Thursday, August 06, 2009

ဥပုသ်ထွက် မနက်စာ ...

မနေ့က ဥပုသ်စောင့်တာမို့ ညဘက် စောစော အိပ်ဖြစ်တော့ မနက်အစောကြီး နိုးနေပြီး အိပ်ရာက မထခင် ဥပုသ်ထွက် ဘာစားရင် ကောင်းမလဲ စဉ်းစားမိတယ်။ အမေ့အိမ်မှာ ဆိုရင်တော့ နောက်တနေ့ ဥပုသ်ထွက်မယ်ဆိုရင် အမေက ညကတည်းက ဘာစားချင်လဲ မေးပြီး စီစဉ်ထားပေးနေကျ။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ် စားချင်သလား၊ ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ အကြော်၊ ထမင်းကြော်၊ ထမင်းဖြူနဲ့ ပဲပြုတ်၊ ငါးခြောက်ကြော် … စားချင်သလား၊ ဒါမှမဟုတ်လဲ ပဲ နံပြား၊ ပဲ အီကြာ၊ ပဲ ပလာတာ … စားချင်သလား … စသဖြင့်ပေါ့ … ကိုယ်စားချင်တာလေး စဉ်းစားပြီး ပါးစပ်က ရွတ်လိုက်ရုံပဲ။ အမေက စိတ်တိုင်းကျ စီစဉ်ပေးလေ့ရှိတယ်။

အမေစီစဉ်ပေးတာ မစားချင်သေးဘူးဆိုရင်လဲ အဖေနဲ့အတူ လက်ဖက်ရည် ဆိုင်တွေ သွားပြီး ကိုယ့်စိတ်ကြိုက် စားနိုင်ပါသေးတယ်။ နီးနီးနားနား မော်ဒန်က လက်ဖက်ရည်နဲ့ ဆမူဆာ သွားစားမလား၊ လပ်ကီးဆဲဗင်းမှာ ပဲပြုတ်နဲ့ ထမင်းဖြူကို ဆတ်ခြောက်မွှ လေးနဲ့ စားမလား၊ စိတ်တိုင်းကျမှာ ဆိတ်စွပ်နဲ့ နံပြား သွားစားမလား … (အဟမ်း … ရေးရင်းနဲ့ သွားရည်တောင် ကျမိပေါ့။ လွမ်းမိပါသည် … မြန်မာပြည်။) သားအဖနှစ်ယောက် လက်တွဲလို့ လက်ဖက်ရည်ဆိုင်ထဲ သွားနေကျ။

အခုတော့ အိပ်ရာထဲမှာ နှပ်နေရင်း စားချင်တွေ လျှောက်တွေးပြီး ဘာစားရမလဲ စဉ်းစား နေမိတယ်။ ဥပုသ်ထွက် ဆိုတော့ကာ ကောင်းကောင်းစားရမယ်လေ။ မနေ့က တနပ်တိတိ အဆာခံထားတာ မဟုတ်လား။ :D စဉ်းစားရင်း မှေးခနဲ ပြန်အိပ်ပျော်သွားတုန်း အမေစီစဉ် ပေးတာလေး စားလိုက် အဖေနဲ့ လက်ဖက်ရည်ဆိုင် လျှောက်သွားလိုက် အိပ်မက်တွေတောင် မက်နေလိုက် သေးတယ်။ နောက်မှ မဖြစ်သေးပါဘူး … ကိုယ်စားဖို့ ကိုယ့်ဟာကိုယ် လုပ်မှပါပဲ ဆိုပြီး ကမန်းကတန်း အိပ်ရာထ မျက်နှာမသစ်ခင် ဘလော့ကလေး ၀င်ကြည့်ပြီး ဟိုတနေ့က ကိုလူထွေးရေးထားတဲ့ နံနက်စာ ကဗျာလေးကို ပြန်ဖတ်မိတယ်။
***
ကိုလူထွေး ဖိတ်တဲ့ နံနက်စာ

အကိုလူထွေး၊ နံနက်တေးဆို
Tea ချိုချိုနဲ့၊ အိုကွယ်စုံရာ
ဒီမှာပေါင်မုန့်၊ ယိုသုတ်လို့ထား
ဒါကားကြက်ဥ၊ salad နုနဲ့
ခရမ်းချဉ်သီး၊ ပါးပါးလှီး၍
ကောင်းပေ့ဒိန်ခဲ၊ မုန့်ပေါ်ကျဲကာ
လာစားပါလေ၊ စေတနာဖြင့်
သဒ္ဓါရွှင်မြူး၊ ကြည်ညွတ်နူးသည်
ဘီလူးသွားကို လ,ဖြဲတည်း။

(ဝန်ခံချက်။ ။ "မေဒါဝီ" ရဲ့ ဘလော့မှာ တင်ထားတဲ့ ရှင်ဥတ္တမကျော်ရဲ့ "ဆယ့်နှစ်ရာသီ တောလားရတု" ကိုဖတ်ပြီး ရေးမိရေးရာ ရေးမိတာပါ။ အောက်ဆုံးက နှစ်ကြောင်းကိုလဲ အဆိုပါ ရတုကနေ ကူးယူပါတယ်။ အကျိုးအကြောင်း ဆက်စပ်၍ကားတော့ မဟုတ်...)
(ကိုလူထွေး)
***
ကိုလူထွေး ဘလော့မှာ အဲဒီကဗျာ တင်တော့ ကျမလဲ နောက်ချင်တာနဲ့ ကွန်မန့်ထဲမှာ ခုလို ရေးခဲ့တယ်။

ပဲပြုတ်ပူပူ၊ ထမင်းဖြူဆီဆမ်း
ရေနွေးကြမ်းသောက်၊ ငါးခြောက်ဖုတ်လေး၊
မွမွလေးကင်၊ ကျွေးပါလျှင်သော်
ခေါင်းမဖော်တမ်း၊ အငမ်းမရ
စားချင်လှသည် ...
ဘီလူးသွားကို မဖြဲကြေး။
(မေဓာဝီ)
***
ဒီရောက်ကတည်းက မနက်စာဆို ဖြစ်သလိုသာ စားနေတာ အကျင့်ပါနေပါပြီ။ ကိုလူထွေး ရေးသလိုတောင် မစားနိုင်ပါဘူး။ ပေါင်မုန့် ၂ ချပ် ထောပတ်သုတ်၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီနဲ့ မျှောချခဲ့ရတဲ့ မနက်ခင်းပေါင်း မနည်းတော့ဘူး။ အခု ကျောင်းပိတ်ရက် ဦးရီးတော်အိမ်မှာ နေရတုန်း ကိုယ်စားချင်တာတွေ လုပ်စားခွင့် ရနေတာနဲ့ ဒီနေ့ မနက်စာကို အပေါ်က ရေးခဲ့တဲ့ အတိုင်း လုပ်စားဖြစ်တယ်။ ဒီမနက်စာရဖို့ ဗမာပြည်မှာ ဆိုရင်တော့ ပါးစပ်ကလေး တချက် လှုပ်လိုက်ရင် ပြီးပေမဲ့ အခုတော့ဖြင့် တော်တော်လေး လက်ဝင် လှပါတယ်။
ပဲပြုတ် …
ကိုယ်တိုင်ပြုတ်တာပါ။ ဘုရားစူး။ ပဲကို တညတိတိ ရေစိမ်ရတယ်။ နောက်တနေ့ မနက်ကျတော့ ဆန်ကာလေးထဲထည့် အပေါ်က ရေစိုအ၀တ်ကလေးနဲ့ အုပ်၊ ၂ ရက်လောက်ထား၊ အညှောက်လေးတွေ ထွက်လာတော့မှ ပြုတ်ရတယ်။ အကြာကြီးပဲ။ မီးအေးအေးနဲ့ စိတ်ရှည်လက်ရှည် တနေကုန် တနေခမ်း ပြုတ်ရတာ။ အပြုတ်လိုရင် ပဲမနပ်တော့ စိမ်းဆတ်ဆတ်နဲ့ စားမကောင်းဘူး။ အပြုတ်မလိုဖို့ အရေးကြီးတာပဲ။ :)
ငါးခြောက် …
oven နဲ့ ထည့်ကင်ရတာမို့ သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကင် မတော်ရင် တူးတတ်တယ်။ ခဏခဏ ဖွင့်ဖွင့်ကြည့်နေပြန်တော့လဲ တော်တော်နဲ့ မရပြန်ဘူး။ ခုဟာကတော့ အမွလွန်ပြီး နည်းနည်း ကြေသွားတယ်။ ကျမ အတွက်တော့ ကိစ္စမရှိပါဘူး။ ကြေသွားတော့ ၀ါးရတောင် သက်သာတယ်လို့ သဘောထားလိုက်ပါတယ်။

တိုရေရှားရေ နည်းနည်းပဲ ခင်းကျင်းပြထားတာ ကပ်စေးနည်းတယ် မထင်ကြပါနဲ့။ မနက်စာဆိုတာ အများကြီး မစားရဘူး မဟုတ်လား။ ကျမရဲ့ ဥပုသ်ထွက် မနက်စာကတော့ ဒီမျှပါပဲရှင်။ ကြိုက်ရင် သုံးဆောင်သွားကြပါ။
***
မေဓာဝီ

၆၊ သြဂုတ်၊ ၂၀၀၉
၉း၄၀ နာရီ

11 comments:

ရွက်လွင့်ခြင်း said...

မနက်စာ က သားရေကျစရာပါပဲလား
လိုက်ဖက်တဲ့ အစားအစာပါပဲ

မေ့သမီး said...

ပဲပြုတ်ကိုစိတ်ရှည်လက်ရှည်ကိုပြုတ်တာပဲ။ ညီမတို့တော့ စီးတီးဟောကပြုတ်ပြီးသားရေခဲစိမ်ပဲဝယ်ထားပြီး စားခါနီးမှ microwave ထဲထည့်လိုက်တာ။

ကိုပေါ said...

စင်္ကာပူက မလေးလူမျိုး မွတ်ဆလင်တွေ ဥပုသ်ထွက်တဲ့အခါမှာလည်း (သူတို့က သန်းခေါင်ယံမှာ ဥပုသ်ထွက်တာနဲ့တူတယ်) ချက်ကြပြုတ်ကြ ကြော်ကြလှော်ကြ စားကြသောက်ကြနဲ့။ ဟင်းနံ့တွေက အပေါ်ထပ်တွေကို တက်လာပြီး အိပ်မပျော်သေးသူတွေအဖို့ ရှူရှိက်မိပြီး အင်မတန် ဆာလောင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ကိုအောင် said...

ဥပုသ်ထွက်သူတစ်ယောက်ရဲ့ မနက်စာကို ကြည့်ရူသွား
ပါတယ် မမေဓါဝီ။

ကိုလူထွေး said...

ဥပုသ်ထွက်တာဆိုတော့ မနေ့ညက dinner လွတ်သွားတာပေါ့...

နောက်တခေါက်ဆိုရင် ဒင်နာပွဲတပွဲအကြောင်း ကဗျာတပုဒ် စပ်ဦးမှနဲ့တူတယ်...

းဝ)

Ma Khine said...

ပဲပြုတ်က အညှောက် မ ပါ ရင် စား မ ကောင်း လို့လား.. မေ
မ ခိုင် တ ခါ မှ မ လုပ် ဘူး လို့ မှတ် သား ထား လိုက် ပါ တယ်..

Harry said...

စိတ်တိုတယ်နော် ... ဒီမှာ ဗမာအစားအစာတွေ ငတ်ပါတယ် ဆိုနေမှ .. ဒါတွေပဲ လာလာရေးပြနေတယ်
ဘီလူးသွားကို လ,ဖြဲတည်း ...
ဒီ ဘီလူးက ခြောက်တာ ... ဒေါသထွက်လို့
ကိုက်စားမလို့ ...

ကိုရေတမာ said...

ဂလု ဂလု ဂလု ဂလု ဂလု

တန်ခူး said...

မေရေ… အမလဲ စိတ်တိုင်းကျက ဆိတ်စွတ်နံပြားကြိုက်တယ်… ဒီပို့ စ်လေးဖတ်ရတာ မေ့ပဲပြုတ်နည်းလေးရသွားတယ်… လုပ်စားကြည့်ဦးမှ… btw… မေတက်ဂ်တာ ရေးပြီးပြီနော်…

PAUK said...

ကိုပေါ ရေးထားတာ မသေချာတာကို ပြန်ပြောပြချင်တာပါ။။
မလေးတွေ..
မနက် နေမထွက်ခင် စားတာက ဥပုပ်ထွက်တာမဟုတ်ပါဘူး။။
အ၀င်အတွက်စားတာပါ။။
ညနေ နေ၀င်ချိန်မှ စားတာက သာ ဥပုပ်အထွက်အတွက်ပါ ။။

( အဟီးး ..၀င်ရှည်မိပြီနော်..မမေ)

မေဓာဝီ said...

ရွက်လွှင့်ခြင်း ... သွားရည်ကျအောင် တင်ထားတာ ... ဟဲဟဲ။

မေ့သမီးရေ ... ဒီမှာက ပြုတ်ပြီးသား ၀ယ်လို့ မရဘူးလေ။ ရရင် ပင်ပန်းခံမပြုတ်ဖူး :P

ကိုပေါ ... မစားရ အညှော်ခံ ရခြင်းသည်လဲ တဒုက္ခ။

ကိုအောင် ... ကြည့်ရုံပဲ နော် ..တကယ်မှ စားလို့မရတာ ။ :)

ကိုလူထွေးကြီး .. ဒင်နာအကြောင်းတင်လေ .. ဥပုသ်က လပြည့်လကွယ်ပဲ စောင့်တာဆိုတော့ ကိစ္စမရှိပါဘူး။

မခိုင် ... ပဲပြုတ်က အညှောက်လေးတွေ ရှည်လေ ပိုပြီးချိုလေလို့ ပြောတာပဲ အမ။ မေလဲ သေချာတော့ မသိဘူး။ ဒါက ပထမဆုံး လုပ်ဖူးတာမို့ :P

ဦးဟယ်ရီကြီး ... မနာလိုမဖြစ်ပါနှင့်၊ စိတ်ထိန်း စိတ်ထိန်း။

ရေတမာ ... ဂလုသံ ပြင်းထန်လှချည့်။

မတန်ခူး ... လုပ်စားကြည့်နော်။ မေလဲ ပထမဆုံးလက်ရာပါ။ တက်ဂ်ပို့စ်အတွက်လဲ ကျေးဇူးပါ။

ညီမလေးပေါက် ... ရှင်းပြပေးတာ ကျေးဇူးနော်။ မမေလဲ မွတ်ဆလင်ဥပုသ်အကြောင်း သေချာမသိဘူး။

အားလုံးပဲ မှတ်ချက်လေးတွေအတွက် ကျေးဇူးအထူးပါ။