Monday, June 18, 2007

မိုးတွေရွာတဲ့အခါ ...

ကိုချမ်းမြစိုး နှင့် ညီမလေးဂျစ်တူး ၏ တိုက်တွန်းချက်ဖြင့် ရေးသားပါသည်။
*** (အတိတ် - ၁)
ကလေးအရွယ် ငယ်ငယ်တုန်းက
မိုးတွေရွာတဲ့အခါ …
အိမ်ရှေ့တံခါးပေါက်ဝမှာ ကြိမ်ခုံပုလေးနဲ့ ထိုင်ပြီး အပြင်ဘက်က မိုးစက်တွေကို တငေးတမော ကြည့်လို့နေခဲ့ဖူးတယ်။
မိုးစက်တွေက တည့်တည့်ကျတဲ့အခါကျ၊ ဘယ်ဘက်စောင်းစောင်း ကျတဲ့အခါ ကျ၊ ညဘက်စောင်းစောင်း ကျတဲ့အခါကျ၊ အဲဒီ မိုးစက်လေးတွေ သိပ်လှတယ်။
မိုးဖွဲဖွဲမှုန်မှုန်လေးတွေ မျက်နှာကို လာထိတဲ့အခါ …အေးမြမြ အတွေ့ကြောင့် သဘောတကျ ဖြစ်ခဲ့ရဖူးတယ်။
ညဘက် အိပ်နေရင်း မိုးတွေအရမ်းသဲသဲမဲမဲ ရွာလာရင် နိုးလာပြီး ကြောက်သလို လို အားငယ်သလိုလို အမေ့အနားကို တအားတိုးပြီး ဖက်အိပ်ခဲ့ဖူးတယ်။

(အတိတ် - ၂)
ကျောင်းနေတဲ့ အရွယ်ရောက်တော့ …
မိုးတွေရွာတဲ့အခါ …
“မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်”
… ဆိုတဲ့သီချင်းကို အော်ဟစ်သီဆိုပြီး
မိုးရေထဲမှာ ပြေးလွှားဆော့ကစားဖူးတယ်။
တံစက်မြိတ် ရေတံလျှောက်က ကျလာတဲ့ မိုးရေတွေအောက်မှာ တကိုယ်လုံး အေးစက်ပြီး ခိုက်ခိုက်တုန်တဲ့ထိ မိုးရေတွေ ချိုးလို့ …ပျော်ခဲ့ဖူးတယ်။
ကျောင်းသွား ကျောင်းပြန်မှာ မိုးကာကိုလုံအောင်ဝတ် မိုးရေခံ ဖော့ဖိနပ်နဲ့ ရေအိုင်တွေထဲ တဗွက်ဗွက်နင်းတော့ ရွှံ့စက်တွေ သဲမှုန်တွေက မိုးကာမည်းမည်း ရဲ့ နောက်မှာ ပေတူးလို့နေခဲ့ဖူးတယ်။
တခါတလေ အိမ်ခေါင်မိုးက မိုးယိုတဲ့အခါ ခွက်ကလေးတွေ လိုက်ခံထားပြီး ခွက်ထဲမိုးရေတွေ ပလောက် ပလောက်နဲ့ ကျတဲ့ အသံနဲ့ အိပ်စက်ခဲ့ရဖူးတယ်။

(အတိတ် - ၃)
တက္ကသိုလ်တက်တဲ့အရွယ် …
မိုးတွေရွာတဲ့အခါ …
“ဟိုးတောင်ထိပ်မှာ
မိုးရိပ်ညိုညို့
မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ
သတိရလျက်
ဖြေပြေခက်လို့
မျက်ဝန်းထဲမှာ မိုးရွာပြီ ညို … ”

ဆိုတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးနဲ့ စိတ်ကူးယဉ် လွမ်းမောခဲ့ ဖူးတယ်။ မိုးစက်တွေကြည့်ရင်း လွမ်းသလို ဆွေးသလို ရင်ဖိုစွာခံစားမိခဲ့တယ်။ မိုးသံတွေကြားမှာ စာအုပ်တအုပ်ဖတ်လို့ ငိုက်မျည်းအိပ်စက်ခဲ့ဖူးတယ်။ ဂစ်တာအိုကလေးတီးလို့ မညီမညာတဲ့ သံစဉ်တွေနဲ့ သီချင်းတွေ ဆိုညည်း ခဲ့ဖူးတယ်။ စိတ်ကူးယဉ် ကမ္ဘာထဲမှာပေါ့ … ။

အဲဒီအရွယ်ရဲ့ လက်တွေ့ဘ၀မှာတော့ …
မိုးတွေရွာတဲ့အခါ …
ဘတ်စ်ကားစီးရတာ ပိုကြပ်တယ်။ ရေစိုစို လူတွေကြားမှာ ထီးရေစိုတွေနဲ့ ဟိုထိ ဒိထိ နေရခက်တာတွေ ကြုံခဲ့ရဖူးတယ်။ လုံချည်အောက်အဖျား မိုးရေစိုစိုနဲ့ တနေကုန် ကျောင်းမှာနေဖန်များတော့ တခါတလေ မိုးကို စိတ်မရှည်တော့ဘူး။
တခါတလေတော့လည်း စိတ်ပေါက်ပေါက်နဲ့ မိုးရေထဲ လမ်းလျှောက်ခဲ့ဖူးတယ်။
အင်းလျားကန်ဘောင်မှာ တယောက်ထဲလည်း မိုးရေထဲ ထိုင်နေခဲ့ဖူးတယ်။ လဘက်ရည်ဆိုင်မှာ စိုင်းထီးဆိုင် သီချင်းတွေနဲ့ ပေါ့ကျတခွက် ရေနွေးတအိုး … မိုးသံတဖြောက်ဖြောက်နဲ့ ထိုင်သောက်ခဲ့ဖူးတယ်။
မိုးဖွဲဖွဲကျနေတဲ့နေ့တနေ့…မြေနီကုန်း ဗိုလ်မိုးလမ်းထိပ်က လမ်းဘေးထမင်းဆိုင် လေးမှာ တစုံတယောက်အတွက် (ဦး)ခင်ဝမ်းရေးပေး တဲ့ “မိုး” ဆိုတဲ့ ပန်းချီကား လေး ထိုင်ကြည့်ခဲ့ဖူးတယ်။

(အတိတ် - ၄)
လုပ်ငန်းခွင်ဝင်ခါစ
မိုးတွေရွာတဲ့အခါ …
မိုးရေစိုစွတ်စွတ်နဲ့ အလုပ်သွားရတာ စိတ်ညစ်ခဲ့ဖူးတယ်။ မိုးသည်းသည်း ရွာတဲ့ တညနေ ကားလမ်းတွေ ရေကြီးနေတာနဲ့ ၅ နာရီခွဲ လွှတ်တဲ့အလုပ်ကနေ အိမ်ပြန်ရောက်တော့ ၈ နာရီ ထိုးလုပြီ။ ဘတ်စ်ကားက ရေလွတ်အောင် လှည့်မောင်းနေပြီး နောက်ဆုံး မောင်းမရတော့ ထိုးရပ်သွားလို့ ဒူးလောက် ရောက်နေတဲ့ ရေတွေထဲ ကြောက်ကြောက်နဲ့ လမ်းလျှောက်ခဲ့ရဖူးတယ်။ အဲဒီတုန်းက ရွာနေတဲ့မိုးကို စိတ်မပျက်ပေမဲ့ ညစ်ပတ်တဲ့ ရေတွေနဲ့ လမ်းပေါ်မှာ လျှောက်သွားရတာ စိတ်ပျက်ခဲ့ဖူးတယ်။

(ပစ္စုပ္ပန်)
မိုးတွေရွာတဲ့အခါ …
မိုးဒေ၀ါနဲ့ တခါတလေ လွမ်းတယ်။
မိုးလေးဖွဲတော့ တခါတလေ သတိရတယ်။
မိုးရွာမယ်မထင်မိလို့ တခါတလေ ရှန်တဘက်လေး ခေါင်းမှာခြုံရတယ်။
မေမြို့မိုးလို တခါတလေ အစိုးမရ ဖြစ်မိတယ်။
ကိုမြကြီးရဲ့ မိုးလည်း တခါတလေ စွေဖြစ်တယ်။
မိုးဦးဝင်ရောက်လာတဲ့အခါ တခါတလေ ရိုးမပေါ် ဖြတ်ပျံခဲ့တယ်။
မိုးနဲ့ပတ်သက်လို့ စာတွေ ကဗျာတွေ အများကြီး ရေးခဲ့ဖူးတယ်။
***
(အနာဂတ်)
မိုးတွေကတော့ ရွာနေဦးမှာပဲ …
ကမ္ဘာမြေပေါ်ကို …
လောကကြီးအေးမြစေဖို့ …
ပန်းကလေးတွေ လန်းဆန်းစေဖို့
သစ်ပင်ကလေးတွေ စိုပြေစေဖို့ …
အားလုံးရဲ့ ရှေ့မှောက် တူညီစွာကျရောက်လို့ပေါ့ .. ။
ဒါပေမဲ့ အားလုံးကတော့ …
မိုးအပေါ်ကို ခံယူချက်ခြင်း
သဘောထားခြင်း မတူညီနိုင်ကြပါဘူး။

မိုးတွေရွာတဲ့အခါ …
တချို့က ပျော်မယ် …
တချို့က ပျင်းမယ် …
တချို့က လွမ်းမယ် …
တချို့ စိတ်ညစ်မယ် …
တချို့လည်း ဘယ်လိုမှ သဘောမထားဘူး …
ဘယ်သူတွေ ဘယ်လိုပဲ သဘောထားထား …
မိုးတွေကတော့
ရွာနေဦးမှာပဲ မဟုတ်လား … ။
***

မေဓာဝီ
၁၈၊ ဇွန်၊ ၂၀၀၇
၁၁ နာရီ ၄၅
***
ကျမရဲ့ ဘလော့ပေါ်မှာ တင်ခဲ့တဲ့ … မိုးနဲ့ ပတ်သက်သမျှ ပြန်လည်စုစည်း ဖော်ပြလိုက်ပါတယ်။

ဆည်းဆာမိုး
မေ၏နိဂုံး
မိုးသည်းညနေ
နွေ၏အဆုံး
နွေညနေ၏ ချွေးသိပ်မိုး
မုန်တိုင်းအလွန်
ခါတိုင်းလိုပဲ အထီးကျန်ဆဲ

ပြန်လည်ပြီး ရေးစေလိုတဲ့ ဘလော့ မောင်နှမများ
ဆရာမ မမေငြိမ်း
ညီမလေး ဆိုးဝှက်
မောင်လေး မင်းမင်း

(အားရင် … ဒါမှမဟုတ် … ခံစားချက်ရှိရင် …ရေးပေးဖို့ တောင်းဆိုပါတယ်ရှင်)
***

8 comments:

Anonymous said...

မမေရဲ့.. အချိန် အပိုင်းအခြားအလိုက် မိုးအပေါ် ခံစားချက်တွေကို ၊ ဓါတ်ပုံတွေနဲ့ ခံစားပြီး ၊ ပြန်သွားပါကြောင်းး) ။ အင်းလျားကန်မှာ မိုးရေထဲ ထိုင်ဖူးတယ် ဆိုတာလေး အားကျလိုက်တာ ။ ညီမလည်း အဲလို လုပ်ချင်တာ ။

s0wha1 said...

မမေရေ...
အလုပ်က အင်တာနက် ကော်နက်ရှင် မကောင်းတာနဲ့ ခုမှ လာဖတ်ဖြစ်တယ်...
ထင်နေတယ်နော်...
မမေ ဒါမှမဟုတ် ကိုကြီးလက်ချက်တော့ မိတော့မယ်လို့...ဟီဟီ...

Hteink Min said...

am I suppose to write about rain?? Sure i will there are plenty of thing i should write about when raining..:P let me install my own internet at new home. i be back to net soon.... c ya all

Hteink Min said...

ma may where is ko sayy..i think he is busy lol..wakkaka.dont disturb him , or else he wont have time to write huh..hehhe

မေငြိမ်း said...

အဲလို စုံစုံလင်လင်ချစ်စရာကောင်းအောင် ရေးနိုင်ပါ့မလားမသိ။
ဒါမဲ့ ရေးမယ်..၂ရက်လောက်တော့ စောင့်နော်..
အားယူလိုက်ဦးမယ်..ယိစ်!! (ဆရာစေးထူးလို…ဟဲဟဲ)

ကလိုစေးထူး said...

ခွက်ထဲကို မိုးရေကျတဲ့အသံက တဖောက်ဖောက်မြည်သလိုပဲ… ပလောက်ပလောက်လို့ မြည်တယ်လား။ :P
အဟဲ… ရန်စကြည့်တာပါ။ ကျနော့်ဆီမှာတော့ အခုအချိန်က နွေဆိုတော့ မိုးအကြောင်းရေးရင်တောင် မြန်မာပြည်တုန်းက မိုးကိုပဲ ပြန်မြင်ယောင်ရေးရမယ်ထင်တာပဲ။ အတိတ်(၃) အပေါ်က ပုံက မိုးစက်တွေနေရာမှာ လူရုပ်လေးတွေလို့ မြင်မိတယ်။ တခြားအဓိပ္ပာယ်တခုခု ရှိမလားဘဲ။ မမေက ရေးထားတယ် မိုးတွေရွာတဲ့အခါ ပျော်မယ်၊ ပျင်းမယ်၊ လွမ်းမယ်၊ စိတ်ညစ်တယ်တဲ့။ ကျနော်က တခုထပ်ဖြည့်မယ်ဗျာ။ တချို့ကလဲ မရွာနိုင်တဲ့ မိုးကို မျှော်ကြတယ်ဗျ။ :)

pandora said...

မမေရဲ့မိုးကတော့ ရောင်စုံပန်းချီကားတစ်ချပ်ပါပဲ။

Chan Mya Soe said...

" လဘက်ရည်ဆိုင်မှာ စိုင်းထီးဆိုင် သီချင်းတွေနဲ့ ပေါ့ကျတခွက် ရေနွေးတအိုး … မိုးသံတဖြောက်ဖြောက်နဲ့ ထိုင်သောက်ခဲ့ဖူးတယ် "

အဲဒီလို အရသာမျိုးက အရမ်းရခဲတယ်ဗျာ။ ကျွန်တော်ကတော့ အဲလို လဘက်ရည်ဆိုင်မှာ မိုးစက်တွေတွေကို ငေးကြည့်ပြီး အတွေးနယ်ချဲ့စဉ်းစားတိုင်း ဆေးလိပ်ကိုပါ သောက်နေမိခဲ့တယ်။ မကောင်းမှန်းလည်း သိပါတယ် .. ဒါပေမဲ့လည်း ...