Friday, December 31, 2010

၂၀၁၀ ကို နှုတ်ဆက်ခြင်း

နှုတ်ဆက်တယ် နှစ်ထောင့်တဆယ် …

မဟုတ်မဟတ် အမှားတွေနဲ့
အရှုပ်အယှက် စကားတွေကြားမှာ
ခင်တွယ်ရင်း ကျင်လည်ခဲ့
ငါ့ရဲ့ နှစ်ထောင့်တဆယ်
တကယ်တော့ ခဏလေး … ။

ခဏလေးပေမဲ့
ဝေးခဲ့ကြတဲ့ ဘ၀လေးတွေကြောင့်

အတွေးချဲ့ရတဲ့ ညလေးတွေ
တာရှည်ခဲ့ရပါသေးတယ် …
ကွယ် … ခုတော့ …
နေရစ်တော့ နှစ်ထောင့်တဆယ်။

လရိပ်မှာ ခိုဝင်
ကြယ်စင်ကို သီခူး
မြစ်ယံဦးမှာလဲ
ကြည်နူးခဲ့ဖူးပြီ … နှစ်ထောင့်တဆယ်။

ရွက်ခြောက်ကိုနင်း
ခွဲခွါခြင်းတေးကိုဆို
တကိုယ်စာ ဘ၀ကြမ်းကိုပဲ
ခပ်ရဲရဲ လှမ်းပါရစေ … နှစ်ထောင့်တဆယ်။

မျက်ရည်နဲ့ အပြုံး
အမုန်းနဲ့ အချစ်
အညစ်နဲ့ အဖြူ
အပူနဲ့ အအေးတို့ပမာ
ဝေးကွာခြင်းများစွာဖြစ်
အပြစ်တွေ ရှိသေးရင်လဲ
ခွင့်လွှတ်တော့ နှစ်ထောင့်တဆယ်။

နှစ်ထောင့်တဆယ်ရဲ့ အိပ်မက်တွေဟာ
ချိုသလိုနဲ့ ခါးသက် … ဒါပေမဲ့ စွဲမက်ခဲ့တယ်။

နှစ်ထောင့်တဆယ်ရဲ့ လရောင်ဟာ
မှိန်သလိုနဲ့ လင်းလက် … ပြိုးပြက်လှပခဲ့ရတယ်။

နှစ်ထောင့်တဆယ်ရဲ့ ညညတွေမှာ
ခဏခဏလန့်နိုး … အိပ်စက်ခြင်းကို ခိုးခံခဲ့ရတယ်။

နှစ်ထောင့်တဆယ်ရဲ့ အရိပ်တွေ …
နှစ်ထောင့်တဆယ်ရဲ့ အဆိပ်ရည် …
နှစ်ထောင့်တဆယ်ရဲ့ အတိတ်တွေ …
ရစ်ပတ်ခြုံသိုင်း
မုန်တိုင်းအသေးစားလို
ရင်ကို တိုက်စားခဲ့ …
… … … … … … …
… … … … … … …
… … … … … … …
ဒီလိုနဲ့ … တစစ
နှစ်ထောင့်တဆယ်က ကျန်ရစ်
နှစ်ထောင့်ဆယ့်တစ်ကို ကြိုသူတွေကြားမှာ …
ငါ … ငိုရမလား နှစ်ထောင့်တဆယ် … ။

တကယ်တမ်းက ...
နှစ်ထောင့်တဆယ်ဟာ မာယာမဲ့တယ်၊
ကိုယ်တိုင်ကလဲ ...
နှစ်ထောင့်တဆယ်မှာ သာယာခဲ့တယ်၊
ကဗျာတွေဖွဲ့ … ဇာတွေမချဲ့ချင်ပေမဲ့
စာနာတယ်ဆိုတဲ့ စကားတခွန်းနဲ့သာ
နှုတ်ဆက်လိုက်ပါတယ် …
နေခဲ့တော့ … နှစ်ထောင့်တဆယ်။
***
မေဓာဝီ
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၀
၀၀း၀၁ နာရီ

(ချစ်သော ၂၀၁၀ သို့)

16 comments:

သူကြီးမင်း (တုံးဖလား) said...

အကောင်အထည်မပြနိုင်ပေမဲ့
နှစ်ထောင်တစ်ဆယ်က လှပခဲ့ပါတယ်။

ရက်စက်စွာတော့ မနှုတ်ဆက်လိုက်ပါနဲ့
(သူက) တပ်မက်စွာ ကုတ်ကပ်နေခဲ့ရရှာတာပါ။

နှစ်သစ်ရောက်တိုင်း
နှစ်ဟောင်းကို မှောက်ထားကြမယ်ဆိုရင်
နှစ်ဟောင်းရဲ့ အမှန်တရားတွေ
နှစ်ဟောင်းရဲ့ ကံတရားတွေ
နှစ်ဟောင်းရဲ့ အမှန်စကားတွေ..

အားလုံးအားလုံးကို အားနာဖို့ကောင်းပါတယ်။

ဒါကြောင့်...
နှစ်ဟောင်းကိုဆွယ်
နှစ်သစ်ကို တွယ်ပြီး
နှစ်ဟောင်း နေမကွယ်ခင်
ကွယ်....စနစ်ကောင်းလေး စကြစို့လား.....

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေရတုမှတ်တမ်း said...

၃ ဂဏန်း ၂၀၁၀ ဟာ ..ဘကျောက်ဘဝမှာ အင်မတန်မှကံဆိုးတဲ့နှစ်လို့ ပြန်စဉ်းစားမိလို့ ဝမ်းမြောက်ဝမ်းသာနှတ်ဆက်လိုက်ပါတယ်..
စီးပွားရေးအလုပ်အကိုင်တွေ..အဆင်မပြေ..(ခရက်ဒစ်ကဒ်မှာ အကြွေးအပြည့်)
ကျန်းမာရေးက အထူးညံ့...
မတော်တဆမှုတွေဖြစ်(ဖေဖေါ်ဝါရီလက snow ၃၂ လက္မကျပြီး၊ တခါ တရက်ခြား..၁၈ လက္မ ကျတဲ့ နှင်းမုန်တိုင်းမှာ ကားဂျောက်ထဲထိုးကျတာ..သေလုမျောပါးပါပဲ)
ကိုင်း....ဒီတော့ ၂၀၁၀ ရေ..သွားပေတော့...မစဉ်းစားနဲ့...သွားပေတော့...

. said...

Happy New Year.. :)

Anonymous said...

ကြီးမေရေ
နှုတ်ဆက်ကြ ခွဲခွာကြနဲ့ အလုပ်ဖြစ်နေလိုက်ကြတာ ကဗျာဆရာတွေ စာရေးသူတွေအတွက်တော့
သက္ကရာဇ်တွေကို အမျိုးမျိုးပြောဆို
သူ့အလိုလိုနေတဲ့ ကိန်းဂဏန်းတစ်ခုဟာ
ကိန်းဂဏန်းတစ်ခုပါဗျာ
သက္ကရာဇ်တစ်ခုနဲ့ တစ်ခုကြား
ချစ်ခြင်း မုန်းခြင်း
ရယ်မောခြင်း ငိုကြွေးခြင်း
ဖြစ်တည်ခြင်း ပျောက်ဆုံးခြင်း
အဆုံးမသတ်နိုင်တဲ့ ခံစားမှုပေါင်းများစွာနဲ့
နှုတ်ဆက်လို့ ကြိုဆိုပါတယ်
၂၀၁၁ ရယ်။


ကြိးမေရေ ၂၀၁၁ မှာ စိတ်နှလုံး ကြည်လင်ချမ်းမြေ့ပြီး အစစအရာရာ အဆင်ပြေပါစေ။

ခင်မင်စွာဖြင့်
seesein

သိင်္ဂါကျော် said...

ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေ...

Maung Myo said...

မမေ ရဲ့ ၂၀၁၁ ကိုမျက်နှာသစ်ပေးလိုက်တဲ့ ကဗျာလေးကကောင်းပါ့ ။

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ

ကုန်လွန်ခဲ့တဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို နှစ်ဟောင်းမှာ ချန်ခဲ့ပြီး နှစ်သစ်မှာ စိတ်ချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

နှစ်သစ်ကို အသစ်တွေနဲ့ ကြိုဆိုကြမယ် မမေရေ...
မမေလည်း နှစ်သစ်မှာ ကြည်လင်ရွှင်လန်းပါစေ..
နေ့ရက်တိုင်း စိတ်ချမ်းမြေ့ပါစေ..
ပျော်ရွှင်ကြည်နူးနိုင်ပါစေ.. ဆန္ဒအားလုံးပြည့်ပါစေနော်

ဧပရယ်လ်ပူး@ပူးတေ said...

မမမေရဲ့ ကဗျာလေးတွေ အားလုံးလိုလို ကြိုက်မိတယ်... ကဗျာအရေးကောင်းတဲ့ မမမေဆီက ပူးတေအတွက် နှစ်သစ်ကူးလက်ဆောင် ကဗျာလေး လက်ဆောင်တောင်းမှထင်တယ်... ဟိဟိ

မမရေ Happy New Year နော်....

ခင်မင်စွာဖြင့်

ညီမ ပူးတေ

sosegado said...

နှစ်ထောင့်တစ်ဆယ် ကို ထားရစ်ခဲ့ပါပြီ၊ ထားခဲ့သင့်တယ်မဟုတ်လား၊
WISH YOU A HAPPY NEW YEAR

PAUK said...

မမေဓါဝီ
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..။

အဖြူရောင်နတ်သမီး said...

Happy New Year....

ကိုအောင် said...

ကဗျာရော အတွေးရော ကောင်းတယ် မမေရေ။

တန်ခူး said...

ကောင်းသောနှစ်သစ်ပါမေရေ... တို့ ညီမတွေ အတွေးတွေတိုက်ဆိုင်လိုက်တာမေရယ်... အမလဲ ညက ကဗျာလေးတပုဒ်နဲ့ ၂၀၁၀ကို နှုတ်ဆက်မိသေးတယ်... နှစ်ဟောင်းတနှစ်(သို့ ) ဘ၀ရဲ့တစိတ်တဒေသကိုဖွင့်ဟပြတဲ့ မေ့အတွေး မေ့အရေးလေးနဲ့ အတူ လက်ပြနုတ်ဆက်လိုက်တယ် ၂၀၁၀... မေ့ဘ၀အတွက် အောင်မြင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာတဲ့ ၂၀၁၁ဖြစ်ပါစေလို့ ...

Anonymous said...

၂၀၁၀ လိုပဲ ၂၀၁၁ မှာလည်း သာယာပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ..။ ငြိမ်းချမ်းသော နှစ်သစ်ဖြစ်ပါစေ..

နွေတေးရှင် (မင်းဧရာ) said...

အစ်မရေ...
အစ်မရဲ့ ကဗျာလေးတွေကို ဖတ်ရတော့
ကျွန်တော်ရေးခဲ့သမျှ ကဗျာလို့ အမည်တပ်ရမှာတောင်
ရှက်မိတယ်ဗျာ။