Thursday, July 15, 2010

မြိန်ရာဟင်းကောင်း

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း … တဲ့။
တခါတခါ ဘာမဟုတ်တဲ့ ဟင်းကလေးတွေက ထမင်းကို မြိန်စေတယ်။ ကျမကတော့ ကြက်သား ၀က်သားလို သားကြီး ငါးကြီးလဲ သိပ်မကြိုက်လှပါဘူး။ ငါးသေး ငါးမွှား၊ ငါးခြောက် ငါးခြမ်းတို့ ဘာတို့ ထွေလီကာလီ စားရတာ ပိုနှစ်သက်တယ်။ ဒါနဲ့ ဒီကနေ့မနက် ဦးရီးတော် အလုပ်သွားတုန်း ဗီရိုဖွင့်ပြီး ဘာချက်ရင် ကောင်းမလဲ လိုက်ရှာတော့ မြန်မာပြည်က ပို့ထားတဲ့ ငါးနီတူခြောက်တထုပ် တွေ့တယ်။ ဘယ်တုန်းက ပို့ထားလဲတော့ မသိ၊ အထုပ်မှာ တံဆိပ်လဲမပါ၊ ရက်လွန်နေ့စွဲလဲ မပါဘူး၊ ဒါပေမဲ့ မြန်မာအစားအစာ အိပ်စပါယာ မရှိလို့ သဘောထားပြီး ရဲရဲဝံ့ဝံ့ ချက်စားဖို့ ဆုံးဖြတ်လိုက်တယ်။
ငါးခြောက်တွေကို အထုပ်ဖောက် ဗန်းထဲထည့်ပြီး အမှုန်အမွှားလေး ဘာလေးဖယ်လိုက်တယ်။
အကုန်ချက်ရင် များနေမယ် ထင်လို့ လက်တဆုပ်လောက် ကြော်ဖို့ ဖယ်ပြီး ကျန်တာကို ရေစိမ်ထားပါတယ်။
လက်တဆုပ် ကြော်မယ့် ငါးခြောက်အတွက်တော့ ကြက်သွန်ဖြူလေး နည်းနည်း လှီးပြီး အရင်ကြော်၊ ပြီးမှ ငါးခြောက်ထည့် မွှေလိုက်တာပဲ။ ငါးခြောက်ကို မီးအေးအေးနဲ့ စိတ်ရှည်ရှည် ကြော်ရပါတယ်။ မီးပြင်းတိုက်ရင် ငါးခြောက်တူးပြီး ကျက်မှာ မဟုတ်ဘူး (ထင်တာပဲ)။

ကြော်ရင်း မြည်းရင်းနဲ့ မီးဖိုပေါ်ကလဲ ချရော ငါးခြောက်က တော်တော်လေး နည်းနေပြီ။ ငါးခြောက်တမျိုးထဲကို ကြော်လဲကြော် ချက်လဲချက်တော့ ဟင်း နှစ်ခွက်ဖြစ်သွားတာပေါ့။ ဟင်းခွက်များအောင် ပွါးတဲ့နည်း။ :)
ငါးခြောက်ဟင်း အတွက် ထည့်ရမယ့် အခြေခံလိုအပ်ချက် လေးတွေ။

ဟင်းကတော့ ကိုယ့်ထက် အားလုံးက ချက်တတ်ပြီးသားမို့ ချက်နည်း အဆင့်ဆင့် ရေးမနေတော့ပါဘူး။ ငါးခြောက်နဲ့ဆို ဘာဟင်းရည်နဲ့ လိုက်ဖက်မလဲ စဉ်းစားတော့ ပဲနီလေး ... လို့ ခေါင်းထဲက ပေါ်လာတယ်။ မြန်တယ် လွယ်တယ် သောက်လို့လဲ ကောင်းတယ်။ ပဲကိုရေဆေး၊ ချင်း ကြက်သွန်ဖြူ အပြားလေးတွေလှီးပြီး ဆီနည်းနည်း နနွင်းမှုန့်နည်းနည်းနဲ့ မီးပေါ်တင် ခဏမွှေ၊ နောက်မှ ရေထည့်ပြီး တမေ့တမော တည်ထားလိုက်တာပဲ။ ပဲနူးမှ ဆားထည့် မြည်းကြည့်၊ အိုကေရင် မီးပေါ်ကချ။ ဘယ်လောက် လွယ်သလဲ။ ကျက်သွားပြီ တခွက်။

ပဲဟင်း ငါးခြောက် နှစ်မျိုးထဲ သိပ်မနိပ်သေးဘူး။ ငရုတ်သီးဆားထောင်းလေးနဲ့ဆို ပိုကောင်းမယ်၊ မစားရတာလဲ ကြာပြီ။ ဒါနဲ့ ကြက်သွန်ဖြူ သုံးမွှာလောက်ရယ် ဆားကလေးနဲ့ လှော်ထားပြီး ဗူးထဲ ထည့် သိမ်းထားတဲ့ ငရုတ်သီးအကြမ်းမှုန့် ၂ ဇွန်း ၃ ဇွန်းလောက် ရောထည့် ငရုတ်ဆုံနဲ့ ထောင်းလိုက်တယ်။ ငရုတ်ဆုံ ကပ်နေတာလေး ယူပြီး မြည်းကြည့်တော့ မဆိုးဘူး၊ စပ်သားပဲ။ အစပ်က ထမင်းကို မြိန်စေတယ် မဟုတ်လား။

ခရမ်းသီးနှပ် မနေ့ကချက်ထားတာ ရေခဲသေတ္တာထဲ ရှိသေးတယ်။ အဲဒါလေးပါထုတ်ပြီး နောက်ဆုံးအနေနဲ့ စားပွဲပေါ် ခင်းကျင်း ပြင်ဆင်လိုက်ပါတယ်။ ကဲ ... ဒီကနေ့အတွက် ဟင်းလျာကတော့ ဤမျှပါပဲ။ ဟင်းအားလုံး ကျက်မှ သတိရတယ် ဦးရီးတော်က ဒီည ဒင်နာရှိလို့ ညစာမစားဘူးတဲ့။ မြိန်ရာဟင်းကောင်းလေးကို ဒီနေ့တော့ တယောက်ထဲ စားရတော့မှာပေါ့။
မှတ်ချက်။ ... ။ ရှယ်မဟုတ်လို့ ဟင်းခွက်တွေမှာ ဇွန်းမတပ်ထားတာပါ။ လက်နဲ့တော့ မနှိုက်ကြနဲ့ပေါ့။ ပြီးတော့ နည်းနည်းလေး ချက်ထားတာမို့ မြည်းရုံ မြည်းကြည့်ကြပါ၊ အ၀စားချင် မရွှေစင်ဆီသွား။

23 comments:

:P said...

ငါးနီတူကို ချက်မစားဖူးသေးဘူး၊ ကြော်စားတယ်၊ သုတ်တာ စားဖူးတယ်.. စားကောင်းမယ့်ပုံပဲ...

သက်ဝေ said...

ငါးနီတူခြောက်ကို ကြော်ပဲစားဖူးတာ...
ဟင်းလိုချက် မစားဖြစ်ဖူး..
အခုလို မေ ချက်ပြတော့လဲ စားချင်စရာလေးနော်...
ပဲနီလေးဟင်းချိုနဲ့လိုက်တယ်...
မြိန်ရာဟင်းကောင်းလေးစားပြီး အေးအေးဆေးဆေး စာရေးပေါ့ မေရဲ့...

နေ၀သန် said...

ညအိပ်ခါနီးနော်.. ဗိုက်ဆာလာပြီ... ဟင့်...း)))


ခင်မင်တဲ့
နေ၀သန်

သူကြီးမင်း (တုံးဖလား) said...

အတော်ဘဲ တကယ့် စားသောက်ပွဲကြီးနဲ့ လာကြုံတယ်။ အားရပါးရလွေးပစ်လိုက်ဦးမယ်းဝ)

ကိုအောင် said...

ဟင်းချက်နည်း တစ်ခုပေါ့။

Anonymous said...

ထမင်းစားဖိတ်လို့ လာစားပါတယ်ဗျာ ငါးခြောက်ဟင်း နဲ့ ညားနေပါတယ်

ဧည့်သည်ဆိုတော့ စားရမှာပေါ့ တခွက်က ကြော် တခွက်ကချက် ဒါကြီးပါလားဗျာ

ခရမ်းသီးနှပ်ကလေးကတော့ ရှယ်ဘဲ ငရုပ်သီးဆားထောင်း လေးလည်း ကောင်းပါတယ် ပဲနီလေး ဟင်းရည်လေး က ရှောရှောရှုရှု ဝင်အောင် တွန်းအားပေးပါတယ် မမေဓါဝီ ရေ

ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကြီးမေ
အမင်းလာစားတယ် စည်းစိမ်အကြိုက်တွေကြီးဘဲ ကျေးဇုးပါ စည်းစိမ်က ဒီလိုငါးသေးသေးလေးတွေ ခဏခဏကြော်စားတယ် အစပ်ကြော်စားတာများတယ် ချဉ်ရေဟင်းနဲ့လဲ လိုက်တယ် ထမင်းစားဖိတ်လို့ကျေးဇူးတင်ပါတယ်

ခင်မင်ရင်းနှီးစွာဖြင့်
seesein

khin oo may said...

စုဖတ်သွားသည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
ငါးနီတူခြောက်ကို သုပ်စားလို့လဲရတယ် စားဖူးလားမသိဘူး.. ငါးနီတူခြောက်ကို ရေဆေး ခြောက်အောင်လှော်ပြီး ငါးရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ဆားအချိုမှုန့်၊ သံပုရာသီးညှစ် နယ်လိုက်ရင်ကောင်းမှကောင်းဘဲ..
ဒါနဲ့ အစ်မပြောတဲ့ ရှမ်းရေညှိဆိုတာ ဘယ်လိုမျိုးပါလိမ့်.. မစားဖူးဘူးအစ်မရယ်။ အခေါ်အဝေါ်များ လွဲနေတာလား မသိဘူးနော်..ညီမလဲရှမ်းအစားအစာတော်တော်များများ စားဖုးပါတယ်.. ရှမ်းရေညှိကို မသိဘူးဖြစ်နေတယ်..

သိင်္ဂါကျော် said...

အဆောင်ဟင်းလေးလိုပဲ.. သားကြီးငါးကြီး မပါပေမယ့် ဒါမျိုးလေးတွေလည်း စားကောင်းတာပဲ.

မေဓာဝီ said...

ငါးနီတူခြောက်ကို သုတ်မစားဖူးဘူး။ ဒီလိုမှန်းသိ ၃ ပုံခွဲပြီး အသုတ်တမျိုး လုပ်စားပါတယ်။ ဟင်းခွက်ပွါးအောင်။ ဟီး :D
သုတ်နည်းလေး ပြောပြတဲ့ ချောကို ကျေးဇူးတင်ပါတယ်။ ရှမ်းရေညှိဆိုတာက ရေညှိပြင်လုပ်တဲ့ အချိန်မှာ ငရုတ်သီးတို့ ပဲပုပ်တို့ ထည့်ထောင်းပြီး လုပ်ထားတာ ဆိုပဲ။ ရေညှိချပ်လေးကို မီးကင် ဆီနည်းနည်း သုတ်ပြီး စားကြတယ်။ ထမင်းနဲ့လဲ ကပ်စားတယ်။ အမေ့အကိုရဲ့ မိန်းမက ရှမ်းလူမျိုးဆိုတော့ သူရှမ်းပြည်က ပြန်လာရင် ယူယူလာတယ်။ ခုတော့ မစားရတာ ကြာပါပြီ။

မရွှေစင်က ငါးခြောက်မကြိုက်ဖူးထင်တယ်။ သားကြီး ငါးကြီးပဲ တွယ်နေကျမို့လား မသိဘူး။ ဟွန်း မြိန်ရာဟင်းကောင်းပါဆိုနေမှ။ ဂျီးမများပါနဲ့ အမကြီးရယ် ... နောက်ဆို ငါးခြောက် ၃ မျိုး လုပ်ကျွေးမယ်နော်။ မစည်းစိမ်ကမှ လိမ်မာသေးတယ်။ :)

မှတ်ချက်ပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟင်းမလောက်လို့ ကုန်သွားရင် မရွှေစင်ဆီကြွကြပါ။

စူးနွယ်လေး said...

ချက်စားတာလည်းကောင်းတယ်..အိမ်မှာတော့ကြက်သွန် မြိတ်တွေအများကြီးအုပ်ပြီးချက်တယ်...ခရမ်းသီးနှပ်လေးလည်းစားချင်စရာလေး..ဟင်းတွေလိုက်တယ်..အစပ် တော့မစားနိုင်ဘူး

Anonymous said...

ဒီလို ဟင်းလေးတွေ စားချင်နေတာ..မမေရေ့
ငရုတ်သီးဆားထောင်း အစားချင်ဆုံးပဲ..
ပဲဟင်းနဲ့ လိုက်မှလိုက်..
ချက်တတ်လိုက်တာနော်..
သူများက ဂဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာ..
ဒီမှာက ငါးခြောက်တစ်မျိုးနဲ့ ဟင်းနှစ်ခွက်ရအောင် ချက်နေတယ်။။

ပေါက်


ငရုတ်သီးဆားထောင်း စမ်းလုပ်ကြည့်အုန်းမယ်..။

Anonymous said...

အမကလဲ ..ငါးခြောက်တမျိုးတည်းကိုတပြိုင်တည်း..ချက်တယ်။နောက်နေ့ဆိုတော်သေး..စားဘူး...စားဘူး


ဒါပေမဲ့ စားကောင်းမဲ့ပုံပါ။
ငါးခြောက်ကို ဟင်းချက်တာကြိုက်ဘူး။

ဂျီးများသူ မြတ်နိုး

Anonymous said...

ငါးနီတူကို အကြော်နဲ့ အသုပ်ပဲစားဖူးတယ်။ ချက်တာ မစားဖူးဘူးအမ။ ရုံးက ပြန်ရောက်ခါစ အမဘလော့ကို ၀င်မိတာ ပိုဗိုက်ဆာသွားပြီ အမရေ။ ဟင်းလေးတွေက စားချင်စရာလေးတွေး)

ဂျမ်း

An Asian Tour Operator said...

ငနီတူ လိုငါးသေးသေးလေး တွေကို မလေးတွေ ကချက်စားပါတယ်။ ငပိချက် နဲ့ခပ်ဆင်ဆင်တူ ပါတယ်။ တနည်းက ဒညင်းသီးစိမ်း အနုလေးတွေ နဲ့ချက်တာပါပဲ။ အားလုံးစားလို့ကောင်းပါတယ်။ ကျနော် ကတော့ ငနီတူသုပ် ကို အရမ်းကြိုက်ပါတယ် (မြည်းလို့ကောင်းလို့ပါ) :P

မြစ်ကျိုးအင်း said...

မကြည်ဝင်းသားလေးလည်း လာမြည်းပါတယ်း)

ကိုလူထွေး said...

ဇွမ်းတပ်မထားတော့လည်း ဇလုံထဲကို ဒီအတိုင်း လောင်းထည့်ပြီး အကုန်တွယ်ရတာပ...

းဝ)

Anonymous said...

ဒင်နာစားတယ်ဆိုတော့ ဦးရီးတော်ဆိုတာ ဘုန်းကြီး မဟုတ်ဘူးပေါ့...

ထင်ထားတာ နဲနဲ လွဲသွားတယ်...

းဝ)

သစ်သစ် said...

မမရေ ငနီတူတအားကြိုက်တယ် ပန်းကန်လိုက်မသွားပြီနော်....ဟိ

SHWE ZIN U said...

မမေဓါဝီ ရေ

ဟင်းတမျိုးကို ၂ခွက် ရအောင် ချက်ကြွေးတာ အိမ်ရှင် က ပညာသုံး သွားတယ် လို့ထင်တယ်

အပေါ်က AATO ပြောသွားသလို မြည်းကောင်းတယ် ဆိုတဲ့ ငါးနီတူ လေး ကို နောက်တခါ သုတ်ကြွေးရင်တော့ ပိုကောင်းမှာပါ

ဒါပေမဲ့ ဒီတခါ တော့ ဂဲတလုံးနဲ့ ငှက်သုံးကောင် တော့ မထု နဲ့ဗျို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

~ဏီလင်းညို~ said...

မမေရေ.......

နောက်ကျမှလာလို့........ပန်းကန်ဆေးပြီးပျံသွားပါသည်......။
တံမြက်စည်းလည်း လှဲပေးသွားတယ်နော်ဗျ.....။
(သုပ်တာ အနော်ခဏခဏစားဖူးတယ်....။ မချောပြောသလိုပဲ....။ သူငယ်ချင်းတစ်ယောက် သုပ်သုပ်ကျွေးလို့...။ ခုတော့...မြန်မာပြည်ပြန်သွားရှာပြီ.....။)
နောက်တစ်ခါ.......စောစောလာမှပါဗျာ.......း((

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

စုချစ် said...

သူများလဲ ဒီနေ့ ခရမ်းသီးနှပ်နဲ့ ငါးကြင်းကြော်... ထမင်းဗူး စားနေရင်း မမေဟင်းတွေ သတိရလာလို့ လာမန့်ပါသည်...
း-)