Friday, July 31, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၄)

ဒီတပတ် အပိုင်း (၄) မှာ ကလိယုဂ် ကဗျာခန်းရဲ့ နောက်ဆုံးကဗျာဖြစ်တဲ့ ကောသလမင်းကြီး အိပ်မက်ခန်း လေးဆစ်သဖြန်ကို ဖော်ပြပေးပါမယ်။ ရေးဖွဲ့သီကုံးသူက မတ္တရာ - ငစဥ့်ပါ ဆရာတော်ဘုရား ဖြစ်ပါတယ်။

ကြုံကြိုက်လို့ အနီးစခန်း ဆရာတော် ဟောကြားထားတဲ့ ကောသလအိပ်မက် ၁၆-ချက် တရားတော်ထဲက ယုဂ် တွေနဲ့ ပတ်သက်တာလေးကို ဗဟုသုတ အလို့ငှာ ပြန်လည်ဝေမျှ ပါရစေ။ နည်းနည်းလောက် သည်းခံ ဖတ်ပေးကြပါဦး။
***
လောကကြီးမှာ "ကတယုဂ်၊ တြေတာယုဂ်၊ ဒွါပရာယုဂ်၊ ကလိယုဂ်" လို့ဆိုတဲ့ ယုဂ်လေးပါး ရှိပါသတဲ့။ အဲဒီယုဂ် လေးပါးဟာ တလှည့်စီ ဖြစ်ပျက်နေတယ် လို့ ဆိုပါတယ်။ ကတယုဂ် သက်တမ်းကုန်ရင် တြေတာယုဂ် ဖြစ်တယ်။ တြေတာယုဂ် ပြီးရင် ဒွါပရာယုဂ်၊ ပြီးတော့ ကလိယုဂ် ... စသဖြင့်တလှည့်စီ ဖြစ်နေပါတယ်။

ကတယုဂ် - ဆိုတာကတော့ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ လူဆင်းရဲ စတဲ့ အမျိုး လေးပါးလုံး တရားစောင့်တဲ့ ခေတ်ဖြစ်ပါတယ်။ တြေတာယုဂ် - ကတော့ အဲဒီ အမျိုးလေးပါးထဲက လေးပုံသုံးပုံ* တရားစောင့်တဲ့ ခေတ်ဖြစ်ပါသတဲ့။ ဥပမာ - မင်း ဆိုလဲ မင်းမျိုးရဲ့ လေးပုံသုံးပုံ* က တရားစောင့်တဲ့ ခေတ် အခါကာလလို့ ဆိုပါတယ်။ ဒွါပရာယုဂ် - မှာတော့ လေးပုံ နှစ်ပုံသာ တရားစောင့် ပါတော့တယ်။ ကျန် နှစ်ပုံက တရားပျက်နေကြပြီ … တဲ့။ ကလိယုဂ် - ကတော့ လေးပုံ တပုံသာ တရားစောင့်တော့တာမို့ သတ္တ၀ါ အများစု တရားပျက် နေတဲ့ ဆုတ်ကပ် ခေတ်လို့ ဆိုခြင်း ဖြစ်ပါသတဲ့။

အခုခေတ်ဟာ ကလိယုဂ် ဆုတ်ကပ်ခေတ်ထဲမှာ ပါဝင်နေပြီး ကလိယုဂ်ရဲ့ သက်တမ်းက နှစ်ပေါင်း လေးသိန်းသုံးသောင်းနှစ်ထောင် (၄၃၂၀၀၀) ကြာရှည်ပါသတဲ့။ မြတ်စွာဘုရားပွင့်တော်မူချိန်မှာ ကလိယုဂ်သက်တမ်းက နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ရှိနေပြီ ဖြစ်ပြီး ဘုရားပွင့်ပြီးချိန်မှ အခုချိန်ထိ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ကြာပြီမို့ စုစုပေါင်း ကလိယုဂ်သက်တမ်း ငါးထောင်ကျော် ကုန်ခဲ့ပါပြီ။ နောက်ထပ် ၄ သိန်း ကျော် ကျန်ပါသေးတယ်။

ကလိယုဂ် ဆုတ်ကပ်မှာ သူတော်ကောင်း တရားတွေ ခေါင်းပါး၊ သတ္တ၀ါတို့ရဲ့ သန္တာန်မှာ အကုသိုလ် တရားတွေ တနေ့တခြား ထွန်းကားတဲ့ခေတ်၊ မကောင်းတာ မှန်သရွေ့ အကုန် ဖြစ်တယ်လို့ ဆရာတော်ကြီးက ဟောကြား ထားတာကို မှတ်သား နာယူခဲ့ရသမျှ ပြန်ဝေမျှလိုက်ပါတယ်။
***
ကောသလအိပ်မက် ၁၆-ချက် လေးဆစ် သဖြန်ကို မဖော်ပြခင် ကဗျာ့ဥပဒေသခန်းက “ကဗျာ့အခြေခံ သိထားရန်” ကို ဦးစွာ ဖော်ပြလိုက်ပါတယ်။
***
ကဗျာ့အခြေခံ သိထားရန်

ထိုဗုဒ္ဓဘာသာ၊ ဗြဟ္မာအယူ၊ ကမ္ဘာသူဖြစ်သော၊ မြန်မာလူ ပေါရာဏတို့၏၊ ဝေါဟာရစုံညီ၊ ဂုဏ်ဆီရစ်မှု၊ အနှစ်ပြုသော၊ သေတ္တုပ၀ရ၊ ၀စနတို့သည်၊ မာဂဓပုဒ်၊ ဗုဒ္ဓဘာသာလျှင်၊ အမွန်ရှိရကား၊ ဗုဒ္ဓိမန္တ၊ စန္ဒြာ့သူရိန်၊ ဂူနှစ်အိမ်ကဲ့သို့၊ ဘူမဟိန်ပျံ့၊ နှံ့သော ကျော်စောခြင်းရှိသော က၀ိပုဂ္ဂိုလ်ကျော် တို့၏၊ ထုတ်ဆိုတော်မူအပ်သော၊ အရပ်ရပ် ပျို့, ကဗျာ, လင်္ကာ, မော်ကွန်း၊ သတ်ညွှန်း-သတ်ပုံ၊ ပိုဒ်စုံ, ရတု, ရကန်, အဲး, အန်, လူးတား စသောအားဖြင့် များစွာသော မြန်မာ အဘွဲ့မျိုးတို့သည်လည်း ကိုးကားရင်း မာဂဓပုဒ်-ဗုဒ္ဓဘာသာ ဖြစ်သော ပါဠိ, အဋ္ဌကထာ, ဋီကာ, အနု, မဓု, လက်သန်း, ဆန်း, အလင်္ကာ, သဒ္ဒါ, အဘိဓာန် ကျမ်းဂန် အရပ်ရပ်သာလျှင် အမွန်ပ ဘ၀ရှိကြ ကုန်လေသတည်း။

ရှေးရှေးပညာရှိ၊ က၀ိပုဂ္ဂိုလ်ကျော်တို့၊ ထုတ်ဆိုတော်မူအပ်သော အရပ်ရပ် ပျို့, ကဗျာ, လင်္ကာ, မော်ကွန်း, ဧချင်း, ရတု အစုစုတို့ကဲ့သို့၊ သုတဗုဒ္ဓိ၊ က၀ိတဆူ၊ ရေးသားစီကုံးခြင်း ပြုလိုသူတို့လည်း မူလရင်း ဗုဒ္ဓဘာသာ၊ သာသနာတော်ကျမ်း၊ အမှီငြမ်းနှင့်တကွ၊ ဆန်းအလင်္ကာ၊ အက္ခရာပါဌ်ပုဒ်၊ အတ္ထုဒ္ဓါရ၊ ၀ါကျအခင်း၊ မယွင်းသဖြင့်၊ အလျှင်းသင့်စေလျက် အစဉ်အတိုင်း ပြုလတ္တံ့သော ကဗျာဟူသော ဝေါဟာရ, ဂန္ဓဟူသော ဝေါဟာရ၊ ဤသို့ပြသဖြင့် မာဂဓမှ မြန်မာဖြစ်ခြင်း မြစ်အရင်းများလည်း သစ်လင်းစွာ နားလည်စေရမည်။

“ပဒ၀ါကျ၊ ပဒတ္ထ၌၊ ဒေါသပြစ်ရောက်၊ ရှစ်-ကိုး-ခြောက်” များကိုလည်း၊ ကြောက်လန့် ရှောင်ဖယ် ကြရမည်။

“ပသာဒ သြဇ၊ မဓုရနှင့်၊ အတ္ထဗျတ္တိ၊ သမာဓိကန္တီ၊ သီလေသ ဥဒါရ၊ သမတာ၊ သုခုမာလတာ” ဂုဏ်ဆယ်ဖြာနှင့်လည်း၊ ဖွယ်ရာ တင့်တယ်စေရမည်။

“ပဉ္စ၀ီသ၊ ချီအချနှင့်၊ ဤမှတဖြာ၊ ကြိယာခြောက်ဆယ်” အသွယ်သွယ်ကို၊ တကယ်သိကျွမ်း စေရမည်။

“လို-မလိုအပ်၊ ဂိုဏ်း နက္ခတ်နှင့်၊ နတ်လည်းတချက်၊ ၀ံသက္ခရာ၊ ဆန္ဒာဂန္ဓ” ပြသည် ထင်ရှား၊ ဂိုဏ်းအများကိုလည်း၊ ပိုင်းခြားနိုင်စေရမည်။

“ကာရန်ဆယ့်တစ်၊ သတ်ဆစ် ဆယ်ပါး၊ သုံးဆယ့်ငါးနှင့်၊ တခြား ဆယ့်ခြောက်၊ အကျဉ်းကောက်၍၊ ခြောက်ဆယ့်လေးသွယ်၊ ကာရန်ကျယ်နှင့်၊ ပရိယာယ်ေ၀၀ုစ်၊ ပုဒ်သွင်းထုတ်” များကိုလည်း စင်းကုတ် စောကြောနိုင်ရမည်။

“အသတ် ခြောက်ပါး၊ အစပ်ခြောက်ပါး” များကိုလည်း ထောက်ထားနှိုင်းရှည့် နိုင်ရမည်။

“ကာလဒေသ၊ စသည်များစွာ၊ အရာရာ၌၊ ဌာနာဌာန၊ ကောသလ္လမွန်၊ ဉာဏ်တမ်းခွန်လည်း” ချွန်ချွန်စိုက်ဆောက် နိုင်ရမည်။

“သုဘာသိတ၊ ပိယ၀ါစာ၊ သစ္စာမချွတ်၊ ဓမ္မ၀တ်” နှင့်လည်း ညီညွတ် သင့်လျော် စေရမည်။

ဤသို့အားဖြင့် များပြားကျယ်ဝန်း၊ ပြညွှန်းဥပဒေ၊ အထွေထွေကို၊ ဝေေ၀ဖန်ဖန်၊ ကြေပြွန်တတ်သိ၊ လက်ဆုပ်မိမှ၊ က၀ိတဆူ၊ ပြုလိုသူတို့၊ လူရည်ကျုံးခါ၊ ပျို့, ကဗျာ, လင်္ကာ ရေးသားစီကုံးခြင်းကို ပြုကြကုန်ရာသည်။
***
ကလိယုဂ် ကဗျာခန်း (၄)

မတ္တရာ-ငစဥ့်ပါ ဆရာတော်ဘုရားဆို
ကောသလမင်းကြီး အိပ်မက်ခန်း လေးဆစ်သဖြန်

ကောသလ- စောလှတဲ့ရာဇာ။ ။ ဆဲ့ခြောက်ဖြာ အိပ်မက်ခန်းကို၊ ကျမ်းထွက် သေချာ။ ။ မိန့်ခွန်းဖြာ၊ လင်္ကာပြန့်ပြူး။ ။ သောတု နောင်လာတို့၊ မှတ်စိမ့်ငှါ ရည်ရွယ်တွေး၊ ရေးပြဘိဦး။

(၁) ဥဿဘ - နွားလှတဲ့ လေးကောင်။ ။ ဝှေ့မယောင် စောင်ခါပြေးတယ်၊ ဝေးရပ်သီခေါင်။ ။ မိုးရိပ်ကယ်မှောင်၊ တိမ်တောင်တက်ခြုံး။ ။ လျှပ်စစ်ကယ် ရောင်ဝါနှင့်၊ ရွာမလို ပုံဟန်ခင်းတယ်၊ ကင်းပျောက်လို့သုံး။

(၂) ချိန်မကျခင်က၊ ရုက္ခတဲ့ ပင်ငယ်။ ။ ဖူးငုံဟန် ပွင့်တံမှီး၊ သီးကြသွယ်သွယ်။ ။ မိန်းမငယ် သူငယ်ယောက်ျား။ ။ ချစ်မေတ္တာ ပိုလျှံလို့၊ ရွယ်မတန် သန္ဓေမြတ်ကို၊ စွဲကပ်လို့ဖွား။

(၃) ယနေ့ဖွား၊ သားလှတဲ့ နွားငယ်။ ။ ထညံကို မိခင်စို့တယ်၊ ထူးလို့ မှတ်ဖွယ်။ ။ ကျေးဇူးကြွယ်၊ မွေးမယ်ဘရင်း။ ။ ၀တ်စားမကုန်တန်လို့၊ သမီးထံ သားထံ ချော့ရတယ်၊ ပျောင်းပြော့ဝပ်စင်း။

(၄) နွားငယ်ကို ၀န်ဆောင်ထားလို့၊ နွားကြီးကိုတဲ့ ပြင်ကရံ။ ။ မရုန်းနိုင် ပစ်ခွါထားတယ်၊ သွားတဲ့ဖြစ်ဟန်။ ။ မှုမျိုးမှန်၊ ချေငန်သိကြား။ ။ လူကြီးကို ပစ်ခွါလို့၊ လူငယ်မှာ နိုင်ငံရေးကို ပေးအပ်လို့ထား။

(၅) ကြုံပြန်ရ၊ အဿတဲ့ရာဇာ။ ။ ခံတွင်းနှစ်တန်နှင့်၊ မယောနှံ ယူလို့စားတယ်၊ ခြားလို့ မှတ်ရာ။ ။ ထိုပဏ္ဏာ၊ နှစ်ဖြာယူစား။ ။ နှစ်ပါးစုံ - မကုန်တန်မှ၊ မမှန်ကန် ဖြန်ခါဖြတ်တယ်၊ ပြီးပြတ်တရား။

(၆) သင်္ဂီစင် - ရွှေလင်ပန်းကိုတဲ့၊ ညစ်ညမ်းယုတ် မြေခွေးဟန်။ ။ စွန့်ကျင်ငယ် ရေပြန်ထားတယ်၊ ကြားရမြဲမှန်။ ။ မျိုးမမှန်၊ မင်းထံ မြှောက်စား။ ။ ၀တ်စားငယ် မကုန်တန်လို့၊ မျိုးမှန်သူ ကညာရင်းကို သွင်းရဖြစ်လား။

(၇) အင်းပျဉ်ပေါ် လူလွန်ကျစ်လို့၊ ခွေးညစ်က အောက်၌သာ။ ။ မသိရှာ လွန်အဖျားကို၊ စားကုန်သည့်တာ။ ။ လင်ကြီးမှာ၊ ရှာဖွေစုရုံး။ ။ အိမ်နေသူ လင်ငယ်ထားလို့၊ စားဆန်ရေ ဟူသရွေ့ကို၊ သုံး၍ ပျက်ပြုန်း။

(၈) ရေပြည့်လျှံ အိုးခံကြီး၊ အချည်းနှီး အိုးငယ်ရံ။ ။ ပြည့်ရာမှာ ထပ်ခါလောင်းလို့၊ မရှိရေ အိုးငယ်ပေါင်းကို စောင်း မကြည့်ပြန်။ ။ မင်းကြီးထံ၊ သုံးရန်မှုများ။ ။ ၀တ်စားငယ် သုံးရာဖို့၊ ကိုယ့်ဥစ္စာ အိမ်ယာမှုကို၊ စောင်း မရှုအား။

(၉) ခပ်သိမ်းလူ ချိုးယူခတ်တယ်၊ ထူးမြတ်တဲ့ ကန်မဟာ။ ။ အနားကြည် အလယ်နောက်တယ်၊ ဖြိုးမောက်လို့သာ။ ။ တိုင်းစွန်မှာ၊ ရပ်ရွာစည်ကား။ ။ မင်းစိုးငယ် ရာဇာတို့၊ နေပြည်မှာ ခွန်တော်ခွဲတယ်၊ မွဲလို့ ပျက်ပြား။

(၁၀) အိုးအတန်၊ ဆန်လျှင် ခတ်ပါငဲ့၊ ပြောမနပ် မတော်မှန်။ ။ ထမင်းသုံးထွေ ကျက်ပုံကွဲတယ်၊ လွဲရက်ရှိပြန်။ ။ မိုးမမှန်၊ ရွာဟန်ကွက်ကျား။ ။ နှစ်ပျက်ကယ် မအောင်ရေနှင့်၊ အောင်သုံးထွေ အမည်ကွဲတယ်၊ လွဲတဲ့ စပါး။

(၁၁) တသိန်းတန်၊ စန္ဒကူး၊ နေ့ကျူးပုပ် ရက်တက်ရေ။ ။ အဖိုးငယ် မတန်ဘဲကို၊ လဲထပ်ကြပေ။ ။ မြတ်ဗုဒ္ဓေ၊ စိန္တေမိန့်ကြား။ ။ ဘိုးနဂ္ဃံ ဓမ္မံမြတ်ကိုလ၊ ပစ္စယာ လေးဖြာမတ်ကယ်နှင့်၊ လဲထပ်လို့စား။

(၁၂) ဗူးတောင်းကွဲ၊ ပေါ်မြဲတဲ့ ဓမ္မတာ။ ။ ရေပြင်မှာ မတည်ဘဲ၊ ထဲနစ်သည့်တာ။ ။ သီလ၀ါ-ပညာရှိများ။ ။။ ရဟန်းရှင်လူတို့၊ ကျေးဇူးမူ ဂုဏ်တိမ်မြုပ်တယ်၊ ကျိုးယုတ်တရား။

(၁၃) ကျောက်ဆိုင်ခဲ၊ နစ်မြဲတဲ့ ဓမ္မတာ။ ။ ရေပေါ်မှာ လှေအလား၊ ခြားလို့ ထင်လှာ။ ။ သီလ၀ါ-ပညာမဲ့ငြား။ ။ ရဟန်းရှင်လူတို့၊ ကျေးဇူးမူ ထင်ပေါ်ညောင်းတယ်၊ ကြောင်းသင့်အလား။

(၁၄) ကိုယ်တဆုပ်ကယ်နှင့်၊ ပိန်စုပ်စွေ့ ဖားသူငယ်။ ။ မြွေကြီးကို - ကိုက်ခါဝါး၊ စားတဲ့ ပြန်တယ်။ ။ မိန်းမငယ်၊ ဆိုးကျယ် ညစ်ညမ်း။ ။ မှုမျိုးကို သူစီရင်လို့၊ ကိုယ့်လင်ကို အနိုင်ကျင့်တယ်၊ ဘေးသင့်ခမန်း။

(၁၅) ရွှေအလား၊ ငှက်များတဲ့ ဟင်္သာ။ ။ ကျီးနက်ကို ခြံရံခတယ်၊ ရှေးကကြမ္မာ။ ။ မျိုးယုတ်မာ၊ ရာဇာဖြစ်လား။ ။ အမျိုးငယ် မြတ်သူတို့၊ ရှေ့တူယူ ခ၀ပ်ညောင်းတယ်၊ ကြောင်းသင့်အလား။

(၁၆) ကျားသစ်သားကိုတဲ့၊ ဆိတ်စားလို့ နေကုန်ပြီ။ ။ ဆိတ်ကိုမြင် သစ်တွေပုန်းတယ်၊ ထုံးနှင့်မညီ။ ။ သူလဇ္ဇီ၊ ဒုဿီတို့နှိပ်နင်း။ ။ သီလ၀ံ- အရှင်မြတ်ကယ်တို့၊ ဒုဿီကို အမြင်ကပ်တယ်၊ တောရပ်သို့ချင်း။

ကောသလ၊ စောလှတဲ့ရာဇာ။ ။ ဆယ့်ခြောက်ဖြာ အိပ်မက်ကြီး၊ ပြီးနိဋ္ဌိတာ။ ။ မိန့်ခွန်းဖြာ၊ လင်္ကာစုရုံး။ ။ ပညာဂုဏ် နှုတ်ငုံရအောင်၊ ရေးကျက်ကြအုံး။
***
ကလိယုဂ် ကဗျာခန်း ဒီမှာပဲ ပြီးပါပြီ။
ကျမလဲ ကလိယုဂ် ကဗျာတွေဖတ်၊ ကလိယုဂ် တရားတွေနာပြီး ရှေ့တပတ်မှာဖြင့် သံဝေဂ ကဗျာခန်း တင်ရင် ကောင်းမလား … စဉ်းစား နေမိပါတော့တယ်။
***
မေဓာဝီ
၃၁၊ ဇူလိုင်၊ ၂၀၀၉
၁၂း၅၀ နာရီ

မှတ်ချက်။ ။ *တြေတာယုဂ်မှာ လေးပုံ သုံးပုံနဲ့ လေးပုံတပုံ မှားရေးမိလို့ ပြန်ပြင်ထားပါတယ်။ ထောက်ပြပေးတဲ့ ကိုပရင့်စ်ကို ကျေးဇူးတင်ပါတယ်ရှင်

7 comments:

Prince said...

စာတွေ တော့ ဖတ်လိုက်တာဘဲ ဗျာ ဒါပေမဲ့ သိပ် ပြီး နားမလည်ဘူး ဖြစ်သွားတယ်။ ကျနော် တို့က ခေတ်စမ်းစာပေကိုဘဲ ဖတ်နေ ကြဖြစ်နေလို့လားတော့မသိဘူး။
နောက်.... "ကတယုဂ်၊ တြေတာယုဂ်၊ ဒွါပရာယုဂ်၊ ကလိယုဂ်"
ကတယုဂ် က အပြည့် ။ တြေတာယုရ် က လေးပုံ ၃ ပုံ ဖြစ်လိမ့် မယ် နော်။ ဒွါပရာယုဂ် က လေးပုံ ၂ ပုံ ဆို တော့ ကျန်တာက တော့ လေပုံ ပုံ လိုက်ရင် ၁ ပုံဆိုတာ လို့ ထင်မိပါတယ်။
စာထဲမှာ က သိပ်မရှင်းဘူးဖြစ်နေလို့ပါ.....

Maydarwii said...

ကိုပရင့်စ်ရေ ... ဟုတ်တယ်။ ကျမမှားရေးမိတာ။ ပြန်ပြင်လိုက်ပါပြီ။ တော်သေးတာပေါ့ ... ကိုပရင့်စ် မြင်ပေလို့။ ခုလို ပြောပြပေးတာ ကျေးဇူးပါပဲ။

ကိုအောင်(ပျူနိုင်ငံ) said...

စာတွေ လာဖတ်ပါတယ် မမေဓါဝီ။ အားပေးလျက်။

ရွက်လွင့်ခြင်း said...

ဖတ်သွားပါတယ် မမေဓါဝီ
ဗဟုသုတလည်းရပါတယ်

ကိုလူထွေး said...

ကလိယုဂ် မှာလူလာဖြစ်ရတာလား...

ကောသလမင်းကြီးရဲ့ အိပ်မက် ၁၆ ချက်ကို ကဗျာလိုတော့ မဖတ်ဖူးဘူး... ငယ်ငယ်က အိမ်မှာ ပုံတွေနဲ့ ရှင်းပြထားတဲ့ စာအုပ်တအုပ်ရှိခဲ့တယ်...

တကယ်မှန်တယ်နော်...

Ko Min Htet said...

စာလာဖတ်တယ် မေဓာဝီဆရာမရေ့။ ကောင်းတယ်ဗျာ့။ ကျနော်လဲ ယုဂ်လေးပါးအကြောင်း ဘလော့မှာ ရေးခဲ့ဖူးတယ်။

yangonthar said...

အစ်မမေ နေကောင်းတယ်နော်
မနေ့ ကတော့ စာရေးနေတာရယ် ထမင်းကျွေးမယ့် စာတွေ ဖတ်နေတာရယ်ကြောင့် မရောက်ဖြစ် ဖူး ဒီနေ့ တော့ ကလိယုဂ်လေး ဆက်သွားတယ် သဲကုန်းဆရာတော်ကြီးရဲ့  လေသံကို ဒီစာ ဖတ်ရင်းနဲ့ ကြားနေမိပါ တယ်ဒါပေမယ့် ကတယုဂ် ဒွါပရာယုဂ် ကလိယုဂ် ပဲနားထဲကျန်တယ် တြေတာယုဂ် ပျောက်နေတယ် သွားပြီးထင်တယ် ကျွန်တော်တော့ ဦးနှောက်ကတော့လား :)
ဇမ္ဗူဒီပါ လက်ျာတောင်းကျွန်းမှာ ကောသလမင်း ကြီးရဲ့ တစ်ဆယ့်ခြောက်ချက် သောအိပ်မက်တွေ ကွက်ပြီးများ မှန်နေသလား မပြောတတ်ပါဘူး အစ်မရယ်.... အစ်မရဲ့ ရသစာတွေ ဘက် ခဏ လှည့်လိုက်ဦးမယ် ......
လေးစားခင်မင်လျှက်
အစ်မမေ အဆင်ပြေပါစေ
ရန်ကုန်သား