Thursday, February 10, 2011

ဝဲ ပျောက်သွားတဲ့ ည

ဘလော့တခွင် ရွာစဉ်လည်ပတ် နှောက်ယှက်နေသော မယ်ဝဲ (Malware) ၏ ရိုက်ခတ်မှုကြောင့် မေဓာဝီလဲ အအိပ်ပျက်၊ စာကြည့်ပျက် ဖြစ်ခဲ့ရပါသည်။ ၀ဲ ဆိုသည့် အသံကြားလျှင် တင်ပါးအောင့်သလိုလို ပေါင်တန်းသလိုလို ယောင်ယမ်းကာ ငိုချင်မိသည်ကြောင့် ၀ဲသံကို အနည်းငယ်မျှ မကြားလို မနာလိုပါချေ။ အကြောင်းမူကား ငယ်စဉ်ကာလ ကလေးဘ၀အရွယ် ၀ဲကူးစက်ခြင်း ခံရခဲ့စဉ် ဦးရီးတော်က ဟောက်ဆာဂျင်ဘ၀ ဆေးထိုးအပ် လက်တည့်စမ်းချင် တပြင်ပြင်မို့ တင်ပါးလှန်၍ ပန္နဆလင် တပုလင်း တဆုံးသွင်းခြင်း ခံခဲ့ရသဖြင့် ပေါင်တန်းကာ တင်ပါးအောင့်သည့် အနှီအရသာကို ခံစားခဲ့ဖူးသည် တမုံ့။ သို့ဖြစ်ပါသောကြောင့် ၀ဲသံကြားလျှင် ဦးရီးတော်နှင့် ပန္နဆလင်ကို တွဲဖက်မြင်ယောင်ကာ ၀ဲကြောက်ရောဂါ ဖြစ်နေရှာသည့် မေဓာဝီ ခမျာမှာ ဘလော့ထဲ ၀င်စွဲနေသော မယ်ဝဲကြောင့် ပို့စ်ကို ဖြုတ်ရမလို ကွန်မန့်တွေကို ဖျက်ရမလို တောင်တောင်အီအီ အတွေးများနှင့် စိတ်ညစ်ညူးခဲ့ရပေ၏။ သို့သော် ၀ဲတိုက်ဖျက်ရေးအတွက် စေတနာထား၍ စွမ်းစွမ်းတမံ အသိပညာ ရှယ်ယာလုပ်ပေးကြသူများကြောင့် ဘလော့ထဲစွဲနေသည့် မယ်ဝဲကို မအိပ်မနေ ချေမှုန်းရေးစီမံကိန်း တရပ် ညတွင်းချင်း ရေးဆွဲခဲ့လေသည်။

ဤသို့ဖြင့် ငြိမ်သက်နေသည့် ဘလော့ရေပြင်ကို ဆိုးဝါးစွာ နှောက်ယှက်လာသော ထိုမယ်ဝဲအား အပြုတ်တိုက် ချေမှုန်းပြီး သကာလ အောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ကဗျာတပုဒ် ရေးရန် စိတ်ကူးမိ၏။ ၀ဲပျောက်သည့် အထိမ်းအမှတ်ကဗျာသည် ၀ဲရိုက် ၀ဲသွင်း ကဗျာ အမျိုးအစားတော့ လုံးဝမဖြစ်စေရ ဟု ဆုံးဖြတ်သည်။ ၀ဲကို ရိုက်ထုတ်လိုသော်လဲ မည်သည့်အကြောင်းကြောင့်မှ ထိုဝဲအား ပြန်မသွင်းလိုတော့ပါ။ ထို့ကြောင့် ရောက်တတ်ရာရာ အောက်ပါ ကဗျာတပုဒ်ကို ကလောင်အစုတ် ကလေးဖြင့် ဖြစ်ညှစ်ကာ ရေးခြစ်လိုက်ရပါတော့သည်။

သြော် ... ၀ဲ ... ၀ဲ ... ၀ဲဆိုသည့် ၀ဲကား မည်သည့်ဝဲမှ မကောင်းပါချေ။ လေထဲက ၀ဲလဲ မကောင်း၊ ရေထဲက ၀ဲလဲ မကောင်း၊ အင်တာနက် စာမျက်နှာထက်က ၀ဲလဲ မကောင်း၊ သံသရာ ၀ဲသြဃသည်ကား အဆိုးတကာ့ အဆိုးဆုံး ဖြစ်ချေတော့သည် တကား။
***
ဝဲ ပျောက်သွားတဲ့ ည

ဟိုရှေ့က ဆူဆူညံ
ဘာသံလဲမေး
အလိုဗျာ ဘလော့ထဲ
မယ်ဝဲတဲ့ လေး … ။

မယ်ဝဲကွယ့် ဒီရောဂါ
ကူးမြန်လှတာ၊
လင့်ခ်တွေမှာ
ပါလာတဲ့ မယ်ဝဲ
ဘလော့မှာ သူလာစွဲ
ဆိုးလှလို့ပဲ။

မယ်ဝဲဆို ဘယ်လိုများ
ဖယ်ရှားမလဲ ကွယ်တို့ရေ
ပြောပြပါလေ၊
သိချင်နေ ဒီမှာလေ ဖြေထား
စေတနာ ဗလပွရယ်နဲ့
ဝေငှသူများ။

မေဓာဝီ ဘလော့မှာ
ဝဲကင်းကြောင်း ထောက်ခံစာ
ဟော့ဒီမှာပါ >>>>>>>>
ယုံကြည်ပါ ဘလော့ဂါအများ
အဖန်ဖန် ပြန်ကာစစ်ပေသမို့
သန့်ရှင်းလို့သွား။

လှပတဲ့ ကမ္ဘာမြေ
ဝဲရန်စွယ် ကာကွယ်ပေး
အေးချမ်းပါစေ၊
သံသရာ မြန်စွာလေ မနှေး
လွတ်ကင်းအောင် ရှောင်ခွါပြေး
ဝဲ ကင်းဖို့လေး ... ။ ... ။
***
မေဓာဝီ
၁၀၊ ၀၂၊ ၂၀၁၁
၂၂း၄၉

12 comments:

ကိုကိုမောင် (ပန်းရနံ့) said...

ဟိုအထက်က ပူညံပူညံ
ဘာသံလဲ မေး၊
မမေဓာ သေချာလှုပ်တယ်
ဝဲကုတ်သံလေး။

ဝဲကုတ်တဲ့ ထိုရသာ
ကောင်းချက်က နာ၊
ငယ်စဉ်က
ရလာတဲ့ ထိုဝဲ
မေဓာမှာ ခါခါနွှဲ
သဲထိအောင် စွဲ။

ဟဲ ဟဲ ဟဲ ဟဲ ဟဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

မမေ.. ငယ်ငယ်က မှတ်ဘူးတဲ့ ၀ဲ ပျောက်ဆေးတစ်လတ် ပေးလိုက်ပါတယ်....

ဝဲပျောက်ချင်ပါက
ပဲနောက်ပင် ပြာချ။
ဖေစံတနည်းရဲ့ ကိန်း၊
ရေနံချေးနဲ့ လိမ်း...တဲ့ဗျား။
ဝဲ ရှိသူများ ၀ဲ ကင်းကြစေသော်...
အတော်ဆိုးတဲ့ ၀ဲ..
မေ နဲ့ မောင် ဝေး အောင်လုပ်တယ်..
ဆိုး လိုက်တဲ့ ၀ဲ..

(မောင်ကြီး)

အင်္ဂါမောင် said...

မမေဓာရဲ့ ၀ဲပို့စ်ကို ဖတ်ရင်း အင်္ဂါမောင်တို့ ရွာမှာ ညဘက် အပျိုတွေ မောင်းထောင်းတဲ့အခါ သီဆိုအော်ဟစ်ကြတဲ့ မောင်းထောင်းသီချင်းတွေကို အမှတ်ရမိတယ်။
ကောင်းပါ့ ကောင်းပါ့ ကောင်းပါ့။ တော်လိုက်တာ။ ။

Maung Myo said...

အဟား....၀ဲကြောင့်စိတ်ညစ်နေတာ အစ်မ ပို့စ်ဖတ်ပြီး ရယ်နေရတယ် ကျနော်လည်း ၀ဲပျောက်ပြီးး)

သက်ဝေ said...

မေ့ ကဗျာလေး ဖတ်ပြီး စိတ်ရှုပ်တဲ့ကြားက ပြုံးရပါတယ်...
အမ ဘလော့ဂ်လဲ အခုလောလောဆယ်တော့ သန့်ရှင်းသွားပြီ... ဒါပေမယ့် နေ့တိုင်းတော့ စစ်ကြည့်နေမှနဲ့တူတယ်နော်...

Anonymous said...

ဝဲကုတ်ကြတဲ့ည
အိပ်ရေးလဲပျက်တယ် အဟုတ်တကယ်
အချစ်၊ ချောင်းဆိုးခြင်းနဲ့ ၀ဲယားခြင်းက အောင့်မရဘူးပြောတယ်
အမှန်ဘဲလား ကြီးမေရေ
ခန္ဓာရှိတော့ ခန္ဓာ့ဒုက္ခ
ဘလော့ရှိတော့ ဘလော့ဒုက္ခ
အင်းးးးးအင်းးး ဒုက္ခ ဒုက္ခ
ဝဲသြဂ ဒုက္ခအပေါင်း ကင်းကြပါစေကုန်။

ခင်မင်စွာဖြင့်
seesein

မြစ်ကျိုးအင်း said...

ဒီကဗျာက ဝဲကုတ်ရင်း အဲ.. ဝဲဖြုတ်ရင်း ရေးတဲ့ကဗျာပေါ့။ ခုမှ ပြုံးနိင်တော့တယ်။
မနေ့ကတနေ့လုံး အဲဒါနဲ့ အချိန်ကုန်သွားတာ။

ညီလင်းသစ် said...

ဝမ်းသာပါတယ် မမေဓာဝီရေ...၊ ကျနော်လည်း မနေ့က တညလုံး ပင်နင်ဆလင်နဲ့ နှစ်ပါးသွားပဲ..၊

မနက် ၂ နာရီမှ အိပ်ရလို့ အခုတော့ ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ဖြစ်နေတယ်...။ :)

ကိုအောင်(ပျူနိုင်ငံ) said...

မယ်ဝဲ ပျောက်သွားတယ်ကြားရလို့ ၀မ်းသာတယ်ဗျို့ ...

သားသားသန့် said...

ကောင်းပါတယ်ဗျာ...
ပျော်ရွှင်ပါစေ

သစ်နက်ဆူး said...

ညီမမေ..
ဘလော့ဂ်လေးသန့် ရှင်းပြီးပိုးကင်းသွားတဲ့ အတွက်
ဝမ်းသာပါတယ်..
ကိုယ့်မှာတော့...း)

နူရာဝဲစွဲ လဲရာသူခိုးထောင်းပေါ့...

အခုဘလော့ဂ်အသစ်လေးတခုတော့ လုပ်ထားတယ်.. လာလည်ပါဦး

သစ်နက်ဆူး

နေ၀သန် said...

း)).. ကဗျာဥာဏ်ကတော့ ချီးကျူပါတယ်... ထွက်လည်းထွက်တတ်ပါ့..း)))

ခင်မင်တဲ့
နေ၀သန်