အားလေးနည်းနည်း စိုက်ပြီး ညှစ်ဦးမှ ကဲ … အာ … ထွက်ခါနီးမှ တကယ်ပဲ …
ကိုင်းဟာ … ဒီတခါ နောက်ဆုံး … လာလေရော့ … အင့် …
((((( ဟင် ))))) ပြုတ်ကျသွားပြီ ……… :(
***
လွန်ခဲ့သော တလခန့် မနက်ခင်း တခင်း၊ ရေချိုးခန်းတွင်းက အဖြစ်အပျက် တခုပါ။ တခြားတော့ မဟုတ်ပါဘူး၊ ပိန်ကပ်ရှုံ့တွနေတဲ့ သွားတိုက်ဆေးဗူးထဲက သွားတိုက်ဆေး အနည်းငယ် ထွက်လာရေး အားကြိုးမာန်တက် ညှစ်ထုတ်နေတာ ဖြစ်ပါတယ်။ ကုန်လုလု သွားတိုက်ဆေးဗူးကို လွှင့်ပစ်ရမှာလဲ နှမြောတော့ ရသလောက်ကလေး ကြိုစားပမ်းစား ညှစ်ကြရတဲ့ အဖြစ်အပျက်မျိုးကို ကြုံဖူးကြမလားတော့ မသိဘူး။ ကျမတော့ ငယ်ငယ်တုန်းက မကြာခဏ ကြုံခဲ့ဖူးတယ်။ သွားတိုက်ဆေးဗူး ကုန်ခါနီးရင် အမေက တော်တော်နဲ့ အသစ်ထုတ်မပေးဘူး။ အသစ်ထုတ်လိုက်ရင် အဟောင်းကို ကုန်အောင် မသုံးကြတော့ဘဲ အသစ်ကိုပဲ အလွယ်တကူ သုံးကြတာမို့ ညှစ်လို့ မထွက်နိုင်လောက်အောင် ပြားချပ်ပြီး ကုန်လုလု ဖြစ်သွားမှ အသစ်ဗူးကို ထုတ်ပေးပါတော့တယ်။ ကျမတို့လဲ အသစ်မရမချင်း ဗူးဟောင်းကို ဆေးပုလင်းနဲ့ လှိမ့်ပြီး ညှစ်လိုညှစ်၊ သနပ်ခါးတုံးနဲ့ ဖိပြီး ညှစ်လိုညှစ် လုပ်ခဲ့ကြရတာပေါ့။ အဲဒီတုန်းက သုံးခဲ့ဖူးတဲ့ မြန်မာပြည်တွင်းဖြစ် ပက်(ပ်)ဆိုးဒန့် သွားတိုက်ဆေးဗူးလေးတွေကို ပြန်ပြောင်း အောက်မေ့မိရင်း ဆရာဇော်ဂျီရဲ့ ကဗျာလေးက ခေါင်းထဲကို မဆီမဆိုင် ရောက်လာတယ်။
ဒါနဲ့ပဲ ကျမလဲ ဆရာဇော်ဂျီရဲ့ အပ်နဖားကဗျာကို အတုခိုးပြီး "သွားတိုက်ဆေး" ဆိုတဲ့ ကဗျာတပုဒ် စိတ်ကူးထဲမှာ ရေးလိုက်တယ်။
"သွားတိုက်ဆေး"
ပဲနိဝိုက်စ်ကို တွေးမိတော့ တချိန်တုန်းက သိကျွမ်းဝင်ခဲ့ဖူးသူ တယောက်အကြောင်း ခေါင်းထဲ ရောက်လာပြန်ပါတယ်။ အဲဒီလူက ပေသီး ခေါ် သူရိန် ခေါ် အောင်သပြေတဲ့။ သူက တရုတ်လူမျိုး၊ ကပ်စေးနည်းလွန်းလို့ အဖေက သူ့ကို ပေသီးလို့ နာမည်ပေးထားတယ်။ သူက မျက်နှာသစ် ဆပ်ပြာခရင်မ်ဗူး ကုန်သွားရင် ကပ်ကျေးနဲ့ ထက်ပိုင်းဖြတ်ပြီး လက်ညှိုးနဲ့ ကလော်သုံးတာ။ ကျမဖြင့် အံ့သြရော၊ ငယ်ငယ်တုန်းကသာ သွားတိုက်ဆေးကို ပုလင်းနဲ့လှိမ့်ပြီး ညှစ်သုံးဖူးတာ၊ သူ့လိုတော့ ကပ်ကျေးနဲ့ဖြတ်ပြီး တခါမှ မလုပ်ဖူးဘူးကိုး။ ကျမအံ့သြပေမဲ့ သူကတော့ ခပ်အေးအေးပဲ၊
“လေးငါးခါလောက်တော့ သစ်လို့ရသေးတယ်ဟ” လို့ ပြောပါတယ်။
အဲဒီလိုသာ ကပ်စေးနည်းတာပါ၊ သုံးတဲ့နေရာကျတော့လဲ အသုံးသားပဲ။ သူကြိုက်တဲ့ သီချင်းစီဒီတို့ ဘာတို့ဆိုရင် လက်မနှေးဘူး ၀ယ်တာပဲ။ တခါတုန်းက အိမ်နီးနားချင်း မိသားတစုလဲ အဲဒီလိုပဲ။ မနက်မိုးလင်းရင် သွားတိုက်တံလေးတွေ ကိုင်ပြီး သွားတိုက်ဆေး လာချေးကြတယ်။ ဆေးလိပ်သောက်ခါနီး မီးခြစ်မရှိလို့ ဘုရားမီးပူဇော်ဖို့ ထားတဲ့ မီးခြစ်ကို လာငှားကြတယ်။ သွားတိုက်ဆေးတဗူး၊ မီးခြစ်တလုံး မ၀ယ်နိုင်လောက်အောင် ချို့တဲ့ကြတာလဲ မဟုတ်၊ စားသောက် သုံးစွဲနေကြတာ မြင်နေရတာပဲ။ အဲဒီလို မဟုတ်တဲ့နေရာ ချွေတာပြီး တခြားနေရာမှာ သုံးဖြုန်းနေတတ်တဲ့ လူတွေနဲ့ ကြုံရင် ကျမတို့က penny wise, pound foolish လို့ တီးတိုးတီးတိုး သဖန်းပိုး ပြောလေ့ရှိတယ်။
အဘိုးလေး ပြောပြဖူးတာ ရှိသေးတယ်၊ သူ့မိတ်ဆွေ ခပ်ကြီးကြီးပိုင်းထဲက လူကြီးတယောက် ဆိုပါတော့။ သူ့အိမ်သွားရင်တောင် လုံခြုံရေးအထပ်ထပ်ကို ဖြတ်ပြီးသွားရတာမျိုး။ အဘိုးလေးနဲ့ ငယ်သူငယ်ချင်းဆိုတော့ တပတ်တခါလောက် တရားဆွေးနွေးကြရင်း ထမင်းအတူ စားကြတယ်တဲ့။ တခါတော့ ထမင်းစားသောက်ပြီး အဘိုးလေးက သွားကြားညပ်လို့ သွားကြားထိုးတံ ရှိလားမေးတော့ အဲဒီလူကြီးက second hand လေးတော့ ရှိတယ်ကွလို့ ပြောသတဲ့။ သွားကြားထိုးတံတောင် second hand ပြန်သုံးတယ်ဆိုတော့ အံ့သြကုန်နိုင်ဖွယ် ပဲနိဝိုက်စ်ပေပဲလို့ တွေးမိပါရဲ့။
တခြားသူတွေရဲ့ ပဲနိဝိုက်စ်တွေ တွေးနေရင်း မနက်စောစောစီးစီး သွားတိုက်ဆေးဗူး ခြေကန်ညှစ်နေတဲ့ ကျမကိုယ်တိုင်ရော ပဲနိဝိုက်လား မ၀ိုက်လား ပြန်လည် သုံးသပ်ကြည့်မိတယ်။
အင်း … ကျမကတော့ …
… … … … … … … … …
… … … … … … … … …
… … … … … … … … …
ဟုတ်ကဲ့ ...
တနှစ်တခါ ကျောင်းလခနဲ့ အထွေထွေ အသုံးစရိတ်အဖြစ် ဦးရီးတော်ပေးတဲ့ ထောင်နဲ့ချီတဲ့ စတာလင်ပေါင်တွေကိုလဲ ၀ိုက်ပါတယ်။
တလတခါ မုန့်ဖိုး ပဲဖိုးအနေနဲ့ ကျမအမပေးတဲ့ ၂၀၀ မျိုး ၃၀၀ မျိုး ပဲနိလေးတွေကိုလဲ ၀ိုက်ပါတယ်။ (ငွေပမာဏ နည်းလို့ ပဲနိလို့ တင်စားလိုက်တာပါ၊ အမ ဖတ်မိရင် စိတ်ဆိုးပြီး နောက်မပေးတော့ရင် ဒုက္ခ)
ဒါကြောင့် … ကျမကတော့ ပဲနိလဲဝိုက်တယ်၊ ပေါင်လဲဝိုက်တယ် … ကဲ ... မကောင်းဘူးလား ... ကိုယ့်ဟာနဲ့ကိုယ်တော့ အဆင်ကိုပြေလို့။
***
မေဓာဝီ