Tuesday, December 21, 2010

စာဆိုစစ်သည်

“အဖေ … သင်ပေါင်းရိုးရှည်ဆိုပြ …”

ငယ်ငယ်တုန်းက အဖေ့ကို အဲဒီလို ခဏခဏ ပူဆာခဲ့ဖူးတယ်။ “သင်ပေါင်းရိုးရှည် ရတု” အစချီတဲ့ စာဆိုစစ်သည် သီချင်းကို အဖေဆိုဆိုနေတာ ကြားပြီး သဘောကျခဲ့တယ်။ ရတုပိုင်ရှင် ဘယ်သူ၊ မူရင်းအဆိုရှင် ဘယ်သူဆိုတာ အဲဒီတုန်းကတော့ သေချာမသိခဲ့ဘူး။ အဖေ့စာအုပ်ဗီရို မွှေနှောက်ဖတ်တတ်တဲ့ အရွယ်ရောက်မှ ရတုပေါင်းချုပ် စာအုပ်တအုပ်ထဲမှာ အဲဒီရတုလေး အမှတ်တမဲ့ ဖတ်ခဲ့ဖူးလိုက်တယ်။ ဒါပေမဲ့လဲ နတ်သျှင်နောင်လား န၀ဒေးလား ခပ်ရောရောနဲ့ မေ့သွားခဲ့ပြန်ရော။ ကျမက ရေဒီယိုသီချင်းတွေလဲ သိပ်နားထောင်လေ့ မရှိတာမို့ အဲဒီသီချင်းကို အဖေဆိုတာက လွဲပြီး ဘယ်မှာမှ မကြားဖူးခဲ့ဘူး။

ဖိုရမ်တွေထဲ ကျင်လည်ချိန်ရောက်မှ နေးတစ်မြန်မာ ဖိုရမ်ထဲကနေ မြန်မာသီချင်းကြီးတွေ တင်ပေးသလောက် အကုန် ဒေါင်းလုတ်ယူရင်း ဒီသီချင်းလေးကို ရလိုက်တယ်။ အဆိုရှင်က စန္ဒယားထွန်းညွန့် တဲ့။ အင်မတန် နားထောင်လို့ ကောင်းတဲ့ သီချင်းလေးပါပဲ။ အဖေ့ကို သီချင်းဆိုပြပါဆိုပြီး ပူဆာလို့ မရနိုင်တဲ့ အဖေနဲ့ အဝေးကြီးကို သွားရမယ်ဆိုတော့ ဒေါင်းလုတ်ထားတဲ့ မြန်မာသီချင်းကြီးတွေအားလုံး တပါတည်း ယူလာခဲ့ပါတယ်။ အဖေ့ကို သတိရတိုင်း အထပ်ထပ် နားထောင်ဖြစ်တဲ့ သီချင်းလေး တပုဒ် ဆိုပါတော့။

လွမ်းတိုင်း အဲဒီသီချင်းကို နားထောင်ဖြစ်ပြန်တော့ တဆင့်တက်ပြီး စာဆိုစစ်သည်ရဲ့ ရတုကိုပါ ဖတ်ချင်လာတယ်။ အဖေ့ကိုလဲ ဟိုစာအုပ် ရှာပေးပါ၊ ဒီစာအုပ် ပို့ပေးပါနဲ့ ခဏခဏ ပူဆာရတာများတော့ ထပ်ပြီး မပူဆာချင်တော့ဘူး။ (ဒါတောင် မနေ့ကပဲ ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ စာအုပ်ပို့ပေးဖို့ ပူဆာထားပါသေးတယ်။) ဒါနဲ့ပဲ မြန်မာကဗျာတွေ နှံ့စပ်ပြီး စာအုပ်တွေလဲ တော်တော်စုံတဲ့ ကိုဟယ်ရီကို မေးကြည့်တော့ န၀ဒေးကြီး ရေးတဲ့ ရတုလို့ပြောပြပြီး မနှစ်ကတည်းက ကျမဆီ ပို့ပေးထားတယ်။ ကျမကလဲ အကြောင်းတိုက်ဆိုင်ရင် ဘလော့မှာ တင်မယ်လို့ တေးမှတ်ထားခဲ့တယ်။

ဒီနေ့ နတ်တော်လပြည့် စာဆိုတော်နေ့မို့ ကျမနှစ်သက်စွဲလမ်းခဲ့ရတဲ့ စာဆိုရှင်ရဲ့ ရတုနဲ့ ဒီသီချင်းလေးကို အမှတ်တရအဖြစ် တင်လိုက်တာပါ။ ၀ါသနာပါရင် ရတုလေးဖတ်ပြီး သီချင်းလေး နားထောင်သွားကြပါအုံး။
***
ရတုအမှတ် (၁၁၄) ကျေးစေရတု

၁။ လျင်ကြောင်းကျိုးရည်၊ ဘက်စံရှည်၍့၊ မျိုးစည်မဝေး၊ မဟော်ကျေးနှင့်၊ ဘိုးဘေးမိဘ၊ တကွနေမှတ်၊ ငွေတောင်ထွတ်ဝယ်၊ ရံပတ်ရွေများ၊ ရွှင်ပျော်ပါး၍့၊ ဘုန်းအားနောင့်မှာ၊ ရောက်ပေလှာသည်၊ ရုပ်ဝါမြဆင်း၊ ကျေးမျာ့းမင်း ...၊ သက်နှင်းစုဝေ၊ မယ်တို့နေသည်၊ ရွှေမြေအောင်မျှို့၊ နန်းရပ်သို့လျှင်၊ ပျံတို့ချေလေး၊ မဖင့်နှေးနှင့်၊ ညီကျေးယုံနေ၊ သည်နှစ် နွေကို၊ တင်စေအကြောင်း၊ မရောက်တောင်းသည်။ ။ သင်ပေါင်းရိုးရှည် ပွင့်တကား။

၂။ သင်ပေါင်းရိုးရှည်၊ ခိုင်မြောက်စည်၍့၊ အမည်ခေါ်မှန်း၊ နိမိတ်ပန်းနှင့်၊ လန်းလန်းရောက်အောင်၊ လှထွတ်ခေါင်ကို၊ ကျေးမောင်ယူချေ၊ ဆက်ပို့လေလော့၊ ဆောင်းနွေပြန်ခါ၊ အတာနှစ်ဦး၊ လ တန်ခူးကို၊ ပိုက်ကြူးရွှေရင်၊ ရဝေခွင်ဝယ်၊ နွှဲလျှင်လမည်၊ မှာသည်ယုယ၊ ရွှေခွန်းကလည်း၊ များလှမဝေး၊ ခေါ်မေးရုံသာ၊ တောင်လက်ယာက၊ ရံကာမစ၊ ထိန်းယရွေပေါင်း၊ ခနေညောင်းသည်။ ။ ရှင်နှောင်းမျိုးမည် မြင့်တကား။

၃။ ရှင်နှောင်းမျိုးမည်၊ မြင့်လှသည်သို့၊ နေခြည်မ၀င်၊ ရောက်လေလျှင်သော်၊ သဘင်ထွတ်ကြိုက်၊ နှစ်ခြိုက်ရွှင်ပျော်၊ မယ်တော် ဘမင်း၊ သားချင်းကစ၊ ထိန်းယရံစောင်၊ လှထွတ်ခေါင်ကို၊ လက်ဆောင်ပန်းခက်၊ ကျွန်ုပ်ဆက်၍့၊ ချန်ဝှက်မထား၊ မှာသည်များကို၊ လျှောက်ကြားပေလျှင်၊ ပျံ့ရွှင်လိုလို၊ နောင့်ကိုရည်လျက်၊ လှူဘို့ဆက်သည်၊ အထက်စူဠာ၊ စွယ်လက်ယာကို၊ ရှိကြာစုံပေါင်း၊ လျင်ဆုတောင်းသည်။ ။ ကြင်ကြောင်းကျိုးသည် ခွင့်တကား။

န၀ဒေးကြီး
***
သီချင်း (ဆို - စန္ဒယားထွန်းညွန့်)


ဘယ်လောက်ကောင်းတဲ့ သီချင်းနဲ့ ရတုကဗျာလဲ … ။ ဒီနေ့အဖို့တော့ လပြည့်နေ့ပေမဲ့ ဥပုသ်မစောင့်ဖြစ်ဘဲ ဒီရတုနဲ့ သီချင်းကိုသာ အထပ်ထပ် ဖတ်နေမိ နားထောင်နေမိတော့တာပဲ။
***
ဆရာတော်မာဂဓီ (သာစည်) ရေးတဲ့ အခါတော်နေ့များ စာအုပ် ဖတ်ကြည့်တော့ ဒီနေ့ကို ဓမ္မစာဆိုတော်များနေ့လို့ သတ်မှတ်ထားတာ တွေ့ရပြီး အနန္တသူရိယအမတ်ကြီး ရဲ့ မျက်ဖြေလင်္ကာ၊ စတုရင်္ဂဗလ အမတ်ကြီး ရဲ့ လောကနီတိ၊ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာဆရာတော်၊ ဆရာတော်ဦးဗုဓ်၊ သင်္ဂဇာဆရာတော်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်နဲ့ တိပိဋကတ် ဆရာတော်ဦးဝိစိတ္တတို့ရဲ့ ဆုံးမစာတွေကို အကျဉ်းချုံး ဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက် စာဆိုပညာရှင်တွေ စာဆိုဆရာတော်တွေဟာ လောက ဓမ္မ နှစ်ဌာန အကျိုးအတွက် ရွက်ဆောင် သယ်ပိုးခဲ့ကြတယ်။ ဒါကြောင့်လဲ နှစ်တွေ ဘယ်လောက်ကြာကြာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မမေ့ကောင်းတဲ့ စာတွေအဖြစ် ကျန်ရစ်နေခဲ့ကြတာ မဟုတ်လား။ သူတို့ရေးတဲ့ စာတွေနဲ့ မွေ့လျော် ကြီးပြင်းခဲ့ကြတဲ့ ကျမတို့လဲ ဒီစာတွေ ပျောက်ကွယ် တိမ်ကော မသွားစေဖို့နဲ့ ဒီစာတွေကို လူအများ မြတ်နိုးတန်ဖိုးထားတတ်စေဖို့ တတ်နိုင်သလောက် ကြိုးစားရပါအုံးမယ်။
***
မေဓာဝီ
၂၁၊ ၁၂၊ ၂၀၁၀
(နတ်တော်လပြည့်နေ့)
၁၇း၃၀ နာရီ

ဤစာစုလေးဖြင့် ခေတ်အဆက်ဆက် မြန်မာစာဆိုများအား လေးစားစွာ ဂါရ၀ပြုပါ၏။

16 comments:

သူကြီးမင်း (တုံးဖလား) said...

ဒီလို သီချင်းနှင့်ရတုကိုတော့ သဉ္ဇာဗွေပေါ်မှာ စောင်ကြီးခြုံကာ ကွေးကွေးပြီး မှေးမှေးကြီး နားထောင်ဖို့ ကောင်းလှပါတယ်။

နှောင်းအတိတ်က ဟောင်းအရိပ်တွေကို ကောင်းနိမိတ်ဖြစ်ထွန်းစေဖို့ လောင်းသိပ်ရေးလိုက်သည်.. သောင်းထိပ်က ကြားစေသတည်း ပေါ့။ ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုအောင် said...

စာဆိုတဲ့ စစ်သည်တွေ များလာပါစေလို့ပဲ
ဆုတောင်းမိပါတယ်ဗျာ ....

rose said...

ရို့စ် မသိတဲ့ ရတု၊ သီချင်းတွေ အကြောင်း လေ့လာသွားပါတယ် အစ်မရေ...။ ဗပာုသုတတွေ ရသွားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သီချင်းကြီးတွေ နားမထောင်ဖူးဘူး။

Anonymous said...

နားထောင်လို့တော့ မရဘူး စာတော့ ဖတ်သွားတယ် မမေဓါဝီရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကြီးမေရေ
ကြီးမေပြောပြမှဘဲ စစတို့တော့ သိတော့တာဗျ
ကျေးဇူးအထူးတင်ရှိပါတယ်
နောက်လဲများများပြောပြပေါ့ အဖေ့ကိုနားဂျီကျလို့မရပေမယ့် ကြီးမေကို နားပူတိုက်တော့မယ်လို့စိတ်ကူးတာဘဲ
ခင်မင်တဲ့
seesein

နေ၀သန် said...

အိုး.. ဗဟုသုတကြွယ်ဝသလို လေ့လာမှုလည်းအားကောင်းတယ်ဗျာ.. လေးစားပါတယ်...း)))


ခင်မင်တဲ့
နေ၀သန်

sosegado said...

ရတုကဗျာကိုပိုကြိုက်ပါသည်၊ သီချင်းကနှဲသံကိုမကြိုက်ပါ။

Unknown said...

အထူးကျေးဇူးတင်ပါတယ်။

သားသားသန့် said...

မမမေမေ..သား
နားထောင်သွားတယ်နော်...သားကငယ်လို့ပဲလား
ဗဟုသုတအားနည်းလို့လားမသိဘူး..
အဓိပ္ပါယ်ကိုမနည်းစဉ်စားနေရတယ်...
ဟဲ.....ဥပုသ်လေးတော့စောင့်ပါအုံးမမမေ...

မမမေမေရဲ့ သားသားသန့်

သုခုမလေဒီ said...

အဲဒီဖက်မှာတော့ လေ့လာမှုအားနည်းတယ်..သိပ်မသိခဲ့ဘူး..ခုလိုသိခွင့်ရတာကျေးဇူးပါ..

မိုးယံ said...

ဖတ်လဲဖတ်တယ်. နားလဲထောင်တယ်.. သူဂျီးမြင်းရဲ့ ရတုပါ ကြိုက်သွားတယ်..

သီချင်းဟောင်းတွေ နားဆင်ခွင့်ရတာ ကျေးကျေးပါ အစ်မရေ...

မြစ်ကျိုးအင်း said...

ဒီလိုမျိုး စာမျက်နာထက်မှာ တင်လိုက်တော့ တကယ်လိုချင်သူ ရှာနေသူအတွက် နေရာတခု တိုးသွားရလို့ ကောင်းပါတယ်။

အိမ့်ချမ်းမြေ့ said...

ဝေမျှတာ ကျေးဇူးပါ မမေ။

ဒီလိုစာမျိုးတွေဟာ တန်ဘိုးထားလက်ဆင့်ကမ်းရမယ့် အရာတွေပါပဲ။

ချမ်းမြေ့ရင် said...

နားထောင်လို့ကောင်းလိုက်တာ အသံအရမ်းကြည်ပါတယ်။

ကိုကြီးပေါ် said...

ညီမလေး ဒေါ်မေဓာဝီ
စာဆိုတော်နေ့က နတ်တော်လဆန်း ၁ ရက်နေ့ပါ။ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်နေ့လို့ သတ်မှတ်တာကတော့ အခု နောက်ပိုင်းမှ ပေါ်လာတာ ထင်ပါတယ်။
စာဆိုစစ်သည် သီချင်းဟာ အလွန်ကောင်းပါတယ်။ ရေးသူက မင်းယုနိုင် ပါ။
မြန်မာသီချင်းထဲမှာ ရတုညှပ်ထားတဲ့ စစ်သည်သီချင်းတွေထဲက နောက်ထပ် အထင်ကရ နှစ်ပုဒ် ရှိသေးတယ်။ နတ်သျှင်နောင် နဲ့ ချစ်ရတုထံတျာ။ အဲဒီ သုံးပုဒ်ကို ယှဉ်ပြီး နားထောင်လေ့လာကြည့်ရင် အရသာပိုတွေ့လိမ့်မယ်။
နားထောင်ပြီးတော့ စာထပ်ရေးဖို့ တိုက်တွန်းပါတယ်။

Unknown said...

နောက်…
တွံတေးသိန်းတန်ရဲ့ အရွယ်ကျော့ချစ်သူ