Saturday, April 16, 2011

နှုတ်ဆက်တယ် ...

မဟုတ်မဟတ်တွေကို ပယ်
အရှုပ်အရှက်တွေကို ဖယ်
ကသုတ်ကယက်နဲ့ပဲ
နှုတ်ဆက်တယ် … သင်္ကြန်ရယ် … ။

အထီးကျန် … အကျည်းတန်လျက်
မျက်ရည်တွေစိုလူး
ဒီနှစ်ကို ကူးရတော့မယ် … ။

သမုဒယတဏှာ နှောင်ဖွဲ့တည်းလို့
အခုဘ၀မှာ လောင်တဲ့မီးတွေရယ်
ဘယ်ရေစင်နဲ့ ငြိမ်းရပါ့
ဒုက္ခဆိုတာ သစ္စာလား
တရားလဲ မကယ်နိုင်တော့ပြီ တကယ် … ။

ကွယ် … ဒီလိုနဲ့
အပြစ်တွေ အမျိုးမျိုး
အညစ်တွေ တိုးတိုးပြီး
အဖြစ်တွေ ဆိုးဆိုးလာ ..
တနှစ်တာ ခရီးအဆုံး
ကိုယ့်ကိုယ်ကိုယ် သုံးသပ်
ရှက်လဲ ရှက်ရွံ့မိတယ်။

ငြိတွယ်တဲ့ နွယ်ပင်
ကျွံဝင်တဲ့ နွံတွင်း
ရုန်းထွက်ရင်း ကြေကွဲ
ဝေခွဲမရပေမဲ့
နေမြဲဘ၀မှာသာ နေခဲ့ပါ့မယ်။

မလွမ်းချင် မတမ်းချင်ပေမဲ့
ကျွမ်းဝင်ခဲ့တဲ့ ခဏတာက
ဘ၀မှာ ဒဏ်ရာရခဲ့
သံသရာ အခြားမဲ့မှာလဲ
ထားသာ ထားခဲ့ပါစေကွယ် ... ။

တကယ်ပါ …
မင်္ဂလာနှစ်သစ်
အစဉ်သာ ဖြစ်မဖြစ်
ရင်မှာ ညစ်ညစ်နဲ့ပဲ
ဆုတွေလဲ မတောင်း
ကောင်းတာတွေလဲ မတမ်းတ
ဖြစ်သမျှ အကြောင်း
ကောင်းကောင်း ဆိုးဆိုး
အတိုးနဲ့ပဲလာလာ
အညှိုးဖွဲ့ပဲလာလာ
ရင်နာနာနဲ့
တမင်တကာပဲ နှုတ်ဆက်တယ် …
...........................................
...........................................
...........................................
နေခဲ့တော့ သင်္ကြန်ရယ် … ။
***
မေဓာဝီ
၁၆၊ ဧပြီ၊ ၂၀၁၁
မဟာသင်္ကြန် အတက်နေ့
၁၅း၁၈ နာရီ
***
အသိပေးစကား ...

အားလုံးကို နှုတ်ဆက်ပါတယ်။
ကျမဘလော့လေးကို မနက်ဖြန်ကစပြီး ခဏပိတ်ခဲ့ပါတော့မယ်။
စုစည်း ထိမ်းသိမ်းမရတဲ့ စိတ်တွေက ဘ၀အတွက် အနှောက်အယှက်တွေ ဖြစ်လာနိုင်တာမို့ ခုလို လုပ်ရတာပါပဲ။
စိတ်မကောင်းပါဘူး။ အင်မတန်ဝမ်းနည်းပါတယ်။ ဒါပေမဲ့ ... ဒီလိုပဲ ဆုံးဖြတ်ပါရစေ ... ။
အခြေအနေပေးရင် ပြန်လာခဲ့ပါမယ်။
ဘလော့ရေးသူ ဖတ်သူများအပေါ်မှာ ကျမ မှားခဲ့တာတွေ ရှိခဲ့ရင် နားလည်စွာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။

အားလုံးကို လေးစားချစ်ခင်စွာဖြင့် ...

မေဓာဝီ

13 comments:

Anonymous said...

စိတ်မကောင်းခြင်းကြီးစွာဖြင့် ကဗျာနဲ့အတူ နှုတ်ဆက်ပါတယ် မမေ ရယ် ...
အနှောက်အယှက်တွေအားလုံး ကျော်လွှားဖြတ်သန်းနိုင်ပါစေနော်

mie nge

ညိမ်းနိုင် said...

ဟင်....တကယ်လား....မမေ....။အမြဲတော့မဟုတ်ပါဘူး
နော်...။တရားစခန်းများဝင်မလို့လားဗျ..။အင်းပေါ့လေ...
အကြောင်းကြောင်းတွေရှိပေမပေါ့။လမ်းကြုံရင်တော့ ပြန်
ဝင်လာပေါ့ဗျာ...နော့...၊ခုလိုပိတ်တော့မယ်ဆိုတော့
စိတ်မကောင်းပါဘူးဗျာ...။

Anonymous said...

ဟမ်...
ကော်မန့်မချဖြစ်ပေမဲ့ တင်တိုင်းလာဖတ်ဖြစ်ပါတယ်.။
မထားသွားပါနဲ့လားး..။

နှစ်သစ်မှာ ပျော်ပါစေ.။
ရေးထားတဲ့ကဗျာ သေချာဖတ်သွားပါတယ်။


ပေါက်

မောင်မျိုး said...

တွေ့ ဆုံကြုံကွဲ မမြဲသော်လည်း
သိနားလည်လျှက် မေ့ဖို့ခက်သည်
ဖြတ်မရသော သံယောဇဉ်……။
မမြင်ချင်ယောင် မတွေ့ အောင်လည်း
ဆောင်၍မရ သဘာဝမယ်
ပုထုသဘော လူ့မနောကို
လိုက်၍မညီ ဥာဏ်မမှီသည်
ဖြတ်၍မရ ဤလောက ……. ။

အမှတ်တရပေါ့ ပြန်လာခဲ့အုံးမယ်လို့ မျှော်လင့်ပါတယ် ကိုယ်လည်း ကြုံဖူးတာမို့ ပြန်လာအုံးမယ်လို့ ယုံကြည်ပါတယ် ဘလော့ပိုးကနည်းတာမှမဟုတ်တာ အလုပ်တွေအားလို့ဖြစ်ဖြစ် ကျောင်းတွေပိတ်လို့ဖြစ်ဖြစ် ပြန်တွေ့ကြတာပေါ့ အားလုံး အဆင်ပြေပါစေ အစ်မရေ ။မျှော်နေမယ် ဒီဘလော့ရပ်ဝန်းပေါ်မှာ ကျနော်တို့တစ်နေ့ပြန်တွေ့ကြတာပေါ့ ။

ဆြာလေး ဆွမ်းခံကြွမယ့်အချိန် မျှော်နေပါ့မယ် အဲ့အခါကျ ကန်တော့ဆွမ်းလို့မပြောတော့ဘူး စိတ်ချး) ။

မိုးယံ said...

ရုတ်တရက် သသုတ်ကရက် နှုတ်ဆက်ရှာလေပြီ။


ဒေါ်လေးမေလဲ ကိစ္စများမြောင်ရှိမှာပဲ ထင်တယ်။


မြန်မြန်ပြန်လာပါ။ အဆင်ပြေပါစေ

ချမ်းမြေ့ရင် said...

ဘီလိုဖြစ်ရတာတုံး အပျိုကြီးရယ်၊ စာပြန်ရေးတာ စောင့်မျှော်နေမယ်။

rose said...

မမေ... နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ။ အချိန်လေး ရရင် စာတွေ ဆက်ရေးနော်။ သတိရနေမယ်။

Harry said...

မင်္ဂလာနှစ်သစ်မှာ ဇယမင်္ဂလာများစွာနဲ့ ပြည့်စုံပါစေ ... လို့ ဆုတောင်းရင်း မျှော်နေပါ့မယ် မမေ

ညီလင်းသစ် said...

နှုတ်ဆက်တယ်လို့ ဖတ်လိုက်ရတော့ ဒီနေ့ဟာ ဧပြီ ၁ ရက်နေ့လားလို့ အပြေးအလွှား စဉ်းစားလိုက်ရသေး တယ်၊ မဟုတ်ဘူး..၊ နှစ်မကူးခင် တစ်ရက်ဆိုတော့ ဒါဟာ နှစ်သစ် resolution များ ဖြစ်မလားလို့ တွေးမိ ပြန်ရော..၊ တကယ်တော့လည်း ရှည်ရှည်ဝေးဝေး တွေးနေစရာ မလိုပါဘူး၊ ဘလော့ဂ်တစ်ခုကို နားလိုက်ဖို့က အကြောင်းတွေ မရေတွက်နိုင်အောင် ရှိနေတာပဲ မဟုတ်လား၊ အဆင်ပြေတဲ့အခါ ပြန်လာခဲ့ပါ မမေဓာဝီ ရေ...၊ နှစ်သစ်မှာ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစွာနဲ့ ရည်မှန်း ချက်တွေ ပြီးမြောက်အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ...။

Anonymous said...

မမေ ရေ

ဘာအကြောင်းတွေများ ရှိနေလို့လည်း စိတ်မကောင်းလိုက်တာ

ပျော်ပျော်ပါးပါး နဲ့ ပြန်လည် တွေ့ဆုံကြမဲ့ အချိန်လေး ကိုစောင့်နေမယ်နော်

ချမ်းမြေ့ပါစေ
ရွှေစင်ဦး

အိမ့်ချမ်းမြေ့ said...

မလေးက နှစ်သစ်လာနှုတ်ဆက်တာ.. မမေဘလောဂ်ပိတ်တာနဲ့ တိုးနေတယ်ကွယ်..

အဆင်ပြေရင် ပြန်လာခဲ့နော်း(

မလေး

sonata-cantata said...

ပျော်ရွှင် ချမ်းမြေ့ပါစေ..မမေဓာဝီရေ
ပိတောက်နဲ့အတူ နှုတ်ဆက်သွားတဲ့
မမေဓာဝီကို ဘလော့ဂ်တနေရာက စောင့်မျှော်နေပါမယ်နော်...

မြစ်ကျိုးအင်း said...

စိတ်တွေ ကြည်လင်လာရင် ပြန်ခဲ့ပေါ့။
ဘလော့မရေးဖြစ်သေးရင်တော့ သတိတရတော့ ရှိနေမယ် ထင်ပါတယ်။
မကြာခင်မှာ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်။
အဆင်ပြေပါစေ။