Sunday, January 27, 2013

ခက်တယ် ...

*
တခါတလေ ...
ဆန္ဒတွေ ရုပ်သိမ်း
ချုပ်ထိမ်းဖို့ ခက်တယ် ... ။

တခါတလေ ...
မာနတွေ နှိမ်ချိုး
ရိုကျိုးဖို့ ခက်တယ် ... ။

တခါတလေ ...
အတ္တတွေ ဖယ်ရှား
နားလည်ဖို့ ခက်တယ် ... ။

တခါတလေ ...
တွယ်တာခြင်းတွေ ရပ်
မေ့ပစ်ဖို့ ခက်တယ် ... ။

တခါတလေ ...
တခါတလေ ...
တခါတလေတွေ ပေါင်းစု
ထုထည်ကြီးမားလာတဲ့အခါ
ဆန္ဒ, မာန, အတ္တနဲ့ သံယောဇဉ်
စိတ်အစဉ်မှာ ငြိကပ်
သံသရာရပ်ဖို့ ခက်တယ် ... ။
***
မေဓာဝီ
၂၇၊ ၀၁၊ ၁၃
၂၁း၅၄ နာရီ (မြန်မာစံတော်ချိန်)

Read More...

Wednesday, January 23, 2013

ကြေကွဲ ကျောက်ပျဉ်


သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်

ဘိလပ်ကနေ မြန်မာပြည်ကို ပြန်ရောက်တော့ … ကျမအတွက် အကျေနပ်ဆုံး တခုက ကျောက်ပျဉ်ပေါ်မှာ သနပ်ခါးတုံးလေးတင်၊ တဂျစ်ဂျစ်နဲ့ အားရပါးရ သွေးပြီး သနပ်ခါးလိမ်းရခြင်းပါပဲ။ ဟုတ်တယ် … ဘိလပ်မှာ နေခဲ့တဲ့ ၄ နှစ်ကျော် ကာလတလျှောက် သနပ်ခါးလိမ်းခဲ့ရတဲ့ ရက်ဆိုတာ လက်ချိုးရေတွက်လို့ ရပါတယ်။ ဘိလပ်ကို သွားဖို့ပြင်တော့ သနပ်ခါးသိပ်ကြိုက်တဲ့ ကျမက ရယ်ဒီမိတ် သနပ်ခါးအနှစ်တွေ အခဲတွေလဲ မလိမ်းတတ်လို့ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ကို အလေးခံပြီး သယ်သွားခဲ့တယ်။ ဒါပေမဲ့ အေးစက်တဲ့ ရာသီနဲ့ ကျမနှစ်သက်တဲ့ သနပ်ခါးဟာ ဘယ်လိုမှ အဆင်မပြေလေတော့ ချစ်လျက်နဲ့ ခွဲခွါနေရသလို သနပ်ခါးကို လိမ်းချင်ပါလျက် အလိမ်းခက်ခဲ့ရတယ်။ ဒီလိုနဲ့ပဲ … ပါသွားတဲ့ သနပ်ခါးတုံးလေး အပွေးမကုန်ခင် ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်ရောက်ခဲ့ရတယ် ဆိုပါတော့ … ။

စိမ်းလဲ့တင်က သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်တွေ

အိမ်မှာ အမေ မရှိတော့ အမေလိမ်းခဲ့တဲ့ သနပ်ခါးကျောက်ပျဉ်နဲ့ သနပ်ခါးတုံးတွေကို အမကြီးက ဂျပ်ပုံးတွေထဲ ထည့်ပြီး သိမ်းထားတယ်။ သူကလဲ သနပ်ခါး မလိမ်းဘူးကိုး။ ဒါကြောင့် ရောက်ရောက်ချင်းနေ့က ကြီးတော်ကြီး အိမ်မှာပဲ သနပ်ခါးသွားလိမ်းခဲ့ရတယ်။ နောက်ရက်မှာတော့ အမေ့ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကို ကျမအတွက် ထုတ်ပေးထားပါတယ်။ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးရှိပြန်တော့ သွေးရမယ့်နေရာက အဆင်မပြေပြန်ဘူး … ။
***
မှန်တင်ခုံနဲ့ ကျောက်ပျဉ်

ငယ်ငယ်တုန်းက သုံးခဲ့တဲ့ အမေ့မှန်တင်ခုံကြီးက ကြီးတော့ သနပ်ခါး ကျောက်ပျဉ် နှစ်ချပ် သုံးချပ်လောက် ယှဉ်ပြီး တင်ထားနိုင်ပါတယ်။ မှန်တင်ခုံကြီးပေါ်မှာ မျက်နှာလိမ်းတဲ့ ကျောက်ပျဉ်တချပ်၊ ခြေထောက်တွေ လက်တွေ လိမ်းဖို့ ကျောက်ပျဉ်တချပ်နဲ့ နလင်ကျော်တို့ မန်ကျည်းခေါက်တို့လို ဆေးတွေသွေးဖို့ ကျောက်ပျဉ် ခပ်သေးသေးတချပ် တင်ထားလေ့ရှိပါတယ်။ မှန်တင်ခုံရှေ့က ထိုင်တဲ့ ကုလားထိုင်လေးကလဲ ကူရှင်ဆိုဖာလေးနဲ့ မို့ သက်သက်သာသာ ထိုင်ပြီး သနပ်ခါးသွေး သနပ်ခါး လိမ်းရုံပါပဲ။ ဒါကြောင့် ငယ်ကတည်းက သနပ်ခါးသွေးရင် ကြမ်းပေါ်ချပြီး သနပ်ခါးသွေးတဲ့ အကျင့် သိပ်မရှိခဲ့ဘူး။

ခုတော့ ဟောင်းနွမ်းလာတဲ့ အမေ့မှန်တင်ခုံကြီးလည်း မသုံးဖြစ်တော့ဘဲ စတိုခန်းထဲမှာ ရောက်နေပြီး အမကြီးရဲ့ မှန်တင်ခုံတခုက အခန်းထဲမှာ နေရာယူထားပါတယ်။ အမကြီးမှန်တင်ခုံက ခေတ်မီပေမယ့် ကျောက်ပျဉ်တင်ပြီး သနပ်ခါးသွေးလို့ မဆန့်ပါဘူး။ အမေ့မှန်တင်ခုံလောက်လဲ မတောင့်တင်းဘူး။ ဒီတော့ ကျမက ရေချိုးအပြီး သနပ်ခါးလိမ်းမယ်ဆိုရင် အမေ့ကျောက်ပျဉ်ကြီးကို ရေချိုးခန်းထဲ မ-သွားပြီး bath tab ရှေ့က အုတ်ဘောင်လေးပေါ် တင်ပြီး သွေးပါတယ်။ ကျောက်ပျဉ်ကြီးက ကြီးပြီး အုတ်ဘောင်လေးက သေးတော့ သနပ်ခါးသွေးရင် ဟိုဘက်စောင်းလိုက် ဒီဘက်စောင်းလိုက်နဲ့ သိပ်တော့ အဆင်မပြေလှဘူး။ ဒါပေမဲ့ ကြမ်းပေါ်ထိုင်ပြီး သနပ်ခါးမသွေးချင်တဲ့ကျမ နေ့စဉ်နဲ့အမျှ ကျောက်ပျဉ်ကြီးကို မ- အုတ်ဘောင်ပေါ်တင်ပြီး မတ်တပ်ရပ်ပဲ သနပ်ခါး သွေးလိမ်းနေဖြစ်ခဲ့တယ်။
***
ကျောက်ပျဉ် နေရာမရ …

ဒီလိုနဲ့ … တနေ့တော့ ရေချိုးခန်း နံရံတွေ ဆေးသုတ်မယ့်ရက်ကို ရောက်လာပါတယ်။ နံရံတွေ ဆေးသုတ်မယ်ဆိုတော့ ကျမ သနပ်ခါးတင်သွေးတဲ့ အုတ်ဘောင်လေးလဲ ပါတာပေါ့။ ကျမကလဲ အုတ်ဘောင်လေးပေါ် ကျောက်ပျဉ်တင်ပြီး သနပ်ခါးသွေးပြီးရင် ကျောက်ပျဉ်ကို ပြန်မဖယ်ဖြစ်ဘဲ အုတ်ဘောင်လေးရဲ့ နံရံမှာ မှီထောင်ထားတတ်တယ်။ ရေချိုးခန်း ဆေးမယ် ကျောမယ်ဆိုရင် ပြန်ထုတ်လိုက် ကျမက ပြန်တင်လိုက်နဲ့ သံသရာ လည်နေတာပေါ့။ အဲဒီနေ့က ဆေးသုတ်ထားတော့ ကျောက်ပျဉ်ကို အုတ်ဘောင်ပေါ် တင်လို့ မရတော့ဘူး။ ဒါနဲ့ပဲ တရက် နှစ်ရက်လောက် ကျောက်ပျဉ်ကြီး ကြမ်းပေါ်ချလို့ သနပ်ခါးသွေးလိမ်းခဲ့ရတယ်။ နောက်ရက်တွေမှာ ဆေးလဲ ခြောက်သွားလောက်ပြီဆိုပြီး ခါတိုင်းလိုပဲ အုတ်ဘောင်ပေါ် တင်သွေးတော့ ဖိအား ပွတ်အားကြောင့် မခြောက်တခြောက် ဆေးတွေက ကွာချင်ချင် ဖြစ်လာတယ်။ အဲဒါကို တွေ့တဲ့ အမကြီးက ကျမကို ပြောမနေဘဲ ကျောက်ပျဉ်ကြီးကို ရွှေ့မိန့်ပေးလိုက်တယ်။

ရွှေ့လိုက်တာကလဲ လွယ်လွယ်ကူကူပါပဲ၊ ရေချိုးခန်းအထွက်က အ၀တ်လျှော်စက်ပေါ် … တဲ့။ သြော် … ခဏတဖြုတ်တင်တာ တင်ပေါ့ ဆိုပြီး ကျမလဲ ဘယ်နေရာ ထားရမှန်း မသိတဲ့ ကျောက်ပျဉ်ကြီးကို ဒီတိုင်းပဲ ကြည့်နေလိုက်တာပဲ။ နောက်တော့ အိမ်က ကလေးမလေးက အ၀တ်လျှော်စက် လှည့်ပါလေရော … ။ ကျမကတော့ အဲဒါတွေ မသိပါဘူး၊ အောက်ထပ်မှာ အလုပ်လုပ်နေတဲ့အချိန် တစုံတခု ပြုတ်ကျ အက်ကွဲသံကြီး ကြားလိုက်ရလို့ ဘာဖြစ်တာပါလိမ့် တွေးနေမိတာ။ အလုပ်ပြီးမှ အိမ်ပေါ်ထပ် တက်ကြည့်မလို့ … ။
***
ကြေကွဲ ကျောက်ပျဉ်

မကြာပါဘူး၊ အမကြီးက အင်တာကွန်းကနေ လှမ်းပြောတယ်၊
“နင့်ကျောက်ပျဉ်ကြီး ကျကွဲသွားပြီ …” တဲ့။
“ဟင် …”
ကျမရဲ့ အာမေဋိတ် … ဟင် တလုံးပဲ … ထွက်နိုင်တော့တယ်။
ဖြစ်ပြီးမှတော့ ဘာမှမတတ်နိုင်တော့ပါဘူး … ။ အ၀တ်လျှော်စက်ရဲ့ တုန်ခါအားကို ကျောက်ပျဉ်ကြီးက မခံနိုင်တဲ့အတွက် ပြုတ်ကျပြီး အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားခဲ့တယ် … ။

ကွဲကြေသွားသော ကြေကွဲကျောက်ပျဉ်
အလုပ်ပြီးလို့ အိမ်ပေါ်ထပ် တက်လာတော့ အမှိုက်ပုံးထဲမှာ ကျမရဲ့ ကျောက်ပျဉ်အပိုင်းအစတွေကို တွေ့ရတာနဲ့ ပြန်ထုတ်ပြီး ရသလောက်လေး ဆက်ကြည့်မိသေးတယ်။ ဘယ်ရတော့မှာလဲ … ။ ကျောက်သားနဲ့ ပြုလုပ်ထားပြီး ကိုယ်က ခိုင်မာတယ်လို့ ထင်ခဲ့တဲ့ အရာတွေတောင် အဆင်မသင့်တဲ့အခါ ကွဲကြေ ပျက်စီးတတ်ပါလားလို့ ကျောက်ပျဉ်အကွဲလေးတွေကို ကြည့်ပြီး ကျမ ကြေကွဲနေမိတယ်။ အဲဒီညနေခင်း ပုဂံက ပြန်လာတဲ့ ကျမအမလတ်က ကျမမှာလိုက်လို့ ဆိုပြီး သနပ်ခါးတုံးတွေ အများကြီး ၀ယ်လာခဲ့သတဲ့ … ။ သနပ်ခါးတုံး အထုတ်ကြီးပိုက်ရင်း ကွဲသွားတဲ့ ကျောက်ပျဉ်ကြီးကို ကျမ လွမ်းနေမိတယ်။ အမေ့ ကျောက်ပျဉ်မဟုတ်လား … ။
***
ကျောက်ပျဉ် အသစ်

နောက်တနေ့ မနက် ကျမသနပ်ခါးလိမ်းဖို့ ကျောက်ပျဉ် မရှိတော့ဘူး။ အမကြီးက ကျောက်ပျဉ်အသစ်တွေ ရှိပါသေးတယ်လို့ ပြောပေမယ့် ဘယ်နေရာ ထားမှန်းမသိတော့ လတ်တလော ပြဿနာကို ဖြေရှင်းဖို့ ကြီးတော်ကြီးအိမ် သွားပြီး သနပ်ခါး လိမ်းခဲ့ရတယ်။ မလိမ်းရ မနေနိုင်လို့ပါ။ ကျမက မနက်စောစော ၆ နာရီခွဲလောက် ရေချိုးတာမို့ စောစောစီးစီး ကြီးတော်ကြီးကို အားနာတာနဲ့ နောက်ရက်မှာ သွားမလိမ်းတော့ဘူး။ အိမ်မှာပဲ ကျောက်ပျဉ် ရှာပုံတော် ဖွင့်ရပါတော့တယ်။ အဲဒီတနေ့လုံး ခရင်မ် လေးပဲ မျက်နှာကို ပွတ်ပြီး နေရလို့ မျက်နှာက နေမထိ ထိုင်မသာနဲ့။ နောက်ဆုံးတော့ ကွဲသွားတဲ့ ကျောက်ပျဉ်လောက် မကြီးတဲ့ ကျောက်ပျဉ် နောက်တချပ်ကို ဗီရိုနဲ့ နံရံကြားမှာ ပိုးချည်မျှင်တွေ အလိမ်းလိမ်းနဲ့ တွေ့ရပါတယ်။ အဲဒါလဲ အမေစစ်ကိုင်းက ၀ယ်လာတဲ့ ကျောက်ပျဉ်လေးပါဘဲ။

ကျောက်ပျဉ် အသစ်ကလေး
ဘာပဲဖြစ်ဖြစ် ကျမ ကျောက်ပျဉ်သစ် တချပ် ထပ်ရပါပြီ။ ကျောက်ပျဉ် အသစ်ကလေးကို ဖုန်ခါ ဆေးကြောပြီးတဲ့နောက် လိမ်းဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ ကျောက်ပျဉ်လေးက သိပ်မကြီးလွန်းတာမို့ သိပ်လဲ မလေးဘူး၊ ပါးပါးလျားလျားရှိပြီး ကျမ တင်သွေးနေကျ အုတ်ဘောင်လေးနဲ့ အနေတော်လောက်ပါပဲ။ နောက်တနေ့ မနက်ခင်း ရေချိုးပြီးချိန်မှာ ကျောက်ပျဉ်အသစ်ကလေးနဲ့ သနပ်ခါးလိမ်းရတော့မှာမို့ ကျမ စိတ်တွေလှုပ်ရှားနေခဲ့တယ်။ ကျောက်ပျဉ်လေးက ကောင်းမှ ကောင်းပါ့မလား … ။ ကျောက်ပျဉ်ကောင်း တချပ် ဖြစ်ဖို့ကလဲ ကျောက်သားလည်း ညက်မှ၊ မျက်နှာပြင်လဲ မမောက်လုံး မခွက်လွန်း အနေတော်လေး ဖြစ်မှ၊ သနပ်ခါးအထွက်လဲ မှန်မှ … မဟုတ်လား။ ဒါပေမဲ့ ကျမ ကြေး(ဂျီး) မများပါဘူး၊ ဒီကျောက်ပျဉ်သစ်ကလေးက ကျမအတွက် လိုအပ်ချက်လေးတွေ ဖြည့်ဆည်း ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျမ ယုံကြည်ထားသလိုပါပဲ … ချစ်စရာကောင်းတဲ့ ကျောက်ပျဉ်လေးက ကျမအတွက် သင့်တော်လှပါတယ်။ ကျောက်ပျဉ်လေးထက်မှာ ရေနည်းနည်းဆွတ်၊ သနပ်ခါးတုံးလေး တင်သွေးပြီး ထွက်လာတဲ့ သနပ်ခါးနှစ် ၀ါညက်ညက်လေးတွေကို ပါးပေါ်တင် ပွတ်လိမ်းရင်း အေးမြ မွှေးပျံ့တဲ့ အရသာကို ငြိမ်းချမ်းစွာ ခံစားနေချိန်မှာတော့ ကွဲကြေသွားတဲ့ ကျောက်ပျဉ်ဟောင်းကြီးကို မေ့လျော့နေမိပါတော့တယ် … ။
***
မေဓာဝီ
၂၃၊ ၀၁၊ ၁၃
၂၃း၂၆ နာရီ (မြန်မာစံတော်ချိန်)

Read More...

Tuesday, January 01, 2013

နှစ်ဦး ဆုတောင်း ...

အကောင်းတွေသာ
လာပါစေကြောင်း
ဆုမတောင်းချင် ...

အဆိုးတွေသာ
ခွါပါစေရေး
မကြံတွေးချင် ...

ကောင်းဆိုးနှစ်တန်
လောကဓံကို
ခံနိုင်စေရန်
ဆန္ဒသန်သည်
အမှန်မြင်သူ ဖြစ်ရစေ ... ။ ... ။
***
မေဓာဝီ
၁၊ ၁၊ ၂၀၁၃
မြန်မာစံတော်ချိန် ၆း၃၀ နာရီ

~~အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ~~

Read More...