...

ခုရက်ပိုင်း စာရေးဖို့ရာ စိတ်မပါဘူး ဖြစ်နေပါတယ်။
ကိုယ့်ရဲ့ ဘလော့လေးကိုလည်း သေမနေစေချင်ဘူး။
ဒါနဲ့ပဲ ရှိပြီးသား အဟောင်းတွေရှာဖွေပြီး ပြန်ပြန်တင်နေဖြစ်တာပါ။
အခုရေးတဲ့ အကြောင်းအရာ ထဲက ပထမ (၂) ပုဒ်ကတော့ နေးတစ်မှာ ရေးခဲ့ဖူးပြီးသားပါပဲ။
ကိုယ်တိုင်ကြုံခဲ့ဖူးပြီး ကိုယ်တိုင်သဘောကျစွာ ပြုံးခဲ့ရဖူးတဲ့ ဟာသလေးတွေမို့ ပြန်ဝေမျှ လိုက်ပါတယ်။
နောက်ဆုံး တပုဒ်ကတော့ ဘယ်မှာမှ မတင်ရသေးပါဘူး။
ဖတ်ကြည့်ကြပါအုံး … ။

***
(၁) စူဠာမဏိ ၀င်တုန်းက

ဟိုတနှစ်က ကျမတို့အိမ်ကို အညာကဆွေမျိုးတွေ ဆေးကုဖို့ရောက်လာကြပါတယ်။ ခရီးရောက်မဆိုက် စကားစမြည်ပြောရင်း သူက စကားဆန်းတခုပြောတယ်။
“ဟိုတလောက စူဠာမဏိ ၀င်တာလေ …ဗြောင်းကိုဆန်နေတာပဲနော် …ဂြိုလ်တုစလောင်းမှာ ကြည့်လိုက်ရတယ်၊ လူတွေသေကြတာ … သနားဖို့ကောင်းလိုက်တာ …”
ကျမလည်း ရုတ်တရက် နားမလည်လို့ သူ့ကို ဘာမှ ပြန်မပြောမိဘူး၊ စိတ်ထဲကတော့ စဉ်းစားနေတာပေါ့၊ စူဠာမဏိ ၀င်တာ ဗြောင်းဆန်တယ်ဆိုလို့ အာဠာဝက ၀င်တာကိုများ ပြောတာလား … နီးစပ်ရာ လျှောက်တွေးနေမိရင်း ကျမငြိမ်နေတော့ သူကဆက်ပြောတယ်။

“မကြည့်လိုက်ရဘူးလား … တီဗီထဲမှာလေ၊ စူဠာမဏိ ရေလှိုင်းကြီးဆိုတာများ အိမ်ထက်တောင် မြင့်သေးတယ်၊ ကြောက်စရာကောင်းပုံများ…”
အဲဒီတော့မှ ကျမလည်း သဘောပေါက်သလိုလို ဖြစ်သွားပြီး …
“သြော် … ဆူနာမီ ကိုပြောတာလား” ဆိုတော့ …
“အင်း .. ဟုတ်ပ … အဲဒီ စူဠာမဏိ အတော်ကြောက်ဖို့ကောင်းတာနော်” တဲ့၊ မလျှော့ဘူး။ စူဠာမဏိမှ စူဠာမဏိပဲ၊
ပြင်ပေးလည်း ရမယ့်အစားထဲက မဟုတ်ဖူး။ သွားပြောကြည့်ပါလား .. စူဠာမဏိ မဟုတ်ဖူး၊ ဆူနာမီ .. လို့။
“ငါသိသားပဲ … ဆရာမလုပ်ပါနဲ့ .. ငါက မှတ်ရလွယ်အောင် စူဠာမဏိ လို့ ခေါ်တာ၊ ဘာဖြစ်တုန်း” လို့ ဘုပြန်တော ရင် ဒုက္ခလေ။ အညာသူ အညာသား ဆိုတာ စကားက ခပ်ကပ်ကပ်ရယ်။ ဒါကြောင့် ကျမပဲ ခပ်မဆိတ်သာ နေလိုက်ပါတော့တယ်။
***
(၂) အလောင်းတော်ကဿပ ရက်ရှစ်ဆယ်

အဲဒါကတော့ ကျမ အေလာ ကို အလည်အပတ်သွားစဉ်က ကြုံခဲ့ရတာလေးပါ။
အဲဒီတုန်းက အိမ်တိုင်းမှာ တီဗီတို့ ဗီဒီယိုပြစက်တို့ဆိုတာ မရှိဘူး။ ကြည့်ချင်ရင် ရုံမှာသွားမော့ရတာ။ တခါကြည့် ၂ ကျပ်လား ဘာလား သိပ်တော့မမှတ်မိတော့ပါဘူး။ ကျမတို့ နေတဲ့ သတ္တုစက်ရုံဝင်းထဲမှာတော့ ၀န်ထမ်းသက်သာ ဆိုင်မှာ ညဘက်ဆို တီဗီပြပါတယ်။ အခု အဖြစ်အပျက်ကတော့ အေလာရွာထဲက ဗီဒီယိုရုံမှာပါ။

တနေ့တော့ ရုပ်ရှင်ဇာတ်ကားတခု ပြဖို့ အခုလို ကြော်ငြာသင်ပုန်းထောင်ထားပါတယ်။
ယနေ့ည ပြမည့် ဇာတ်ကား ….
“အလောင်းတော် ကဿပ ရက်ရှစ်ဆယ်” ဆိုပြီး မြေဖြူခဲရောင်စုံ တွေနဲ့ ရေးထားတယ်။ ကြော်ငြာသင်ပုန်း လာဖတ်တဲ့ သူတွေကလည်း ရုတ်ရုတ်သဲသဲနဲ့။ အလောင်းတော်ကဿပ ဆိုတော့ ဖူးရခဲတယ်မဟုတ်လား။

အဲဒီနေ့က ရွာကလူတွေဟာ အိမ်အလုပ်တွေ စောစောစီးစီး ပြီးအောင်လုပ်လို့၊ ညဘက် ဗီဒီယိုပြချိန် မတိုင်ခင်ကတည်းက ရုံရှေ့မှာ လူကတော်တော်စည်နေပြီ။ ရွာနီးချုပ်စပ်က လူတွေလည်း ကလေးရော ခွေးရော ခေါ်ပြီးလာကြည့်ကြလေရဲ့။ အဲဒီည ဗီဒီယိုရုံမှာ ရုံပြည့်တဲ့အပြင် နေရာမလောက်လို့ ရုံပါဖွင့်လိုက်ရတဲ့အထိ။
အလောင်းတော်ကဿပ ဆိုတာကလည်း ခုခေတ်လို လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ အခါမျိုးမှာတောင် ခက်ခက်ခဲခဲ သွားရတာမျိုး မဟုတ်လား။ အဲဒီတုန်းကလူတွေဆို ပိုလို့ အရောက်အပေါက်နည်းမှာပေါ့။

ဒါနဲ့ပဲ ဇာတ်ကားပြတော့ ရွှေပွဲလာပရိသတ်ခမျာ ဘယ်တော့များ အလောင်းတော်ကဿပ လာမလဲ တမျှော်မျှော်နဲ့ ဇာတ်ကားသာ ပြီးသွားရော … အလောင်းတော်ကဿပနဲ့ တူတာ တခုမှကို မပါလိုက်ဘူး။
ဘယ်ပါမှာလဲ ..။
တကယ်တမ်းပြတဲ့ ဇာတ်ကားက အလောင်းတော်ကဿပ ရက်ရှစ်ဆယ်မှ မဟုတ်ဘဲနဲ့။
‘Around the world in 80 days’ ဇာတ်ကားပါ။ အဲဒီဇာတ်ကားကို တယောက်ယောက်က အသံထွက် ဖတ်ပြပါလိမ့်မယ်။ ဒါကို ဗီဒီယိုဇာတ်ကား ကြော်ငြာသူက အသံထွက်ကို သူ့အကြားနဲ့ ကျွမ်းကျင်သလို ဘာသာပြန်ထည့်လိုက်တော့ … Around the world လည်း အလောင်းတော် ကဿပ အဖြစ် ဘ၀ပြောင်းသွားတော့ လေသတည်းပေါ့။
***
(၃) ၀ဿဝတီ နတ်ပြည် .. ဘယ်ဆီမှာလဲ ..။

~~ ၀ဿဝတီ နတ်ပြည်က နတ်သမီးလေးတွေ လှပါတယ် ~~ သင်္ကြန်မယ်လေးတွေ လှပါတယ်ဗျ ~~
သင်္ကြန်နားနီးရင် ဒီသီချင်းလေး အမြဲကြားရတတ်ပါတယ်။
ဒီသီချင်းလေးတွေ ကြားရရင်ဖြင့် သင်္ကြန်ရောက်တော့မယ် ဆိုပြီး စိတ်ထဲ ပျော်သလိုလို ကြည်နူးသလိုလို ဖြစ်ရတယ်။
သီချင်းကို သေချာနားထောင်ပြီး ဒီသီချင်းမှာပါတဲ့ ၀ဿဝတီ နတ်ပြည် ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ ဘယ်နှစ်ထပ်မြောက် ပါလိမ့်လို့ စဉ်းစားပြီး ရှာကြည့်မိတယ်။
၁။ စတုမဟာရာဇ်
၂။ တာဝတိံသာ
၃။ ယာမာ
၎။ တုသိတာ
၅။ နိမ္မာနရတီ
၆။ ပရနိမ္မိတ၀သ၀တ္တီ
ဒါအကုန်ပဲ၊ ၀ဿဝတီ (အသံထွက် ၀တ်သ၀တီ) နတ်ပြည်ဆိုတာ ဒါဖြင့် ဘယ်အထပ်က ပါလိမ့်။ စာရင်းထဲတော့ မပါဘူး။ စာရင်းထဲမပါတဲ့ နတ်ပြည်ကိုလည်း သီချင်းထဲ ထည့်ဆိုမှာ မဟုတ်ပါဘူး။ ဒါနဲ့ပဲ ထုံးစံအတိုင်း အဖေ့ကို မေးကြည့်ရပါတယ်။
အဖေကတော့ ဖြစ်နိုင်ချေရှိတာကို ခုလို ပြောပြတယ်။
“တကယ်တမ်းက ပရနိမ္မိတ၀သ၀တ္တီ ကို ပြောတာ ဖြစ်ပါလိမ့်မယ် .. ၊ နောက်ဆုံးက ၀သ၀တ္တီ (အသံထွက် - ၀သ၀တ်တီ) ကိုယူပြီး တေးဖွဲ့ဆရာတွေကတော့ အမှန် ရေးလိုက်မှာပါပဲ၊ အဲဒါကို အဆိုတော်တွေက ဆိုရင်း ဆိုရင်း ၀သ၀တ္တီ (၀သ၀တ်တီ) ကနေ ၀ဿဝတီ (၀တ်သ၀တီ)ဖြစ်သွားတာ နေမှာ” လို့ပြောပါတယ်။
ကျမကတော့ အဲဒါလည်း အံချော်ခြင်း တမျိုးပေပဲလားလို့ … တွေးနေမိပါရဲ့။
***

7 comments:

Anonymous said...

ကဲ အမှန်တရားရဲ့ ဘက်တော်သားတွေရေ တွေ့ကြပီလား ဘယ်သူက ဘလော့တင်ကျယ်တဲ့ ဘလော့ကျယ်လဲ ဘယ်သူက တကယ်ရေးနေလဲဆိုတာကို အခုမှပါထားတာနော်. ရက်စွဲကိုလဲ သေချာသွားကြည့်ကြ ၂၀၀၇ ဖော်ဖော်ဝါရီတဲ့ဗျ။ နောက်နောင်သူများကို မပုတ်ခတ်နဲ့တော့ပေါ့ဗျာ။

Ahi said...

လာပြန်ပြီ၊ အပေါ်မှာတစ်ခု။ ဂုန်းတိုက်ပေးနေတဲ့လူတွေ။ အဟိ။ မုန်းတယ်။ ၉၉ရယ်၊ မေဓါဝီရယ်၊ ကလိုဆေးထူးရယ်၊ သူတို့ စာဖတ်ပရိတ်သတ်တွေရယ်၊ စည်းလုံးနေကြတာကို မနာလိုဘူး ထင်တယ်။ အဟိ။

မမေဓါဝီ ရေးထားတာလေးတွေ ရီရတယ်။ အဟိ၊ အဟိ။ ဒါပေမယ့် တို့ တောမှာက သတင်းနားထောင်ဖို့  စလောင်းဖုံးကြီးတို့ ၊ လေဒီယိုတို့ ၊ ယူဒဗလျူဘီစီကဒ်ပြားကြီးတို့ မှ မရှိတာ။ အဟိ။ သတင်း အကွဲကြီး အဲအဲ... စက်ရပ်သတင်း (Breaking News) နားမထောင်ဖြစ်ဘူးလေ။ တို့ က ရဲကိုကို၊ နေထက်လင်း နဲ့  ၃လုံး ဘိုးတော် ကိုဘဲ စိတ်ဝင်စားတာလေ။ အဟိ။ တူမကြီးက တို့ များ ဆင်းရဲသားတွေကို ပညာပေးတဲ့ စာတွေရေးပေါ့။ အဟိ။ ဒါပမယ့် နေထက်လင်းနဲ့ ပရိတ်သတ်အပြိုင် ဈေးကွက် လုရမှာနော်။ အဟိ။ အဟိ။

ရွှင်လန်းပါစေ။ အဟိ။

Anonymous said...

အပြိုင်အဆိုင်၊ အတွန်းအထိုး၊ အခြေအတင်၊ အချီအချတွေဟာ
ခုမှမဟုတ်ဘူး၊ မန်လည်တို့ခေတ်ကလည်းရှိခဲ့တာပဲ...
အဓိက..ကတော့ပညာပြည့်ဝ နှလုံးလှတဲ့သူဟာ အချိန်မရွေး
မှတ်ကျောက်အတင်ခံနိုင်တယ်... မန်လည်ရဲ့ ပြန်လည် ထိုးနှက်လိုက်ပုံလေးက
ချစ်စရာကောင်းသလို ထိထိမိမိရှိလှပါတယ်....

ပြစ်မရှိပြစ်ရှာ...။ ။
လမင်းကိုခွေးဟောင်လို့
ရွှေလရောင်ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ...။ ။
ဝက်များကညူစူစွာ
ညွှန်လူးကာတိုက်နှဲ...။ ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ...။ ။

ဘယ်ပေတံ၊ ဘယ်စံတွေနဲ့၊ ဘယ်လိုများတိုင်းတာပြီး ဘာတွေများ ဆက်အရစ်ရှည်ကြအုံးမလို့လဲ... စောင့်ကြည့်ရတာပ...

Anonymous said...

အညာသူအညာသားတွေက စကားကပ်လို့လားအစ်မရဲ့။ သဘောကောင်းတာမဟုတ်ဘူးလား။ ဟီး

မေဓာဝီ said...

အညာသူအညာသား သဘောလည်း ကောင်းပါရဲ့။ စကားကပ်တယ်ဆိုတာကလည်း တကယ်တော့ စကားတတ်တာပါ။ ဘယ်လိုပြောမလဲ … စကားကြွယ်တယ်ပေါ့နော်။ (အညာကလူတွေ အပြစ်မတင်အောင် ပြန်ပြင်ပြော လိုက်ရပါကြောင်း။)

Anonymous said...

အမည်မဲ့ ကွန်မန့်ရေးသူရှင့်
၂၀၀၆ဖေဖော်ဝါရီ ကိစ်စ်မှာ မမေ နှင့်ဘာမှမဆိုင်ပါ။ ကျွန်မပြောခဲ့ခြင်းသာဖြစ်တဲ့အတွက် ကျွန်မကိုသာ ပြောစေလိုပါတယ်။ကျွန်မရဲ့ အီးမေးလ်ကိုလည်း ကိုသူရိန်(ကလိုဆေးထူး) ကွန်မန့်မှာ ပေးထားခဲ့ပြီးပါပြီ။ကျွန်မမေးလ်ကိုပို့ရင် အမည်မဲ့ကွန်မန့်ရေးသူ ဘယ်သူဘယ်ဝါဆိုတာ သိမှာစိုးရင် ၊ အမည်မဲ့ကွန်မန့်ရေးသူက ယခုလို ကိုယ့်အိုင်ဒီ အမည်မှန်ကို ထုတ်ဖော်ရေးဝံ့သူမဟုတ်တဲ့အတွက် အမည်မဲ့ကိုသာ အသုံးပြုလို့ရေးချင်တယ်ဆိုရင် ကျွန်မမှာ ဘလော့ဂ်ရှိပါတယ်။ ကျွန်မ ဘလော့ဂ်ကို လာရေးပါ။
ဒါပေမယ့် အင်္ဂလိပ်လိုရေးဖို့တော့လိုပါတယ်။
ယခုကဲ့သို့ မမေဓာဝီ အားတမင်လိုက်ပြောနေခြင်းမှာ မြင်ရသည်မှာလည်း အမြင်မကောင်းပါ။ ယောက်ျားတစ်ဦးဖြစ်လျက်နှင့် မိန်းမတစ်ဦးအား လိုက်လံစိတ်အနှောင့်အယှက်ပေးနေသည်မှာ မြန်မာလူမျိုးယောက်ျားတို့ အရိုးစွဲနေသလို စာတတ် ပေတတ် မိန်းမဆိုလျှင် မနှစ်မြို့ဘဲ တမင် လိုက်ပြောနေသည်နှင့်တူပါတယ်။ ဒါမှမဟုတ် အမည်မဲ့ကွန်မန့်ရေးသူဟာ ယောက်ျားစတိုင်လ်စာရေးသော်လည်း မိန်းမတစ်ဦးဖြစ်ကောင်းဖြစ်ပါမယ်။
ကျွန်မ ကိုသာတိုက်ရိုက်လာပြောပါရန် တောင်းဆိုပါတယ်။
ဟနစံ

Anonymous said...

အမရေ..

အညာသားတွေရယ်လို့ စိတ်ထဲမှာမစွဲထားပါနဲ့ဗျာ.. စကားကပ်ချင်သူကတော့.. ဘယ်နေရာကနေနေ ကပ်မှာပဲ.. စကားတတ်သူကလည်း ဘယ်နေရာကနေနေ တတ်မှာပါပဲဗျာ.. ကိုယ်ကရန်ကုန်က လူလည်တစ်ယောက်တလေနဲ့တွေတာကိုလည်း ရန်ကုန်က လူလည်လူလိမ်တွေများတယ်လို့ ပြောကြတယ်.. အဲဒါမဟုတ်ပါဘူး.. လူ့သဘာဝအရ နေရာတိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိပါတယ်.. အဲဒါလေးကိုတော့သတိပြုဖို့လိုပါလိမ့်မယ်.. ကျေးဇူး..