Wednesday, October 10, 2012

ဘ၀ - အမှား

*
ဘ၀က - ခါး ... တယ်။
အချိုမရှာလို့ သကာမတွေ့ခဲ့တာ 
ဘာကို အပြစ်တင်ရမှာလဲ ... ။
*
ဘ၀က - မှား ... တယ်။
သွေဖယ်တဲ့လမ်း အမြဲလှမ်းခဲ့တဲ့ ငါ -
ဘာကို နာကျင်ရအုံးမှာလဲ ... ။
*
ဘ၀က - ရှား ... တယ်။
ခေါင်းပါးလာတဲ့ မေတ္တာတရားတွေကြား
အခါခါ နေသားကျနေမှပဲ ... ။ ... ။
***
မေဓာဝီ
၁၀၊ ၁၀၊ ၁၂
၁၅း၁၀ နာရီ
(မအားလို့ စာအများကြီး မရေးနိုင်ခင် စပ်ကြား ဒီကနေ့ ရထားပေါ်မှာ ရေးခဲ့တဲ့ စာတိုကလေး တင်လိုက်ပါတယ်။)

12 comments:

ဘုန်း၂တောက် said...

စာတိုကလေးဆိုပေမယ့် အဓိပ္ပာယ်နက်ရှိုင်းလွန်းလှတယ်။ အဲဒီလိုလေး ရေးတတ်ချင်တယ်။
ခင်မင်တဲ့...

Anonymous said...

ဘဝက သွား...တယ်။
ရထား...ကား...မရပ်မနားနဲ့
ငါဟာ လူသားတစ်ယောက်ပဲ...။...။

မေဓာဝီ said...

ကိုနတ္ထိရေးတာ သဘောကျလို့ ထပ်ဖြည့်လိုက်တယ်။
*
ဘ၀က ၀ါး ..တယ်။
မှုန်ရီေ၀၀ါး ခရီးသွားတဲ့ငါ
သံသရာ တလျှောက်လုံးပါပဲ ...။ ...။

ညီလင်းသစ် said...

တိုတိုလေးပေမယ့် ဘဝအကြောင်း တွေးတောစရာတွေ အများကြီး ပေးတဲ့ ကဗျာလေးပါပဲ၊ အထူးသဖြင့် ရထားပေါ်မှာ ရေးခဲ့တယ် ဆိုတော့ ထူးအိမ်သင် ဆိုခဲ့တဲ့ ̔အိပ်မက်ထဲက ရထားကြီး̕ သီချင်းလေးတောင် သတိရလိုက်မိတယ် မမေ...၊ ̔သံသရာ ရှည်မယ့် ခရီး xxx ဘယ်မှာဆုံးမယ် ငါလည်းမသိ xxx အိပ်မက်ထဲက ရထားကြီးခေါ်သံ ငါကြားမိ.. ̕ ဆိုတာလေ...၊

အစစ အရာရာ အဆင်ပြေပါစေ မမေရေ...။

Anonymous said...

ဘဝက မော..တယ်။
ကိလေသာ သံသရာခရီးကြား
အဆုံးထိ လျှောက်နေရဦးမှာပဲ…။
ဘဝက. နာတယ်။
လှိုင်းအောက် လှေပေါ် လှိုင်းထန်ထန်ကြား
မရပ်မနား ကူးခတ်နေရဦးမှာပဲ။
ညီမ

San San Htun said...

ကဗျာတိုလေးပေမယ့် အဓိပ္ပာယ် နက်တယ်..ကာရန်နလေလေးတွေနဲ့  ကဗျာဆို သိပ်ကြိုက်တာ..အဲဒီလို ရေးတတ်ချင်လိုက်တာ..မမမေ အဆင်ပြေပါစေ..

Anonymous said...

သုံးပိုဒ်ထဲနဲ့ ထိထိမိမိရှိတဲ့ကဗျာလေးပါပဲဗျာ...

ခင်မင်ခြင်းအားဖြင့်
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

အဓိပ္ပါယ်တွေ ပြည့်နေတဲ့ ကဗျာလေးပါဘဲ မမေ...
လူ့ဘဝဆိုတာ ခပ်ဝါးဝါး ခပ်ပါးပါး အမှားတွေနဲ့ ပြည့်နေတာနော်

mstint said...

မအားတဲ့ကြားက ရေးလိုက်တဲ့ စာတိုတိုလေးကလည်း နက်ရှိုင်းကျယ်ဝန်းတဲ့ အဓိပ္ပာယ်ကိုဆောင်နေတယ် မမေရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

seesein said...

ဘ၀တွေက.များ..တယ်
စုံနေအောင် လုပ်ရလို့
ဘယ်သူ့ကိုမှ အပြစ်မတင်
ဘယ်သူ့ကိုမှ မနာချင်တော့ပါ...
ပေါများလှတဲ့ ခန္တီတရားတွေနဲ့...
အခါခါနေသားတကျဖြစ်ဖို့
ဘ၀အတွေ့အကြုံအစုံစုံကြောင့်...
အေးအေးဆေးဆေးနေတတ်ခဲ့ပြီ။

ခင်မင်တဲ့
seesein

tauk tun said...

ဘဝက ခါးတယ်
စာကတိုပေမယ့်ကောင်းတယ် အားပေးပါတယ်……။

Unknown said...

ဘဝက ကြမ်းတယ် ဒါပေမယ့် မဆန်းပါဘူး မုန်းတိုင်းတွေဆဲရင် လေပြေညှင်းတွေတိုက်ခတ်အုံးမှာပါ