Saturday, January 13, 2007

၁၃ - စနေ

၁၃ ဆိုတာ ကံမကောင်းစေတဲ့ ဂဏန်းတဲ့။ သောကြာနေ့နဲ့ ၁၃ ရက် တိုက်ဆိုင်တဲ့ ရက်များ ဆိုရင် အတော်ကို ကံဆိုးတတ်တယ်ဆိုပြီး ပြောစမှတ်ရှိကြတယ်။ Friday the thirteen ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း ၁၃ ရက် သောကြာနေ့ တနေ့တာရဲ့ ကံဆိုးလွန်းတဲ့ အဖြစ်အပျက်ကို ရိုက်ပြထားတာဆိုပဲ။ ကျမကတော့ ဒါမျိုးတွေ အယူအဆ အစွဲအလမ်း မထားခဲ့မိရိုးအမှန်ပါ။ ဂဏန်းတွေဟာ သူ့ဘာသာ သူ နေတာ။ ကိုယ်က လိုက်ပြီး ကံကောင်းတဲ့ ဂဏန်း ကံဆိုးတဲ့ဂဏန်း လျှောက်သတ်မှတ်နေတာတော့ဖြင့် မဟုတ်သေးဘူးလားလို့ရယ်ပေါ့။

ဒီကနေ့ ၁၃ ရက်ပါ။ သောကြာနေ့တော့မဟုတ်ပါဘူး။ စနေ ၁၃ပေါ့။
အစကတော့ ဒီနေ့ ၁၃ ရက်ဆိုတာကို သိပ်သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့သာ နေခဲ့မိတယ်။
ဒါပေမဲ့ မနက်မိုးလင်းထဲက စိတ်ကသိကအောက် ဖြစ်စရာတွေ ကြုံလာလိုက်တာ … တခုပြီးတစ်ခု ဆက်တိုက် ဆိုသလိုပဲ။ ည မိုးချုပ်သည်ထိ ဆိုပါတော့။

ကိုယ်ရေးကိုယ်တာ စိတ်ဒုက္ခရောက်စရာတွေအပြင် သတင်းနားထောင်မိပြန်တော့ ကိုယ့်နိုင်ငံအတွက် တော်တော်ဆိုးဝါးတဲ့ သတင်းဆိုးတခုကိုလည်း ကြားလိုက်ရပါသေးတယ်။

ဒီတော့မှ … ဒီနေ့ဘာနေ့ပါလိမ့်လို့ ကွန်ပျူတာပြက္ခဒိန်လေး ထောက်ကြည့်တော့ Saturday, January 13, 2007 တဲ့။
အင်း … အရင်ကတော့ ဒါမျိုးတွေ စိတ်ထဲမထားခဲ့မိပေမဲ့ … တော်တော်ဆိုးတဲ့ ၁၃ ပါလားလို့ ဒီနေ့တော့ တွေးမိလာခဲ့တယ်။ ဒီနေ့လို အဆိုးမျိုးတွေ နောက်ထပ်ကြုံရမှာလည်း ထိတ်လန့်နေမိပါတယ်။

သြော် … ၁၃ - ၁၃ လို့ နှုတ်ကရေရွတ်နေရင်းနဲ့ ၁၃ နဲ့ပတ်သက်ပြီး ခုလိုတွေ လျှောက်တွေးနေမိတယ်။

၁၃ ကို စာနဲ့ရေးရင် “တဆယ့်သုံး”ပေါ့၊
အသံထွက်အတိုင်းရေးကြည့်ရင်တော့ “ဆက်သုံး” တဲ့ ..။
ဒီလိုပြောင်းပြီး သံတူ ကြောင်းကွဲ စာလုံးပေါင်းကြည့်မိတဲ့အခါ “ဆက်သုဉ်း” တဲ့။
သုဉ်း ဆိုတာ သုည က လာတာပါ၊ ဘာမှမရှိ ဗလာနတ္ထိပေါ့။
အပျော်တွေ ဆက်လက်ပြီး ဆိတ်သုဉ်းမယ်ဆိုတဲ့ အတိတ်နိမိတ်လေပဲလား … လို့ အယူတော်မင်္ဂလာဦးနိုးကို အတုခိုးပြီး နိမိတ်ကောက်နေမိပြန်တယ်။

သုဉ်း ဆိုတာ တွေးမိရာက … သုဉ်းတွေကို တွင်တွင်သုံးထားတဲ့ ဒီကဗျာလေး သတိရမိပြန်ပါတယ်။

ထီးသုဉ်း နန်းသုဉ်း
မြို့သုဉ်း သုည
သုဉ်း သုံးဝနှင့်
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်
ဖြစ်လာရပေ
တို့တတွေသည်
သေသော်မှတည့် ..
သြော် …ကောင်း၏ … ။

မထူးပါဘူး … အခုခေတ်ဟာလည်း သုညခေတ်ကြီးပါပဲ။

လွတ်လပ်မှုတွေ ဆိတ်သုဉ်း
တရားမျှတမှုတွေ ဆိတ်သုဉ်း
ကိုယ်ချင်းစာနာခြင်းတွေ ဆိတ်သုဉ်း
ရိုင်းပင်းကူညီခြင်းတွေ ဆိတ်သုဉ်း
လူ့အခွင့်အရေးတွေ ဆိတ်သုဉ်း
ငြိမ်းချမ်းရေးတွေ ဆိတ်သုဉ်း

ဒီလိုတွေ အစစအရာရာ ဆိတ်သုဉ်းနေတဲ့ ခေတ်ကြီးမှာ ဖြစ်လာရတဲ့ ကျမတို့တတွေလည်း သေသော်မှတည့် သြော်ကောင်း၏ လို့သာ ညည်းညူရတော့မှာပါပဲ။

နောက်ဆုံးတော့ …. ဘာပဲဖြစ်ဖြစ် … ဆိတ်သုဉ်းမယ်ဆိုရင်လည်း ကံဆိုးခြင်းတွေသာ ဆိတ်သုဉ်းပါစေသားလို့ ဒီကနေ့ တနေ့တာ မကုန်မီကလေး ဟုတ်ဟုတ်ငြားငြား ဆုတောင်းလိုက်မိပါရဲ့။
***
13.1.07
10:30pm

8 comments:

Anonymous said...

ဒီနေ့  အဲ့ဒီ သီတင်းကိုကြားလိုက်ရတာ စိတ်မကောင်းဖြစ်သွားတယ်။ အစ်မပြောထားတဲ့ သုဉ်းတွေကို တွင်တွင်သုံးထားတဲ့ ဒီကဗျာလေးလိုပါပဲ။ သုညခေတ်ကြီးဆိုတာလည်း အမှန်ပါပဲ။

ကလိုစေးထူး said...

တကယ်ကတော့ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာက လူနဲ့လဲ အတန်အသင့်တော့ သက်ဆိုင်ပါတယ်။ ဟိုသတင်းကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ၊ ဒီလိုဖြစ်လာမယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်ကိုဖြစ်လာတော့ ကျနော်လဲ စိတ်မကောင်းဖြစ်ရတယ်။ ဆက်မသုဉ်းတော့တဲ့ ကံကောင်းခြင်းဆက်သုံးနေ့တွေကို ရောက်ပါစေတော့လို့ ဆုတောင်းရင်း....။

Anonymous said...

သေသော်မှတည့် သြော်ကောင်း၏

ြUnfortunately, even this didn't hold true for the poet, the See-bann-ne Sayadaw, whose tomb in Mandalay was desecrated and moved by the junta.

htooseinhtut said...

I do not believe it the day 13 is trouble for everything (it's b4) because if urs take action is good reaction also shall b good that is my believe it. But now i confuse about that day 13 because of someone gave me trouble and hurt. of course..........

htooseinhtut
2345hrs

khunaung said...

အန် စိတ်မကောင်းစရာ သတင်းဆိုတာ ဘာလဲဟင်။ ခွန်လည်း မသိလိုက်ရပါလား။ ပြောပြပါအုံးလားနော်။ ခွန်လည်း သိချင်တယ်။

ဆယ့်သုံးဂဏန်းမကောင်းဘူးဆိုတာက ဘယ်လို အတိတ်နိမိတ်ကို ကြည့်ပြီး ဟောကြတာလဲ။ ခွန်ကတော့ သိပ်အစွဲအလမ်း မရှိဘူး

TZA said...

မှန်လိုက်လေအစ်မရယ်

ဆက်သုဉ်း ဆက်သုဉ်း ..

tun myanmar said...

သုဉ်းနေတဲ့ခတ်ကြီးမြန်မြန်သုဉ်းပါစေလို့ ကျနော်ဆုတောင်းပါတယ်။ သုဉ်းပြီးရင်း သုဉ်းရင်းနဲ့ သုဉ်းလို့မပြီးနိုင်လို့ပါ။

Anonymous said...

ဟုတ်တယ်မမေ
ညလေးလဲ အဲ့ဒီကဗျာကိုဖတ်ဖူးတယ
စာအုပ်တစ်အုပ်ထဲမှာလေး
သုံးသုံးဝဆိုတဲ့ ကဗျာလေး အရမ်းကြိုက်တယ်
ဆိတ်သုဉ်းနေတဲ့ခေတ်ကိုရေးထားတာ
အရမ်းကောင်းတယ်