“ငပျင်း ဖတ်စာ”
ကျနော်ဟာ ငပျင်းပါ -
မနက်စောစောအိပ်ရာက …  ထချင်မှလဲထတယ်။
မနက်စာနဲ့ ညစာ … တခါတခါ ရောစားတယ်။ 
ဈေးမဝယ် ဟင်းမချက် … ကော်ဖီတခွက်နဲ့ အသက်ဆက်ချင် ဆက်တယ်။ 
ကျနော်ဟာ ငပျင်းပါ -
အများနဲ့ ရောနှော … စကားတွေပြောရမှာ ပျင်းတယ်။
ဟိုသတင်း ဒီအတင်း …  ငြင်းခုန်ရမှာလဲ ပျင်းတယ်။ 
ခြေကန် လေထန် … ဝေဖန်ရမှာလဲ ပျင်းတယ်။
ကျနော်ဟာ ငပျင်းပါ -
လူတကာကို မနာလို … ဝန်တိုရမှာလဲ ပျင်းတယ်။
လိမ်ညာလှည့်ဖျား … မာယာနဲ့ကစားရမှာ ပျင်းတယ်။ 
လူတွေကိုခုတုံးလုပ်ပြီး … အမြင့်ကြီးတက်ဖို့လဲ ပျင်းတယ်။
ကျနော်ဟာ ငပျင်းပါ -
ခေါင်းပုံဖြတ် အမြတ်ကြီးစား … လောဘထားရမှာ ပျင်းတယ်။
မျက်ထောက်နီ သံကုန်ဟစ် … ဒေါသဖြစ်ဖို့လဲ ပျင်းတယ်။
မာနတွေထောင်လွှား …  ကြွားဝါဖို့လဲ ပျင်းတယ်။
ကျနော်ဟာ ငပျင်းပါ -
ပျင်းတဲ့အခါ တခါတလေ … ကဗျာတွေတော့ ရေးတယ်။
ဘုရားရှိခိုး မေတ္တာပွါး … အားတဲ့အခါ စာဖတ်တယ်။ 
ဟိုတွေးဒီတွေး … တခါတလေလဲ စာရေးတယ်။
ဟုတ်ကဲ့ … 
ငပျင်းဟာ ကျနော် ... 
ကျနော်ဟာ ငပျင်းပါ ...
အဲဒီလိုပျင်းဖို့အတွက် ရင်းနှီးလိုက်ရတာတွေ …
ပြန်ပြောနေရမှာ ပျင်းတယ် ... ။ ... ။ 
***
မေဓာဝီ 
၂ ဇူလိုင် ၂၀၁၅
၁၂း၂၂ နာရီ 
 

 
 
2 comments:
တီတင့်လဲ ငပျင်းပါ ... :P
ဒီကနေ့ မမေရဲ့ ကဗျာလေးတွေဖတ်ခွင့်ရသွားပြီ ...
ကျွန်တော်လည်း ငပျင်းဖြစ်ချင်တယ်
Post a Comment