Thursday, September 20, 2012

သူမဟာ မြန်မာပြည် ဖြစ်တယ် ...

 

မြန်မာဆန်စွာ လုံချည်ကိုသာ ၀တ်ဆင်ပါသော …
ယဉ်ကျေးလှစွာ ခြုံပုဝါလွှမ်း ဆင်မြန်းတတ်သော
ဆံကေသာထက် ပန်းခက်မာလာ ဆင်သ’ပါသော …
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

တခါတွေ့က တသက်မေ့စရာ မစွမ်းသာသော …
မေတ္တာဓာတ်ပြည့် ကရုဏာငွေ့လွှမ်း တင့်တယ်ဆန်းသော …
အားကိုးထိုက်သူ အယူဖြောင့်မတ် စိတ်ထားမြတ်သော …
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

တိမ်မျှင်ကင်းပ လှပပြာလွင် မိုးကောင်းကင်ထက် ကြည်လင်လတ်သော ...
ပြည့်ရွှန်းတောက်ပ လပြည့်ညထက် ချမ်းမြေ့အေးမြ သာယာလှသော …
ကတ္တီပါနက်ပြာ မိုးဝဠာမှ တာရာကြယ်ထက် ပိုလင်းလက်သော ...
နေမင်းသူရိန် ရောင်ဝါရှိန်ထက် လင်းထိန်တောက်ပ နွေးထွေးလှသော ...
ဖိုးအနဂ္ဃ ထိုက်တန်လှစွာ ရတနာထက် ပိုမြင့်မြတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

ရနံ့စုံစွာ ပန်းမာလာထက် လွန်သာမွှေးကြိုင် သင်းပျံ့လှိုင်သော …
ခက်ထန်သူအား နူးညံ့သွားအောင် စွမ်းဆောင်နိုင်သော …
ဣတ္ထိများစွာ သူတကာထက် လွန်ကြီးမြတ်သော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

သေအံ့မူးစွာ လူမမာကို ညင်သာနှစ်သိမ့် ပေးစွမ်းစိမ့်သော ...
ဂီတသံစဉ် တေးဝိညာဉ်ထက် သာယာမြည်ချို နှုတ်ခွန်းဆိုသော ...
ထက်မြက်တောက်ရွှန်း ကြည်မျက်ဝန်းမှာ အားမာန်ပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီး ဖြစ်တယ်။

စမ်းရေသံလို မြည်သံချို၍ မေတ္တာပြည့်သော ...
ဂုဏ်ကျက်သရေ ကိုယ်နေလန်းဆန်း ရွှေရောင်လွှမ်းသော ...
ထက်မြက်စကား ခွန်အားများစွာ ပေးစွမ်းပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။


ထိုမိန်းမသား
အင်အားမဟာ
မြန်မာအပြင်
ကမ္ဘာပင် လွှမ်းခဲ့ ...

အိုနေသော်လဲ
ပျိုဆဲမိခင် … အိုမိခင်ငဲ့
ခြေရာခွက်ထဲ
ရေနည်းသော်ငြား
ပင်လယ်မှားမှတ်
ကူးခတ်နေသူ
ထိုလူစုအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

ပါးရေနားရေ
တွန့်ကြေသော်ငြား
ခွန်အားရှိဆဲ ပျိုဆဲမိခင်
အို မိခင်ငဲ့ …
ကောင်းကင်ယံထက်
လင်းလက်သော်တာ
ငွေစန္ဒာအား
ရငြားပါစေ
ထိုးဟောင်နေသော
တောခွေးနှင့်တူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

နိုင်ငံ့အရေး
တိုင်းရေးဟုသာ
ဆိုနေပါလည်း
“ငါ”၏ အရေး
ကိုယ်ရေးသာကြည့်
အတ္တပြည့်သူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

အလင်းကိုရှောင်
အမှောင်ထဲတိုး
အဆိုးဘက်သာ
ဦးတည်ပါသော
ဒီလောကသား
လူအများတွက်
လင်းလက်ရောင်ရွှန်း
ထွန်းညှိပေးပါ
ညှိပေးပါလော့ ... ။

ကမ္ဘာတ၀ှမ်း
ငြိမ်းချမ်းပါစေ ...
တောင်းဆုချွေကာ
မြန်မာပြည်စစ်စစ်
ဖြစ်ကြီးဖြစ်သူ
ထိုသူမအား
ချမ်းမြေ့စေသား
အေးစေသားဟု
ဦးညွှတ်ဆုတောင်း
မေတ္တာလောင်းသည်
နှစ်ထောင်းအားရ ရှိစေသောဝ်။
***
မေဓာဝီ
၂၆၊ နိုဝင်ဘာ၊ ၂၀၁၀
၂၀၊ စက်တင်ဘာ၊ ၂၀၁၂ (ပြန်လည်ပြုပြင်)  
လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဘလော့တခုရဲ့ ကွန်မန့်မှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးကို စာလုံး နည်းနည်းပါးပါး ပြန်ပြုပြင်ပြီး တင်လိုက်ပါတယ်။ ပြည်သူချစ်သော ... ပြည်သူ့ကိုချစ်သော ကျမတို့မိခင်သဖွယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဂုဏ်ယူစွာဖြင့် ... ။

10 comments:

Anonymous said...

super like.

ဘုန်း၂တောက် said...

နှစ်ပေါင်းများစွာ ချုပ်ထားပါလည်း...
ခိုင်မြဲစိတ်ဓာတ် ရပ်မြဲရပ်ခဲ့...။

မေတ္တာကရုဏာ ရှေ့မှာထားလျက်...
ပြည်သူ့တွက်ပဲမို့ မည်သို့ပင်ခက်စေ...။

အရိုးကြေကြေ အရေခန်းခန်း...
မလျှော့စတမ်းမို့ ရှေ့သို့ဆက်ခဲ့...။

ခက်ပေါင်းများစွာ ကြုံခဲ့ပါလည်း...
မားမားမတ်မတ် ကျော်ဖြတ်ခဲ့ပြီ...

ပြည်သူ့မိခင် ဒေါ်စုကြည်...။
အားလုံးရဲ့မိခင် ဒေါ်စုကြည်...။

ဒါတင်မက မြန်မာ့အလှကို
ကမ္ဘာ့သိအောင် သူဖော်ဆောင်ပေး။

ကမ္ဘာ့ထိပ်ဖျား ပုဂ္ဂိုလ်များ၏...
လက်ခုပ်တီးသံ သောသောညံလျက်...။

ကမ္ဘာ့ထိပ်ဖျား ပုဂ္ဂိုလ်များက
မလေးစားဘဲ မနေရက်ပြီ...
မချီးကျူးဘဲ မနေ၀ံ့ပြီ...
မချီးမြှင့်ဘဲ မနေတတ်ပြီ...။

ညီလင်းသစ် said...

ပြင်သစ်ဘုရင် လူဝီ ၁၄ က ‘ငါသည်သာ နိုင်ငံတော် ဖြစ်သည်’ လို့ ၁၇ ရာစုတုန်းက ပြောခဲ့ဖူးတယ်၊ တိုင်းပြည်တစ်ခုလုံးကို အကြွင်းမဲ့အာဏာနဲ့ အုပ်စိုးဖို့ ပြောတဲ့စကားပါပဲ၊ အခု ၂၁ ရာစုမှာလည်း သူမဟာ နိုင်ငံတော် ဖြစ်တယ်၊ ဒါပေမယ့် အာဏာနဲ့ မဟုတ်ဘဲ အကြွင်းမဲ့ မေတ္တာနဲ့၊ ကြီးမားတဲ့ ဉာဏ်ပညာနဲ့၊ နူးညံ့တဲ့ ဂရုဏာနဲ့၊ မြင့်မြတ်တဲ့ ခွင့်လွှတ်ခြင်းနဲ့သာ ဖြစ်တယ်၊ ဒါဟာ ပဲရစ်စ်မြို့နဲ့ မလဲနိုင်တဲ့.. လူဝီ ၁၄ နဲ့မလဲနိုင်တဲ့ ကျနော်တို့အားလုံးရဲ့ အရှားပါးဆုံး သံယံဇာတပါပဲ..၊

ကဗျာလေးကို ဖွဲ့ထားတဲ့ စကားလုံးတွေ အရမ်းကြိုက်တယ် မမေ...။

Anonymous said...

good

ညိမ်းနိုင် said...

စကားလုံးအသုံးအနှုန်းတွေ၊အဖွဲ့အနွဲ့တွေက အားပါလိုက်
တာဗျာ.....။ဟုတ်တယ်မမေ...သူမသာလျှင် မြန်မာနိုင်ငံ
တော်ဖြစ်ပါတယ်ဗျာ....၊ကျွန်တော်လေ....၆၆နှစ်အရွယ်
အမျိုးသမီးကြီးတစ်ယောက် ဖျတ်လတ်စွာနဲ့ကမ္ဘာအနှံ့
ခြေဆန့်ပြီး၊ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေနဲ့ ယျဉ်
ဘောင်တန်း ပြောဆိုဆက်ဆံနေတာမြင်ရတာ သိပ်
စိတ်ချမ်းသာတာပဲဗျာ။သူမအတွပ်ဂုဏ်လည်းဂုဏ်ယူမိတယ်...။သူမတစ်ယောက် ရှိနေတာနဲ့တင် မြန်မာလူမျိုးဖြစ်ရတာ
ကိုလည်း ဂုဏ်ယူရရဲ့....။

စံပယ်ဖြူ said...

ဒီလိုရေးတဲ့ နှလုံးသားပိုင်ရှင်ကို အလေးပြုပါတယ်။

ကမ္ဘာတ၀ှမ်း
ငြိမ်းချမ်းပါစေ ...
တောင်းဆုချွေကာ
မြန်မာပြည်စစ်စစ်
ဖြစ်ကြီးဖြစ်သူ
ထိုသူမအား
ချမ်းမြေ့စေသား
အေးစေသားဟု
ဦးညွှတ်ဆုတောင်း
မေတ္တာလောင်းသည်
နှစ်ထောင်းအားရ ရှိစေသောဝ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရဲ့ကဗျာလေးဟာ မြန်မာဆန်လွန်းတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို တင့်တယ် စေတယ်။ ပြည့်စုံစေတယ်။
သူမဟာ မြန်မာတွေအတွက် တကယ်ကိုလေးစား ဂုဏ်ယူထိုက်တဲ့အမျိုးသမီးတစ်ဦးပါဘဲ။

တန်ခူး said...

မေရေ. ရင်ထဲလက်ရှိခံစားနေတာတွေနဲ့  တကယ့်ကိုထပ်တူကျတဲ့ အစွမ်းထက်သော အင်အားရှိသော ကဗျာလေးအတွက် ကျေးဇူးပါ

Anonymous said...

ကြိုက်လွန်းလို့..ကိုယ့်ရဲ့ facebook wall မှာ ကူးယူတင်ထားပါတယ်..post အောက်မှာ facebook share ရှာမတွေ့လို့..ဒီတိုင်းကူးယူတင်လိုက်တာပါ..ခွင့်ပြုပါ..

Maung Myo said...

လှလိုက် တဲ့ သူမ နဲ့ထပ်တူ ညီလိုက်တဲ့ စကားလုံးတွေပဲ အစ်မရယ် ကြိုက်တယ် ။