Sunday, October 29, 2006

အိမ်ရှေ့ကဆေးရုံမှာ ...

ကျမတို့ အိမ်ရှေ့မှာရှိတဲ့ တချိန်ကသင်္ချိုင်းကုန်းတဖြစ်လဲ ဆေးရုံမှာ ခုရက်ပိုင်း နည်းနည်းထူးခြားမှုလေးတွေရှိလို့ သတိထားကြည့်မိတယ်။
အရင်က တခါမှ မရှိဖူးတဲ့ လမ်းပြပုလိပ် ၂ယောက်လောက်နဲ့ တခြား အစောင့်အကြပ်တချို့ပါ ဆေးရုံရှေ့နဲ့ ဆေးရုံထဲမှာ စောင့်နေတာကို တွေ့ရပါတယ်။
ပတ်သက်ရာ ပတ်သက်ကြောင်း တယောက်ယောက်တော့ ဆေးရုံတက်နေပြီလို့ ထင်လိုက်သား။
မေးမြန်းစုံစမ်းကြည့်တော့ ထင်တဲ့အတိုင်းပါပဲ .. လေတပ်ကဗိုလ်ချုပ်တယောက်ရဲ့ မဟေသီတပါး ဆေးရုံတက်ပြီး ကုသမှုခံယူနေလို့ပါတဲ့။
တခုတော့ ကောင်းပါရဲ့ .. ။ သူဆေးရုံတက်နေတဲ့အတွက် ဒီရက်ပိုင်း မီးမှန်နေတယ်လေ။
အရင်က မီးပျက်ပြီဆိုရင် အဲဒီဆေးရုံလဲ မှောင်နဲ့မဲမဲပါ။ မနီးမဝေးက ပုဂ္ဂလိက ဆေးရုံကတော့ မီးစက်ကြီးနှိုးပြီး မီးတွေ ထိန်ထိန်လင်းနေပေမဲ့ .. အိမ်ရှေ့က ဆေးရုံကတော့ ဖယောင်းတိုင်မီးကလေး မှိတ်တုတ်မှိတ်တုတ်နဲ့။
ဗိုလ်ချုပ်မဟေသီ စံမြန်းနေတဲ့ ကာလအတောအတွင်းမှာတော့ ဆေးရုံလဲ လူလူသူသူ ဖြစ်လို့ပေါ့။
ဗိုလ်ချုပ်မဟေသီဆေးရုံမှာရှိနေစဉ် သူ့လက်အောက်က ဗိုလ်မှူးကတော်တွေက ညဘက်မှာ အလှည့်ကျအခစားဝင်ရပါတယ်။ အကြောင်းကြောင်းကြောင့် မခစားနိုင်တဲ့ ကတော် ဆိုရင်တော့ လာရောက် ခစားသူတွေစားသောက်ဖို့ စားကောင်းသောက်ဖွယ်တွေ လာပို့ရပါသတဲ့။
သြော် ..ဖြစ်ရလေ .. လို့ စိတ်ထဲ ညည်းတွားမိပါတယ်။
ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲဆိုတာ နဂိုထဲက သိနေပြီးသားဖြစ်ပေမဲ့ .. .. .. ထုံးစံအတိုင်း အတွေးတွေ တသီကြီး ကျမခေါင်းထဲရောက်လာပါတော့တယ်။
ဘယ်သူသည် ဘယ်သူ့အတွက်ပါလိမ့် ..
ပြည်သူ့အတွက် တပ်မတော်လား .. တပ်မတော်အတွက် ပြည်သူလား .. ။
ပြည်သူကိုကာကွယ်ရမဲ့ တပ်မတော်လား .. တပ်မတော်ကိုအလုပ်အကျွေးပြုရမယ့် ပြည်သူလား .. ။
ပြောတော့ဖြင့် မိုးလားကဲလား ဘာညာသာရကာ လျှောက်အော်နေပြီး ပြည်သူပြည်သားနဲ့မှ တသားထဲကျအောင် မနေတဲ့ ဒီလိုလူတန်းစားတရပ်ကို ပြည်သူတွေက ယုံကြည်မှုရှိပါ့မလား…ကြည်ညိုမှုရော ရှိပါ့မလား…လေးစားမှုရော ရှိပါ့မလား… ကျမ စဉ်းစားနေမိပါတယ်။
ကျမတို့လူမျိုးတွေဟာ ခန္တီပါရမီ သိပ်ပြည့်ဝနေကြတယ်လို့တော့ မထင်ပါဘူး။ မနိုင်လို့သည်းခံနေကြရတာပါ။ အလှည့်ကျရင် .. အခွင့်အရေးရရင် .. ငြိမ်နေကြပါ့မလား … ။
ငွေကြေး ဂုဏ်သိမ် ရာထူး အာဏာ ဆိုတာ ထာဝရ တည်မြဲတာမဟုတ်ပါဘူး။
ရှေ့မှာလဲ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။
ဒါတွေကို နောက်လူတွေက သင်ခန်းစာယူကြမယ် စိတ်မကူးဘူး၊
ခံရကာမှ ခံရရော .. ကိုယ့်လုပ်ပိုင်ခွင့်ရှိတုန်းလေးတော့ အပီအပြင်နှံလိုက်မဟဲ့ဆိုပြီး လုပ်နေကြတဲ့ သူတွေချည်းပါပဲ။
ရှက်စရာလဲကောင်း စိတ်ပျက်ဖို့လဲ ကောင်းပါတယ်။
***
ဝတ္ထုတပုဒ်ပဲဖြစ်ဖြစ် ရုပ်ရှင်တကားပဲဖြစ်ဖြစ် အစရှိရင် အဆုံးဆိုတာ ရှိစမြဲပါ။
ဇာတ်လမ်းရဲ့ အထွတ်အထိပ် climax မှာ ဘယ်တော့မှ ရပ်မနေပါဘူး။
အလွန်ရှည်လျားပါတယ်ဆိုတဲ့ တရုတ်သိုင်းကားတွေတောင် တချိန်မှာတော့ ပြီးဆုံးသွားကြတာပါပဲ။
ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်းတော့ ကောင်းစေချင်ပါတယ်။
***
(မနေ့ကတော့ အနှီလေဒီကြီး ဆေးရုံက ဆင်းသွားပြီထင်ပါရဲ့၊ ညနေဘက် မီးပြန်ပျက်ပါရောလား။)

11 comments:

နိုင်းနိုင်းစနေ said...

yes.. do as I say, don't do as I do ^_^ ha ha.. nice one.

Anonymous said...

အဲဒီလေဒီကြီးက ဆင်းရဲရှာတယ်ထင်ပါရဲ့.. အပြင်ဆေးခန်းမှာတော့ မတက်ပဲနဲ့.. အခုတော့ ရေးခံထိရှာပြီ... အမကလဲ မြင်တတ်ပါ့ဗျာ.. ဟဲဟဲ

မေဓာဝီ said...

အင်း .. အဲဒီလေဒီကြီးက နားလား၊ နှာခေါင်းလား၊ လည်ချောင်းလားမသိဘူး အဲဒါ ခွဲစိတ်ကုသခံဖို့ ဒီဆေးရုံကိုရောက်လာရရှာတာပါ။
ကျမက တနေ့တနေ့ အိမ်ထဲမှာပဲနေနေရတော့ အိမ်ပတ်ဝန်းကျင်ကိုပဲ ကြည့်မိတဲ့အတွက် မြင်သမျှလေးတွေ ရေးလိုက်ရတာပါ။

Anonymous said...

မေဓါ ဘယ်မှာနေလဲ သိပြီဗျ။ (ဟောလီးဒေးက မွတ်စလင် ဘဲကင် ကောင်းတယ်၊ အနားက လက်ဘက်ရည်ဆိုင်ကလဲ နာမည်ကြီး။ ရှလွတ်။)

Thiha Kyaw Zaw said...

I'm missing the days i used to sit at Modern teashop and the one next to Shin Par Guu clinic with my friends after reading ur post. :P

မေဓာဝီ said...
This comment has been removed by a blog administrator.
TZA said...

ဒီအတိုင်းပါပဲလား၊ စိတ်ဓါတ် အရမ်းကျပါတယ်။
နိုင်ငံကို ဘာမှ အကျိုးမပြုတဲ့ အပြင် အလကား ရတာတွေကို တခုမှမကျန်အောင် သုံးပစ်ဖြုန်းပစ်တာ ရှက်ဖွယ်လိလိပါ။

မေ said...

စကားမစပ် မမေရေ ... မမေနဲ့ ကျွန်မတို့အိမ်က နီးနီးလေး။ ရန်ကုန်ပြန်ရောက်ရင် လာခဲ့ဦးမယ်။ မော်ဒန်က ပူ၇ီနဲ့ ဆနွင်းမကင်း လိုက်ကျွေးရမယ်နော် :D

Anonymous said...

သြော် မမေရာ... ကိုယ် ကုသိုလ်နဲ့ ကိုယ်လာကြတာပဲလေ... ကျွန်တော်လည်း လိုက်ရှာနေတာ မောင့်မဟေသီတစ်ပါးလောက် လိုချင်လို့လေ... အမေ အဆက်တွေ ရှိရင်လည်း ပြောအုံနော် အဟိ...

Anonymous said...

မှားသွားလို့ အမေ ဟုတ်ဘူး မမေ အဆက်တွေနော်

Anonymous said...

မမေ “အသွားမတော်တလှမ်း” ဆိုတဲ့ စကားပုံကို “အသွားမတော် မမေရှေ့” လို့ပြောင်းရတော့မယ်။ ပထမတစ်ခါ မင်းသိင်္ခ ထိပြီးတော့ ခု ဒုတိယ “ဘော်ကဒို” ထိသွားတာပေါ့။ ဟိ မမေရှေ့ အနေအထိုင်ဆင်ခြင်မှပဲ၊ မတော် ဘလော့ခ်ထဲ ထည့်ရေးနေမှ....