Sunday, June 19, 2011

ဒီနေ့ ...

၀၄း၄၅ နာရီ ...
နှိုးစက်မြည်သံနဲ့ အိပ်ရာက နိုးလာခဲ့တယ်။ နှိုးစက်ပိတ်ပြီး ဘာကြောင့်နှိုးစက်လုပ်ထားတာပါလိမ့်လို့ ရုတ်တရက် စဉ်းစားမရဘူး။ စာမေးပွဲလား ... စာမေးပွဲကလဲ ပြီးပါပြီ။ ဘာလုပ်စရာရှိလဲ အိပ်ချင်မူးတူးနဲ့ စဉ်းစားတော့မှ ဆွမ်းဟင်းချက်ရအုံးမှာပဲလို့ သတိရသွားပြီး ၀ုန်းခနဲ ခုန်ထလိုက်ရတယ်။ ဟုတ်သားပဲ ... ဒီနေ့ ကျမတို့ တူဝရီးနှစ်ယောက် ဘာမင်ဂန်ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ကြမလို့။ အစကတော့ ဘုန်းကြီးကျောင်းကို အဆင်ပြေတဲ့အချိန်သွားပြီး ဆွမ်းချိုင့်ပို့ရုံပဲ ပို့မလို့ ဟင်းတွေက မနေ့ကတည်းက ချက်ထားပြီးပါပြီ၊ ဒါပေမဲ့ မနေ့ညဘက် ဖုန်းဆက်ကြည့်လိုက်တော့ ဒီကနေ့ ကျောင်းမှာ ဆွမ်းကပ်မယ့်သူ မရှိဘူးဆိုတာနဲ့ ကိုယ်တိုင် ကပ်ကြမယ် စိတ်ကူးပြီး လိုအပ်တဲ့ ဟင်းတွေထပ်ချက်ဖို့ ဒီမနက် စောစော နှိုးစက်ပေးထားခဲ့တာ။

ဒီကနေ့ ဆွမ်းပို့ရမယ်ဆိုကတည်းက ကျမ ပျော်နေခဲ့ပါတယ်။ ဒီလိုနေ့မျိုး တိုက်တိုက်ဆိုင်ဆိုင် ကုသိုလ်ပြုရတာ ၀မ်းသာစရာမဟုတ်လား။ မနေ့က ချက်ထားတဲ့ ဟင်းတွေက ကြက်သား၊ ကြက်မြစ်၊ ခရမ်းသီးနှပ်၊ ခရမ်းချဉ်သီးငပိချက်၊ ပဲကြော် ... ချက်နေကျ သမားရိုးကျ ဟင်းတွေပါပဲ။ ဒီမနက် ခေါက်ဆွဲတဒယ် ထကြော်တယ်။ ဟင်းရည်သောက်တခွက်ပါအောင် မြန်မြန်ဆန်ဆန် ကျက်တဲ့ ပဲနီလေးဟင်း ချက်လိုက်တယ်။ ပြီးတော့ အသုပ်တခွက်ပါအောင် ကျောက်ပွင့်နဲ့ ဆေးဘဲဥသုပ်။ ဘုန်းဘုန်းတပါးက အသားမဘုဉ်းလို့ အာလူးဆီပြန်ဟင်း တခွက်လဲ ကမန်းကတန်း ချက်လိုက်ပါသေးတယ်။ မနက် ၇ နာရီခွဲမှာ အားလုံးချက်ပြီး ဆေးကြော သိမ်းဆည်း ဗူးတွေထဲထည့်ပြီးတော့ ရေချိုးခေါင်းလျှော် အိမ်ကနေ ၉ နာရီ မထိုးခင် ထွက်ခဲ့ကြတယ်။

ရာသီဥတုက သာသာယာယာ၊ နေသိပ်မပူ၊ မိုးလည်းမရွာ၊ ကောင်းကင်မှာ တိမ်တအုပ် တဆုပ်နဲ့ ... တနင်္ဂနွေ မနက်မို့ လမ်းကလဲ ကားရှင်းနေပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ ၉ နာရီခွဲသာသာ ရှိသေးတယ်။ ဆွမ်းဟင်းတွေခပ်၊ နွှေး၊ အသုပ်တွေနယ်ပြီး ကိုယ့်ဟင်းခွက်တွေကိုယ် မှတ်တမ်းတင်ဖို့ ဓာတ်ပုံရိုက်တယ်။ တယောက်ထဲ အစအဆုံး ကူမယ့်လူမရှိဘဲ ချက်ခဲ့ရတဲ့ ဟင်းတွေလေ ... မှတ်တမ်းမတင်လို့ ဘယ်ဖြစ်မလဲ မဟုတ်လား။

၁၁ နာရီမှာ ဆွမ်းကပ်ကြပါတယ်။ ကျောင်းကသံဃာ ၂ ပါး၊ ဒုလ္လဘ တပါး၊ စုစုပေါင်း ၃ ပါးရှိတယ်။ ဆရာတော်က ဘရာဇီးကို ကြွနေလို့ မရှိပါဘူး။
သံဃာတွေ ဆွမ်းစားပြီး ကျမတို့ ထမင်းစားနေတုန်း မြန်မာဆရာဝန် ဇနီးမောင်နှံ နှစ်ယောက် ရောက်လာကြတယ်။ သူတို့ မင်္ဂလာနှစ်ပတ်လည်အတွက် လှူဖွယ်ဝတ္ထုတွေ လာလှူကြတာပါ။ သူတို့ကို ထမင်းဝင်စားဖို့ ပြောပြီး အတူတူစားသောက် ဆေးကြော သိမ်းဆည်းကြတယ်။

နောက် သီလယူ၊ ပရိတ်နာ၊ ရေစက်ချ အမျှဝေတော့ ကျမဒီနေ့ ပြုတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကို ၃၁ ဘုံသားတွေနဲ့တကွ အထူးအားဖြင့် ဒီကနေ့မှာ အသက် ၆၆ နှစ် ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း စိတ်ထဲကနေ ရည်မှန်းဆုတောင်းခဲ့တယ်။ သက်ရှည် ကျန်းမာ လွတ်လပ်စွာနဲ့ နိုင်ငံအကျိုး၊ သာသနာအကျိုး၊ အများအကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေလို့လဲ ဆုတောင်းခဲ့မိသေးတယ်။ ဆုတောင်းတာတွေများလို့ လောဘတွေ သိပ်ကြီးနေပြီလား တွေးမိသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် တောင်းတာမဟုတ်ပါဘူးလေ ... ဒီလိုလောဘမျိုးတော့ ရှိသင့်တယ် ထင်တာပဲလို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ် လှူဒါန်းခဲ့ရတာကိုလည်း အင်မတန် ၀မ်းသာပီတိ ဖြစ်မိတယ်။

အပြန်လမ်း တလမ်းလုံး ကားပေါ်မှာ အိပ်ငိုက်လာတယ်။ ပင်ပန်းနေပြီ။ အိမ်ရောက်ရင် တရေးအိပ်မယ် စိတ်ကူးပေမဲ့ ဒီပို့စ်လေးတင်ဖို့ ကြိုးစားရင်း မအိပ်ဖြစ်တော့ဘူး။ ပင်ပန်းပေမဲ့ ပျော်တယ် ... ပီတိဖြစ်မိတယ်။ ဒီကနေ့မှာ ဆွမ်းကပ်ချင်တဲ့ ဦးရီးတော်ကိုလဲ ကျေးဇူးတင်မိတယ်။ ကျမအတွက်တော့ ဒီနေ့ဟာ သာယာလှပ ကုသိုလ်ရတဲ့ ကြည်နူးဖွယ် တနင်္ဂနွေတရက်ပါပဲ။
***
မေဓာဝီ
၁၉၊ ၆၊ ၂၀၁၁
၁၅း၃၀ နာရီ

16 comments:

khin oo may said...

သုပ်ပြန်ပလား။

ညိမ်းနိုင် said...

အိုးးးးးးကောင်းလိုက်တာ မမေရာ.....။သာဓုပါဗျာ....။
ဒီမှာလည်း နှစ်တိုင်းဒီနေ့ဆို ဒေါ်အောင်ဆန်းစုကြည်မွေး
နေ့အထိမ်းအမှတ် တိုပါးရိုးဘုန်းတော်ကြီးကျောင်းမှာ
ဆွမ်းကပ်ကြပါတယ်...။နှစ်တိုင်းပါပဲ....။ဒီနှစ်တော့သွေး
ပါလှူကြသဗျ...၊ကျွန်တော်တော့ မပါဖြစ်ဘူး....:)။

တောက်ပကြယ်စင် said...

သာဓုပါကွယ် သာဓု သာဓု သာဓု။ အဲဒီလို လောဘမျိုးရှိသင့်တယ်လို့ ဘုန်းဘုန်းလည်း ထင်မိတယ်။ အင်္ဂလန်သွားလည်ရင်တော့ မေဓာဝီချက်တဲ့ဟင်းလျာများကို ဘုဉ်းပေးရဦးမယ် ထင်တယ်။ ဟိ။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

seesein said...

သာဓုပါကြီးမေရေ
သက်ရှည် ကျန်းမာ လွတ်လပ်စွာနဲ့ နိုင်ငံအကျိုး၊ သာသနာအကျိုး၊ အများအကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေလို့လဲ ဆုတောင်းခဲ့မိသေးတယ်

ထပ်တူထပ်မျှပါ ကြီးမေရေ

ခင်မင်တဲ့
seesein

ညီလင်းသစ် said...

မနက်က အလှူက ညနေတောင် မစောင်းသေးဘူး..၊ ပို့စ်အဖြစ် တက်နေပြီ၊ တယ်မြန်ပါလား မမေဓာဝီရေ..၊း) စာမေးပွဲအပြီးမှာ အခုလို စိတ်လက်ပေါ့ပါးစွာနဲ့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ လုပ်နိုင်တာ ဝမ်းသာစရာ ပါပဲဗျာ...။

Maung Myo said...

လိုရာဆန်ဒ တစ်လုံးတ၀ ပြည့်ပါစေကွယ်း))) နာ့တူမကြီး

ဟန်ကြည် said...

အင်း...တပြည်မှာနေတဲ့သူကမှ ကုသိုလ်ကောင်းမှုတွေ သတိသေးရဲ့...ကိုယ့်မှာဖြင့် ဘုန်းကြီးကျောင်းတောင် မရောက်တာ နှစ်နဲ့ချီနေပါပေါ့လား...ဒါတောင်မှ နှစ်တန်းနှစ်ကတည်းက နွေရာသီတိုင်း ဗုဒ္ဓစာပေတွေ သင်ခဲ့ဖူးတဲ့ ဦးဟန်ကြည်ဖြစ်ပေလို့...အခုတော့ ဒီဒေသက ချမ်းသာလွန်းတဲ့ ဘုန်းကြီးတွေအစား ဆင်းရဲနွမ်းပါးတဲ့သူတွေကိုပဲ ဂရုစိုက်ပြီး ကူညီဖြစ်နေတယ်...ကုသိုယ်တော့ နည်းချင်နည်းမှာပေါ့လေ...ဒါပေမယ့် ကျေနပ်မိတယ် မေဓာဝီရေ... လူတစ်ကိုယ် အကြိုက်တစ်မျိုးမဟုတ်ပါလား...

နေ၀သန် said...

သာဓုပါ အစ်မရေ.... သာဓု... တိုင်းတပါးမှာ ဒါမျိုးအခွင့်အရေးက ရခဲတယ်... ကျွန်တော်ဆို ကျွန်တော်နေတဲ့နေရာမှာ ဘုန်းကြီးကျောင်းမရှိတော့ ဆွမ်းဆိုတာ မကပ်ရတာကြာပေါ့... အိမ်ကဘုရားကိုပဲ ကပ်ပါတယ်... သာဓုပါဗျာ... ထပ်ခေါ်ပါတယ်..း)))


ခင်မင်လျက်
နေ၀ဿန်

ShwunMi- said...

အစ်မမေဓာဝီ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။
ဆွမ်းကုသိုလ်အတွက် သာဓုခေါ်သွားပါတယ်ရှင်။

mstint said...

မွန်မြတ်တဲ့အလုပ်ကို စေတနာသုံးတန် ပြတ်သားစွာနဲ့ လုပ်နိုင်တဲ့အတွက် သာဓု သာဓု သာဓု ပါကွယ်။ စိတ်ကြည်လင်ပြီး ချမ်းသာသုခ ပြည့်ဝပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Thadu,Thadu,Thadu......May
Gyidaw

SHWE ZIN U said...

မမေဓါဝီ ရေ

မနေ့ကတော့ ဘုန်းကြီးပွဲလေး အကဲခပ် သွားပါတယ် ဒီနေ့တော့ ဘုန်းကြီး ဝိုင်းကျလေး မျှဝေစားသောက်ဖို့ စောစောစီးစီး လာပါတယ်

မမေဓါ လက်ရာက မခေဘူးဘဲ ဘုန်းဘုန်းတော့ ဆွမ်းမြိန် မှာပါ

ခင်မင်စွာဖြင့်
အေးချမ်းပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ
မွန်မြတ်သော အလှူဒါနအတွက် သာဓုပါနော်
စိတ်ကြည်နူးဖို့ကောင်းလိုက်တာ
ဝမ်းမြောက်ကြည်နူးစွာ သာဓုခေါ်လိုက်ပါတယ် ဆန္ဒတွေအားလုံးလည်း ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ် အမြဲတန်းလဲ လှူနိုင်တန်းနိုင်ပါစေလို့

Sint Si said...

Thadu,Thadu,Thadu!!!
I see a big smile on you.

မြစ်ကျိုးအင်း said...

ကောင်းလိုက်တာ။ ကိုယ်တိုင်ချက် ကိုယ်တိုင်ကပ်လှူခွင့် ရတာ ကြည်နူးစရာပဲ။ တောင်းတဲ့ဆုတွေလည်း ပြည့်ပါစေလို့ ထပ်ဆင့်ဆုတောင်းပေးပါတယ်။

မအိမ်သူ said...

မမေရေးထားတာလေး ဖတ်ရတာကိုက အရမ်းကြည်နူးစရာ ကောင်းနေပါပြီ။
ဒီ့ထက်ပိုပြီးတော့ကို လှူနိုင်တန်းနိုင် ကုသိုလ်တွေအများကြီး ဆက်လက်ရယူနိုင်ပါစေရှင် ..