Thursday, December 07, 2006

အငိုလွယ်လျက် ... အရှိုက်ခက် ...

ဟိုတနေ့က ရေးခဲ့တဲ့ ‘နေ နဲ့ လ သို့’ ဆိုတဲ့ပို့စ်က ကဗျာလေးကိုဖတ်ပြီး ညီမငယ်ဖြူဖြူက ကွန်မန့်ထဲမှာ ခုလိုမေးထားပါတယ်။

“မမေ...ကဗျာလေးကို နှစ်သက်လှတယ်။ တနေ့ကမှ အမရဲ့ ဒီဘလော့ခ်လေးကို ဖတ်မိတာ။ အရမ်းဝမ်းသာပါတယ်။ တစ်ခုလောက် မေးချင်တယ်။ အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ်ဆိုတဲ့ စကားက ဘာကိုဆိုလိုလဲမသိလို့ပါ။ ပြောနေကြတာ ခဏခဏကြားဖူးတယ်။ နားမလည်လို့ပါ။”

အမှန်အတိုင်း ရိုးသားစွာဝန်ခံရရင်တော့ အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ် ဆိုတဲ့စကားကို ကြားနေကျမို့သာ ဒီကဗျာထဲ ယူသုံးမိတာပါ၊ ဒီစကားရဲ့ အနက်အဓိပ္ပါယ်ကိုလေးလေးနက်နက် မစဉ်းစားမိခဲ့ဘူး။
ခု ..ဖြူဖြူကမေးတော့မှ ကျမ ဒီစကားရဲ့ အဓိပ္ပါယ်ကို သေချာစဉ်းစားကြည့်မိတယ်။
စဉ်းစားကြည့်ပြီး ပေါ်လာတဲ့အဖြေကတော့ …
***
ကျမတို့အနေနဲ့ အကြောင်းတစုံတခုကြောင့် ၀မ်းနည်းတဲ့အခါ မျက်ရည်ကျကြတယ် … အဲဒါကို ငိုတယ်လို့ပဲ ဆိုကြပါစို့။
ဒါပေမဲ့ ရှိုက်ကြီးတငင် ငိုကြွေးကြရတာတော့ မဟုတ်သေးပါဘူး။ ဘယ်လိုအခါမျိုးမှာ ရှိုက်ကြီးတငင်နဲ့ ငိုကြွေး တတ်ကြသလဲ။
တော်ရုံတန်ရုံခံစားချက်နဲ့ ဒီလိုမငိုရှိုက်ကြပေမဲ့ ရင်ထဲမှာ နင့်နင့်သီးသီး ထိထိခိုက်ခိုက် ခံစားရလွန်းတဲ့အခါ ရှိုက်ကြီးတငင်နဲ့ ငိုကြရတယ်။
ဒါကြောင့် သာမန်အားဖြင့် မျက်ရည်ကျဖို့ ငိုဖို့က လွယ်ကူလှပါတယ်၊ ရှိုက်ကြီးတငင်ငိုဖို့ရာကတော့ တော်ရုံတန်ရုံနဲ့ မဖြစ်နိုင်ဘူး .. ဒါကြောင့် အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ် လို့များ ဆိုလေသလား …
ကျမ စဉ်းစားမိတာပါ။
***
ဒီနေ့ အဖေနဲ့အတူ မြို့ထဲသွားတော့ လမ်းမှာ အဲဒီအကြောင်းပဲကျမ တွေးတောနေမိတယ်။ ၃၉ လမ်းရောက်တော့ လမ်းဘေးလဖက်ရည်ဆိုင်လေးမှာ အဖေ့မိတ်ဆွေကို စောင့်ရင်း ထိုင်ကြတဲ့အခါ ကျမက အဖေ့ကို မေးကြည့်ပါတယ်။
အငိုလွယ်ပြီး အရှိုက်ခက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ … လို့။

ဒီတော့ အဖေက ကျမအမေးကို မဖြေသေးဘဲနဲ့ … ရုပ်ရှင်ဇာတ်ကားတကား အကြောင်း ပြောပြပါတယ်။
(ဦး) သာဓု ရိုက်ပြီး (ဒေါ်)မြတ်မွန် သရုပ်ဆောင်တဲ့ ‘အငိုလွယ်သည်’ ဆိုတဲ့ ဇာတ်ကားပါ။
အဖေကတော့ သူ့ရဲ့ ထုံးစံအတိုင်း ဇာတ်ကားကို မျက်စိထဲပေါ်လွင်အောင် ရှည်ရှည်ဝေးဝေးပြောပြပေမဲ့လို့ ကျမကတော့ ခပ်တိုတိုပဲ ပြန်ပြောပါရစေ … ။

ဒီဇာတ်ကားမှာ မြတ်မွန်က အလွန် ဇီဇာကြောင်- မာနကြီးပြီး ရွံရှာတတ်တဲ့ သူဌေးသမီး၊ သူက ကောင်လေး တယောက်နဲ့ လူငယ်ဘာဝ ချစ်ကြိုက်ကြတယ်။ ကောင်လေးကတော့ ပိုက်ဆံသိပ်ရှိပုံမပေါ်ဘူးပေါ့ သာမန် လူလတ်တန်းစားထဲကပါပဲ။ ကောင်လေးနဲ့ ပျော်ပျော်ပါးပါး သွားကြလာကြတဲ့အခါမှာ ကောင်လေးက တချက်တချက် ငေးငိုင် သွားလေ့ရှိတယ်တဲ့။ ဘာဖြစ်လို့လဲ မေးတဲ့အခါ ဘာမှမဟုတ်ပါဘူးဆိုပြီးပဲ ဖြေတတ်တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦး ချစ်ကြိုက်ကြတာကို မိဘတွေက သဘောမတူတဲ့အတွက် မြတ်မွန်က ကောင်လေးနောက်ကို လိုက်ပြေးခဲ့ပါတယ်။
ကောင်လေးအိမ်ရောက်တော့ …
ကောင်လေးရဲ့ အမေဟာ အင်မတန်ရွံစရာကောင်းတဲ့ ကိုယ်ရေပြားရောဂါသည် (အနူ) ကြီးဖြစ်နေပါသတဲ့။
(အဲဒီဇာတ်ကားထဲမှာ တကယ့်အနူကြီးကို ထည့်ရိုက်ထားတာလို့ အဖေကပြောပြတယ်)
ကောင်လေးက .. အမေ .. ဆိုပြီး ခြေထောက်ကို ပြေးဖက်တယ်။ အမေကလဲ သားကို သူ့ရဲ တိုနေတဲ့ လက်ကလေးတွေနဲ့ ပြန်ဖက်ပြီး ဆံပင်တွေကို ပွတ်သပ်ပေးနေတယ်။

အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါမှာ မြတ်မွန်က စိတ်ထဲ အရမ်းကို မွန်းကျပ်ဆို့နင့်သွားပြီး သူ့အင်္ကျီတွေလဲ ဆွဲဆုတ်ဖြဲ .. လက်ထဲပါလာတဲ့ ပိုက်ဆံအိတ်တွေလဲ လွှင့်ပစ် နဲ့ မျက်ရည်မကျပေမဲ့လို့ အရမ်းထိခိုက်ခံစားရတဲ့ သရုပ်ပေါ်အောင် လုပ်ပြသွားရင်း မြင်ကွင်းတွေအားလုံးပျောက်သွားတယ်။ ပြီးတော့မှ အသံတသံ ထွက်လာပါတယ် တဲ့။ (အဖေကတော့ ဦးသာဓုရဲ့ အသံလို့ထင်တယ် ဆိုပြီးပြောတယ်) အသံက ဘာပြောလဲဆိုတော့ …
“အငို လွယ်သည် … သို့သော် … အရှိုက်ခက်၏” တဲ့။

‘အဲဒီလိုပြောပြီး ဇာတ်ကားကို အဆုံးသတ်ထားတယ်၊ ဘာအဓိပ္ပါယ်လဲဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့…’ လို့ အဖေကပြောတော့ ကျမက
‘ဟင် .. အဖေကလဲ .. သမီးစဉ်းစားတာနဲ့ အဖေထင်မြင်ချက်နဲ့ တူမတူ သိချင်လို့မေးတာကို …’ ဆိုပြီး အဖေ မဖြေဖြေအောင် မေးတော့မှ …
‘တကယ်တော့ သမီးစဉ်းစားကြည့်လေ၊ ငိုတယ်ဆိုတာ လွယ်ပါတယ် … ….’ စသဖြင့် အပေါ်မှာ ကျမစဉ်းစားခဲ့သလိုပါပဲ ပြောပြတော့ ကျမအတွေးနဲ့ ထပ်တူကျတဲ့အတွက် ကျမ ကျေနပ်နေစဉ်မှာပဲ အဖေက ဆက်ပြောပါတယ်။

‘လူတယောက်နဲ့ တယောက် ချစ်ကြိုက်ဖို့ဆိုတာ လွယ်လွယ်လေး .. လေ၊ ဒါပေမဲ့ လက်ထပ်ဖို့ဆိုတာကတော့ တယောက်နဲ့တယောက် တူညီတဲ့ အမြင်၊ အတွေး၊ အသိုင်းအ၀ိုင်း ဆိုတာ ရှိမှဖြစ်မယ် မဟုတ်လား၊ အဲလိုမှ မဟုတ်ရင် တဘ၀လုံး တူတူပေါင်းသင်းသွားရမှာ၊ ဘယ်အဆင်ပြေနိုင်မလဲ၊ ချစ်တယ်ဆိုတာ လွယ်ပေမဲ့ လက်ထပ်ဖို့က မလွယ်ဘူးလေ … အဲဒါ .…’
‘ဒါဆို … ဒီဇာတ်ကားမှာ သူပေးချင်တဲ့ မက်ဆေ့ခ်ျက အဲဒါပေါ့နော် … ဟုတ်တယ် အဖေ … ချစ်တယ်ဆိုတာတော့ လွယ်တယ် … လက်ထပ်ဖို့က မလွယ်ဘူး … အဲဒါ အငိုလွယ်ပြီး အရှိုက်ခက်သလိုပေါ့ … နော် …’

အဖေက ကျမ ပြောတာကို သဘောတကျ ပြုံးပြီးကြည့်ရင်း ကျမအတွက် ရေနွေးကြမ်းတခွက် ငှဲ့ပေးပါတယ်။
(တကယ်တမ်း ရှင်းပြတော့ အဖေက၊ ရေနွေးကြမ်းသောက်တော့ ကျမက၊ အဲလိုပါပဲ အဖေက ကျမအပေါ် သိပ်သိတတ်ပြီး ချစ်ဖို့အလွန်ကောင်းပါတယ်)
ကျမလဲ ကျမ သိချင်တဲ့ အဖြေကို ရှင်းရှင်းလင်းလင်း နားလည်သွားတာမို့ ကျေနပ်စွာနဲ့ အဖေငှဲ့ပေးတဲ့ ရေနွေးကြမ်း တငုံ ငုံလိုက်ပါတော့တယ်။
***
ကဲ .. မဖြူဖြူရော …ကျေနပ်ပါရဲ့လား ရှင် …။
***
06.12.06
10:16 pm

8 comments:

Anonymous said...

မိုက်တယ်..မမေ..
ကြိုက်တယ်။
ချစ်ဖို့ကလည်းတကယ်တော့မလွယ်ပါဘူး။
ချစ်မိသွားပြန်တော့လည်း မေ့ဖို့ကပိုလို့မလွယ်သေးတယ်။
သေချာတာကတော့ ကဗျာတွေ အက်ဆေးတိုလေးတွေ ပိုရေးဖြစ်လာတယ်။

စိုးဇေယျထွန်း said...

အငိုလွယ်တယ် ဆိုတာ မေဒါဝီပြောသလို ငိုဖို့လွယ်တယ် ရှိုက်ဖို့ခက်တယ်ျစ်တယ်ဆိုတာတော့ လွယ်တယ် … လက်ထပ်ဖို့က မလွယ်ဘူး … အဲဒါ အငိုလွယ်ပြီး အရှိုက်ခက်သလိုပေါ့ … နော် …’
ကျွန်တော်ကတော့ ဒီလိုတွေးပါတယ်
လက်ထပ်ဖို့ဆိုတာ လွယ်ပါတယ် ရူးရူးမိုက်မိုက် ၁၀ ကျော်သက်ဘဝမှာ ဘာမှမခက်ပါဘူး ဘာမှလည်းရှည်ရှည်ဝေးဝေး စဉ်းစားနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ထပ်ထာတဲ့ အိမ်တောင်တစ်ခု တည်မြဲအောင်လုပ်ဖို့ဆိုတာ ခဲယဉ်းပါတယ် ပူးတွနြေတဲ့ အရာဝတ္ထုလေးနှစ်ခုဟာ လှိုင်းလေငြိမ်တဲ့ ကန်ရေပြင်မှာ တည်မြဲနိုင်ပေမယ့် ကန်တရားရဲ့ ရိုက်ခတ်တဲ့ လှိုင်းတွေကြားမှာ တည်မြဲ ယဉ်တွဲနေနိုင်ဖို့ဆိုတာကတော့ လွယ်ကူမှာမဟုတ်ပါ

Anonymous said...

ခုလို သေသေချာချာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မမေ။ ကျေလဲ ကျေနပ်ပါတယ်။ မမေစဉ်းစားမိပုံကော ဓာတ်ရှင်ဇာတ်လမ်းအတွက်ကောပါ။ အဲဒီကားကို ကြည့်ဖူးလားတော့မသိ မမှတ်မိတော့ဘူး။ ဇာတ်လမ်းလေးကတော့ သိနေသလိုပဲ။ ဇာတ်က ဘာပြောချင်တာလဲဆိုတာတော့ ခုမှသိတယ်။

ကလိုစေးထူး said...

တကယ်တမ်း စဉ်းစားရင် ချစ်ဖို့လဲ မလွယ်လှပါဘူးဗျာ။ ပါးစပ်ဖျားလေးကနေ ချစ်တယ်လို့ အပြောထွက်ဖို့ကတော့ လွယ်တာပေါ့။ ရင်ထဲက နှစ်နှစ်ကာကာ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားကိုကျတော့ရော …?။ အဲဒါလဲ အငိုလွယ်ပြီး အရှိုက်ခက်ခြင်း တမျိုးပဲ မဟုတ်ဘူးလား။

မေဓာဝီ said...

အင်း .. ဘယ်လိုတွေးတွေးရပါတယ်၊ ကျမဆိုလိုတာကလဲ … ခိုင်မြဲတဲ့ အိမ်ထောင်ရေးကို ဆိုလိုတာပါပဲ။
အိမ်ထောင်ပြုဖို့လွယ်တယ် … အိမ်ထောင်တခုတည်မြဲဖို့ခက်တယ် ဆိုတာလဲ အငိုလွယ်ပြီး အရှိုက်ခက်တာပဲ မဟုတ်လား …။
ကိုသံလွင်ပြောသလိုလဲ ပါးစပ်ဖျားက ချစ်တယ်ပြောဖို့လွယ်တယ် … ရင်ထဲက နှစ်နှစ်ကာကာ ချစ်ဖို့ က ခက်တယ် ဆိုတာလဲ ထိုနည်းတူပဲပေါ့။
စဉ်းစားရင်း စဉ်းစားရင်းနဲ့ လောကမှာ အငိုလွယ်ပြီး အရှိုက်ခက်တာတွေ တော်တော်များပါလားလို့ တွေးမိတယ်။

Anonymous said...

ngo bo ma lwe tha lo, shaik ya le khat tar twe myar gyi pe naw... myar gyi pe...a kyaung lay par nyi nyut yin, twe pee yay pya par oo naw.. ma may..

ballonlay said...

ဝမ်းနည်းခံစားရလွန်းလို့ မျက်ရည်မကျပဲ ရင်ထဲမှာကြိတ်ကြိတ်ငိုနေတာ.. ခံစားချက်အရမ်းနက်ရှိုင်းပြင်းထန်လာပြီဆိုရင် မခံနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုချမိလိုက်တယ်.. အဲလို ရှိုက်ကြီးငိုပြီးသွားရင် နောက်တနေ့ မနက်ဆို ပင်ပန်းပြီး နှလုံးသားလဲနာကျင်မောဟိုက်နေပြီ.. "အငိုလွယ်ပြီးအရှိုက်ခက်တယ်" ဆိုတဲ့ စကားက အတော် မှန်ပါတယ်..

သူကြီးမင်း (တုံးဖလား) said...

မွေးရပ်ဋ္ဌာနေ၊ သွား(ပြန်)ချင်ပေလည်း၊
စိတ်တွေထွေပြား၊ ရောက်မအားဘူး၊
သနားမညှာ၊ ကံကြမ္မာကို၊
ပြစ်သာတင်မိ၊ နာကျင်၏ရှင့်၊
သတိတရား၊ လက်ကိုင်ထားပြီး၊
သွားရပါလို၊ တောင်းဆုဆိုလည်း၊
အငိုလွယ်လျက်၊ အရှိုက်ခက်၏။ ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)