Wednesday, December 11, 2013

အလွမ်းမဲ့ ဒီဇင်ဘာ ...

အလွမ်းမဲ့ ဒီဇင်ဘာ
***
လွမ်းချင်ပါလျက်
အလွမ်းခက်ခဲ့ပြီ ဒီဇင်ဘာ … ။        

ဆောင်းလေအေးအေး
နှင်းဖွေးဖွေးအောက်
တယောက်ထဲ လျှောက်ခဲ့တဲ့လမ်းတွေကို
ငါ … မလွမ်းလိုတော့ပါ ဒီဇင်ဘာ … ။

အပြုံးတု - အကြင်နာတု
မေတ္တာအတုတွေ အားလုံးကို
ဥပေက္ခာပြုဖို့ ကြိုးစားရင်း
နားလည်ခြင်းတွေကို သောက်သုံး
ငါ … (ဘယ်သူ့ကိုမှလဲ) မမုန်းလိုတော့ပါ ဒီဇင်ဘာ … ။

ဒီဇင်ဘာရဲ့ ညချမ်းမှာ
ကံ့ကော်ပန်းတွေလဲ ရနံ့ပြယ်
စပယ်ဖြူတွေလဲ ကြွေကျ
ခရေတွေ မြေမှာခခဲ့ပေမယ့်
ငါ … မျက်ရည်မကျဘူး ဒီဇင်ဘာ … ။

ငါ့ရဲ့ လမ်းမှာ
အလွမ်းတွေ ဖယ်ရှား
အမှားတွေကို ကျောခိုင်း
ရိုင်းစိုင်းခြင်းများ စွန့်ပစ်
ချစ်ခြင်းမေတ္တာ စစ်စစ်သာ
ဝင်လာခွင့်ပြုမယ် ဒီဇင်ဘာ … ။

ငါ့ ဒီဇင်ဘာ
နှင်းဖြူမလွှမ်း … မြူမသန်းပေမဲ့
အေးချမ်းနေခဲ့တယ်  … ။

ငါ့ ဒီဇင်ဘာ
ကဗျာမဆန်  … ကာရန်မကျပေမဲ့
တကယ်ကို လှနေခဲ့တယ် … ။

ကဲ …
ငါ … ဘာကို လွမ်းရမလဲ …
ငါ … ဘာကို တမ်းတမလဲ …
လွမ်းချင်ပါလျက်နဲ့
အလွမ်းခက်ခဲ့ပြန်ပြီကွယ် … ။ … ။
***
မေဓာဝီ
၁၁၊ ၁၂၊ ၁၃
၁၉.၀၇ နာရီ

3 comments:

သိ င်္ဂါ ရ said...

ဒီနှစ် ဒီဇင်ဘာ က တော့ ...

တကယ် လွမ်းရတဲ့ ဒီဇင်ဘာပါပဲဗျာ ...

ညီလင်းသစ် said...

တဖွဲဖွဲကျနေတဲ့ နှင်းမြူတွေရဲ့ အဝေးမှာ လွမ်းစရာ မလိုတော့တဲ့ လူတစ်ယောက်ရဲ့ ကျေနပ်၊ အေးချမ်းမှုကို ကဗျာလေးထဲမှာ တွေ့လိုက်ရတယ် မမေ...၊း)

ပျော်ရွှင်အေးချမ်းသော ဒီဇင်ဘာ ဖြစ်ပါစေဗျာ...။

ဆွေလေးမွန် said...

ဒီဇင်ဘာကဗျာလေး နှစ်သက်မိတယ်..
ကိုယ့်စိတ်ထဲဖြစ်နေတာနဲ့ တစ်ထပ်တည်းကျတယ်..