Monday, September 06, 2010

စိုးနဲ့ မေ ...

(က)


ဟိုတောင်မှာ ညိုရောင်မှိုင်းလို့
အုံ့ဆိုင်းကာ မုန်တိုင်းဆင်
ဂျိုးဂျိမ့်ဟန်ပြင်။
လျှပ်စီးရှင် အာကာခွင်ဖုံး
ချုန်းထစ်ရွာ ဒေ၀ါညှိုးရင်
မေ စိုးကာ ပုန်း။

စိုးနဲ့မေရယ် …
မိုးသက်လေ ရွာစွေပက်ရင်
မောင်ဖက်ကာ ကွယ်ပါ့မယ်။
ဒေ၀ါရယ် … နေပါကွယ့် အဝေး
မေလေးခင် ပူပင်အေးအောင်
မောင် ထွေးကာပေး။


(ခ)


ဖြူနီဝါ ရောင်စုံနှောတဲ့
ဟောဟိုက ဥယျာဉ်မှာ
ပန်းများဝေဆာ။
ပန်းမာလာ လှမ်းကာပေါ့ မေ ချိုး
ရိုးတံမှာ ဆူးချွန်မြရယ်ကြောင့်
မေ ရှမှာစိုး။

စိုးနဲ့မေခင် …
ပျိုးဥယျာဉ် နှင်းဆီနန်းသို့
မောင် မြန်းလို့ ၀င်။
ဆူးကိုထွင် မေ့ဆံပင်ထက်
ပန်းတော်ဝင် နှင်းဆီခက်ကို
မောင် လှမ်းကာဆက်။

(ဂ)


သံသရာ ရေယာဉ်ကြောမှာ
မျောပါတဲ့ မောင်နဲ့မယ်
နီးဖို့ကိုရွယ်။
နောင်ခါဝယ် မောင်ဟာဘယ်ဘဝ
မယ်နဲ့သာ မဆုံရမှာ
စိုးလှသည်ပ။

စိုးနဲ့ မေရာ …
ဒါန သီလာနဲ့ ဘာဝနာ မှန်စွာပွါးပါလို့
အားထုတ်စို့ကွာ။
သံသရာ မှန်ပါရဲ့ဒီခရီး
ပါရမီ အတူဖြည့်ရင်ဖြင့်
မယ်နဲ့ မောင် နီး … ။
***
မေဓာဝီ
၂၃၊ သြဂုတ်၊ ၂၀၁၀
၁၀း၃၀ နာရီ

ဖြည့်စွက်ချက်။ ... ။ ဒီကဗျာက မိန်းကလေးနဲ့ ယောက်ျားလေး တလှည့်စီ ပြောထားတဲ့ ပုံစံ ရေးထားတာပါ။ အစိမ်းရောင်ခြယ်ထားတဲ့ ပထမပိုဒ်တိုင်းက မိန်းကလေးပြောတာ ဖြစ်ပြီး အ၀ါရောင်ခြယ်တဲ့ စာပိုဒ်တွေက ယောက်ျားလေး ပြောတာပါ။ ထိုနည်းတူစွာ မောင်နဲ့ မေ ဆိုတာကလည်း အမျိုးသား နဲ့ အမျိုးသမီး (တွေ) ကို ကိုယ်စားပြုတာပါ။ အမည်တွင် မေ ပါသော မည်သူ့ကိုမှ မရည်ရွယ်ပါ။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ်လည်း ရည်ရွယ်တာ မဟုတ်ကြောင်းပါ။ ကဗျာတပုဒ် အနေဖြင့်သာ ရေးထားခြင်းဖြစ်ပါကြောင်း ထပ်လောင်း ဖြည့်စွက် အပ်ပါသည်။

14 comments:

သူကြီးမင်း (တုံးဖလား) said...

(သူခိုးနှင့်တစ္ဆေ)

ဟိုချောင်မှာ ပျိုမောင်မြန်းသမို့
လာလမ်းကို မျှော်မှန်းချင်
ခိုးဖို့သာပြင်။

ညဥ့်ငှက်ရှင် ဟစ်ကာကြွေး
တစ္ဆေကောင် ကိုယ်ယောင်ပြရင်
ကြောက်လှတယ်လေး။

ကြောက်နဲ့ မေရယ်...
တစ္ဆေသာ တကယ်ခြောက်ရင်
မောင်မြှောက်ကာ ချီပါ့မယ်။

တစ္ဆေရယ်.. စေပါကွဲ့ မနှေး
မေလေးသာ အော်ကာဟစ်ရအောင်
မောင်ပစ်ခါပြေး။

ဟေး ဟေး ဟေး....။


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.

ရွှေရတုမှတ်တမ်း said...

မောင်ထွေးကာပေး...ဆိုလို့ ကွမ်းသွေးထွေးပေးတာ ဘာလုပ်ဖို့လဲ....

Anonymous said...

သြ ဖြစ်ရလေ ကိုကြီးကျောက် ရယ် ထွေး ဆို ကွမ်းသွေးလောက် သိတာ တနားတယ် ဟားဟားးး

မမေဓါဝီ နဲ့ ကိုကိုမောင် တို့ ရဲ့ ကဗျာ တွေ ဖတ်ရတာ ကောင်းတယ်ဗျာ.. ပညာများပြိုင်နေလေရော သလား ...

ကိုကိုလေး ရဲ့ မှော်ဆရာ မှတ်တမ်း ထဲက ဆရာကြီး နဲ့ မောင်အေး (ထင်တယ်) ကိုသတိရတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

စိုးနဲ့မေ တဲ့လား အခုတလော ဘလော့ဂါတွေ ကျန်းမာရေး မကောင်းကြလွန်းလို့ စိုးရိမ်တယ်ဗျာ
ကျန်းမာရေးကောင်းရင် ဘာလုပ်လုပ်း)
အထင်တော်မလွဲလိုက်ပါနဲ့ ရေးချင်တဲ့စာတွေ ရေးနိုင်သလို စားချင်တဲ့အစားတွေ စားလို့ရသလို တရား ဘာဝနာ အားထုတ်ဖို့ကလည်း ကျန်းမာရေးကောင်းပါမှလေး)

မေရှမှာစိုးလို့ မောင်ထွေးကာပေး
မောင် လှမ်းကာဆက်မှ ဘိုးတော်က အော်သေး။
စိုးလှသည်ပ မယ်နဲ့မောင်နီးဖို့ အရေး။

ခင်မင်တဲ့
seesein

Ko Min Htet said...

ဘယ်သူ့များ စောင်းပြီးရေးထားလဲမှတ်တယ်။

ကိုအောင် said...

စိုးနဲ့မေ မိုးနဲ့မြေလို မဝေးပါစေနဲ့ ...း)

မေဓာဝီ said...

ဟိုးအပေါ်ဆုံးက လူပြိုကြီး ၂ ယောက် ... သူတို့လုပ်တာနဲ့ သူများကဗျာလေးတော့ ပျက်စီးပါပြီ။ ခံစားချက်ကို မရှိကြဘူး။ ဟွန်းးးးး
မရွှေစင်ပြောသလိုပဲ ဘကျောက်ကြီးက ထွေး ဆို ကွမ်းသွေးလောက်သိတာ ထင်ပါရဲ့။

အရီးလေးစည်းစိမ်ရေ .. စိတ်မပူနဲ့ ကြီးမေက လူကတော့ ဒေါင်ဒေါင်မြည် ကျန်းမာတယ်။ စိတ်သာ သိပ်မကျန်းမာတာ။ ဒါကြောင့် ကဗျာတွေချည်း ရေးနေမိတာ။

ကိုမင်းထက်ရေ ... ဘယ်သူ့ကိုမှလဲ စောင်းမရေးရပါဘူးရှင်။ တမျိုးထင်မှာစိုးလို့ ဖြည့်စွက်ချက် ရေးထားပါတယ်။

ကိုအောင် ... ဆုတောင်းတာတော့ ကျေးဇူးတင်ပါတယ်။ သို့သော် .... အပေါ်မှာပြောတဲ့အတိုင်းပါပဲ။

အားလုံးပဲ လာဖတ်ကြတာ ကျေးဇူးပါရှင်။ :)

သူကြီးမင်း (တုံးဖလား) said...

လူပျိုစစ်စစ်၊ လွန်ပျိုမျှစ်ပြီး
ရရစ်မပြို၊ ယပင့်ပျိုသည့်၊
ကိုကိုမောင်ဟာ၊ ကျွန်ုပ်ပါတည်း၊
မေဓာစိတ်ထဲ၊ မှတ်မလွဲနဲ့၊
ငရဲကြီးလိမ့်မယ်။ :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကိုမောင်တို့လည်း ကဗျာစပ်တော့ အလွန်တော်.
မမေ ဘယ်လိုစပ်စပ် သူရအောင် ပြန်ဖျက်နိုင်တယ်
ဒါကြောင့်လည်သူဂျီးဖြစ်တာ နေမယ်..
ကဗျာလေးက တကယ့် ခံစားချက်သာဆိုရင် ချစ်သူ၂ယောက်အတွက် ကြည်နူးစရာနော်...

သိင်္ဂါကျော် said...

ငွေတာရီ တို့ခေတ်က ကဗျာမျိုးလေးပဲ.. ဒီလို ကြည်ကြည်နူးနူး ကဗျာမျိုး မဖတ်ရတာ ကြာပေါ့..။

Mhu Darye said...

မမေ.. ချစ်စရာ ဒီကဗျာ..မြူးမြူးကြွကြွ..မြိုင်မြိုင်ဆိုင်ဆိုင်လေးနော်..။
လာဖတ်ခဲ့သည်း)

မြစ်ကျိုးအင်း said...

ကုလား သီချင်းတွေလို သူတလှည့် ကိုယ်တလှည့် ဆိုကြတာမျိုးပေါ့နော်း)

(သူ့ကဗျာလေး ကုလားသီချင်းထဲ ရောက်သွားလို့ ဒေါ်ကြီးမေ စိတ်မဆိုးနဲ့ )

ဒီလိုရေးတတ်တာမျိုးကိုက တော်ချက်ပါဗျာ
(နဲနဲတော့ ပြန်ဖားရသေးတယ်)

Harry said...

အချိုးတွဲလေးတွေ ဖတ်ရလို့ ဝမ်းသာတယ် မမေရေ ... အကြောင်းအရာရော၊ အရေးအဖွဲ့ရော ... ရှယ်ပဲ

Harry said...

ဒီတခါ အကုန်လုံး တြိချိုးအတွဲတွေချည်းပဲ ရေးထားတာကိုး ...
တြိချိုးအတွဲက ရှားသလို ရေးဖို့လည်း ခက်တယ်။ ကာရန်လည်းကိုက်၊ (အထူးသဖြင့် ကာရန်ပြန်ပေါ့) လေယူလေထားလည်းမှန်၊ သဒ္ဒါလင်္ကာရရော၊ အတ္ထာလင်္ကာရရော ပြောစရာမရှိ သမို့ ...
ထောမနာအတိပါဗျား ...