Thursday, August 05, 2010

သုံးပတ်စာ ဒိုင်ယာရီ

ဇူလိုင် ၁၆ ရက်နေ့ကတည်းက ငုတ်တုတ်ပဲ ထိုင်နေတော့မယ်ဆိုပြီး ကဗျာရေးလိုက်မိတာ မေဓာဝီတယောက် အဟုတ်ပဲ ငုတ်တုတ်မေ့သွားပါတော့တယ်။ ဖြစ်ပုံကတော့ အင်တာနက်ဒုက္ခကြောင့်ပါပဲ။ စကားနောက် တရားပါပြီး တကယ်ကို အခြေအနေမကောင်း ဖြစ်သွားတယ်။ ကဗျာထဲမှာသာ ငုတ်တုတ်ထိုင်နေမယ်ဆိုပေမဲ့ တကယ်တမ်း ငုတ်တုတ် မနေရပါဘူး။ အဲဒီရက်ပိုင်းအတွင်း လှုပ်ရှားသွားလာ လုပ်ကိုင်ဆောင်ရွက်နေရတာတွေ အများကြီး။ ပျော်လဲ ပျော် မောလဲမော … အင်တာနက် တက်ချင်တာလဲ တပိုင်းရော နှစ်ပိုင်းရော အကုန်ကို သေလို့။ ဘလော့လဲ မလည်ရ၊ ဖတ်ချင်တဲ့ စာတွေလဲ မဖတ်ရ၊ တင်ချင်တဲ့ ပို့စ်တွေလဲ မတင်ရ။ ခုမှတင်ရင်လဲ အိပ်စပိုင်ယာဖြစ်သွားပြီဆိုတော့ … အားလုံး စုပေါင်းစပ်ပေါင်း အကုန်ရောပြီး သုံးပတ်စာ ဒိုင်ယာရီ လုပ်လိုက်ပါတယ်။
***
၁၇၊ ၇၊ ၂၀၁၀ (စနေနေ့)

အဘိုးပုံ
အဲဒီနေ့က အဘိုးကွယ်လွန် (ပျံလွန်တော်မူ) တာ ၁၉ နှစ် ပြည့်ပါတယ်။ အဘွားက ဇူလိုင်လ ၁၉ ရက်နေ့ မှာ (အဘိုးနဲ့ ရက်အားဖြင့် တရက်ပဲခြားပေမဲ့ နှစ်အများကြီးစောပြီး) ကွယ်လွန်ခဲ့တယ်။ ကျမ မမွေးခင်ကမို့ အတိအကျတော့ မမှတ်မိတော့ဘူး။ ဒါကြောင့် ကွယ်လွန်သွားတဲ့ အဘိုးနဲ့အဘွားကို ရည်စူးပြီး ဘာမင်ဂမ်ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းသွားပို့ပါတယ်။ ထုံးစံအတိုင်း ချက်နေကျဟင်းတွေနဲ့ပါပဲ။ အဲဒီနေ့မှာ အဘိုးအတွက် သီးသန့်စာတပုဒ်ရေးပြီး တင်မလို့ပါပဲ။ အဘိုးအကြောင်းက ရေးစရာတွေ အများကြီး၊ တပိုင်းတစရေးထားပြီး အင်တာနက် အဆင်မပြေလို့ မတင်ဖြစ်ခဲ့ဘူး၊ နောက်ကြုံမှပဲ ဆက်ရေးပြီး တင်ပါတော့မယ်။
***
၂၅၊ ၇၊ ၂၀၁၀ (တနင်္ဂနွေနေ့)

“အမေဆိုဆဲ ၀ါဆိုပွဲ လှည်းကလေးနဲ့ သွားရအောင် …
ကုက္ကိုပင် မြန်မြန်ခုတ်ပါ့ လှည်းလုပ်ရအောင် …
လှည်းလုပ်ရင် ကြာရော့ ကြာရော့
မဘုတ်ဆုံ တင်ဆုံကြီး လှည်းလုပ်လို့စီး … ”

ဆိုတဲ့ ကဗျာလေးက အဲဒီရက်ပိုင်း ကျမနှုတ်ထဲ ရောက်ပြီး တချိန်လုံး ဆိုနေမိတယ်။ တနင်္လာနေ့ ၂၆ ဇူလိုင်က ၀ါဆိုလပြည့်နေ့မဟုတ်လား။ အဖိတ်နေ့ဖြစ်တဲ့ ၂၅ ရက်နေ့က ဘာမင်ဂမ်ကျောင်းမှာ ၀ါဆိုပွဲလုပ်ပါတယ်။ ၀ါဆိုပွဲကို လှည်းကလေးနဲ့ မဟုတ်ဘဲ ဦးရီးတော်မောင်းတဲ့ ကားကလေးနဲ့ တူဝရီးနှစ်ယောက် သွားကြပါတယ်။ ၀ါဆိုပွဲကိုလည်း ထုံးစံအတိုင်း ဆွမ်းဟင်းတွေ ချက်ယူသွားတဲ့အပြင် မေဓာဝီရဲ့ နာမည်ကြီး ခေါက်ဆွဲကြော် ကြော်ယူသွားပါတယ်။

ဓာတ်ပုံထဲမှာ ဓာတ်ပုံဆရာ (မေဓာဝီ) မပါပါဘူး

ဘာမင်ဂမ်ကျောင်းရဲ့ ၀ါဆိုပွဲက အတော်လေး စည်ကားတယ်။ အောက်စ်ဖို့ဒ်ဝိဟာရကျောင်းမှာ သီတင်းသုံးတဲ့ တိပိဋကဆရာတော် ဦးဂန္ဓမာလာလဲ ကြွလာပြီး တရားချီးမြှင့်ပေးပါတယ်။

သံဃာတော်များ ဆွမ်းဘုဉ်းပေးနေကြစဉ်
ကြုံလို့ တိပိဋကဆရာတော်ရဲ့ တရားကို နည်းနည်းလောက် ပြောပါရစေအုံး။ တရားနာရင်း သဘောကျလို့ ဘုတ်အုပ်ထဲ ကူးရေးပြီး မှတ်လာတာပါ။ ဆရာတော်ရဲ့ တရားက ခပ်တိုတိုနဲ့ ခပ်ရှင်းရှင်းလေးပါပဲ။
“တရားဖြင့် နေထိုင်ခြင်း” တဲ့။ တောရဆရာတော်တပါးရဲ့ အဆုံးအမ စကားလို့ ဆိုပါတယ်။

၁) ကိုယ်မကြိုက်တာ သူများကို လုံးဝမပေးပါနဲ့။
၂) ကိုယ်ကြိုက်တာအကုန်လုံး သူများကိုပေးပါ။
၃) ကိုယ်ပေးတဲ့အတိုင်း ကိုယ်ပြန်ရမယ်။

တိုတိုလေးနဲ့ အလွန်မှတ်သားဖို့ကောင်းပါတယ်။
ကိုယ်မကြိုက်တာ သူများကို မပေးနဲ့ဆိုတဲ့နေရာမှာ ကာယကံ၊ ၀စီကံ၊ မနောကံ အားလုံးနဲ့ ကိုယ်မကြိုက်တာတွေကို သူများကို မလုပ်ဖို့ကို ဆိုလိုတာပါ။ နောက်ပြီး ဗမာစကားပုံတခုဖြစ်တဲ့ “မကောင်းကျောင်းပို့” ဆိုတာကို ဆရာတော်က ထည့်ပြောသွားပါသေးတယ်။ တချို့က ကိုယ်မသုံးတော့တဲ့ ကွန်ပျူတာအဟောင်း၊ ကားအဟောင်း စသဖြင့် ဘုန်းကြီးကျောင်းတွေကို သွားလှူကြတယ် … လှူတာက ကောင်းပေမဲ့ ဘုန်းကြီးတွေ ခမျာမှာ ပစ္စည်းဟောင်းတွေနဲ့ ဒုက္ခရောက်ရကြောင်း ဆရာတော်က တကယ့်ဖြစ်ရပ်မှန်ကို ဟာသလေးနှောပြီး ဟောသွားပါတယ်။ ဆရာတော်ပြောတာက ကျမတို့အားလုံးကို တိုက်ရိုက်ထိနေတာမို့ ခပ်ရှက်ရှက်နဲ့ ရယ်နေကြပါတယ်။ ဗမာပြည်မှာတုန်းက ကျမလည်းပဲ ကွန်ပျူတာ အဟောင်းကို သီလရှင်ကျောင်း လှူဖူးတာကိုး။

ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းနေကြ
တိပိဋကဆရာတော် ဦးဂန္ဓမာ ဟောအပြီးမှာ ဘာမင်ဂမ်ဆရာတော် ဦးဥတ္တရဉာဏက အင်္ဂလိပ်လို တရားချီးမြှင့်ပါတယ်။ ဘာတရားချီးမြှင့်သလဲဆိုတာ မမေးပါနဲ့။ အင်္ဂလိပ်လိုဟောတာဆိုတော့ ဘုတ်အုပ်ထဲလဲ မှတ်မထားလိုက်မိတော့ မသိဘူး။ :D
***
၂၆၊ ၇၊ ၂၀၁၀ (တနင်္လာနေ့)

ဝါဆိုလပြည့်နေ့ပါ။ မနေ့က အလှူမှာ စားတာများသွားလို့လားမသိဘူး၊ မနက် ၉ နာရီကစပြီး တနေ့လုံး ၀မ်းသွားပါလေရော။ ဦးရီးတော်ကလဲ အလုပ်သွားလို့ အိမ်မှာမရှိ၊ တယောက်ထဲ ဆေးက အလွယ်တကူ ရှာမတွေ့။ ဗိုက်တွေနာပြီး ဘာမှစားလို့မရတော့ လပြည့်နေ့ ဥပုသ်စောင့်မယ့် အစီအစဉ်ကို ၀မ်းနည်းစွာ ဖျက်လိုက်ရတယ်။ အကုသိုလ် တော်တော်ကြီးနေလို့လားတော့ မသိပါဘူး။ ဦးရီးတော်ပြန်လာမှ ဆေးတောင်းသောက်လို့ ၉-ခါနဲ့ ရပ်သွားပါတယ်။ ညနေဘက် ဓမ္မစကြာ အနတ္တလက္ခဏသုတ် ဦးရီးတော်နဲ့အတူ ကာရာအိုကေကြည့်ပြီး ရွတ်ကြတယ်။ ကျမက အလွတ် (နီးပါး) ရတော့ မကြည့်ပါဘူး၊ ဦးရီးတော်က အလွတ်မရတော့ ကာရာအိုကေကြည့်ဆိုရတာ။ ဒီနေရာတခုပဲ ဦးရီးတော်ထက် ကျမက သာတာရှိတယ်။ (ဟဲဟဲ) တခုလောက်သာလဲ မနည်းဘူး မဟုတ်လား။
***
၂၇၊ ၇၊ ၂၀၁၀ (အင်္ဂါနေ့)

ဝါဆိုလပြည့်ကျော် တရက်နေ့က အဖေ့မွေးနေ့ပါ။ အဖေ့ အသက် ၆၅ နှစ်ပြည့်တယ်။ အဖေ့မွေးနေ့အတွက် အမှတ်တရ ပို့စ်တင်ဖို့ စိတ်ကူးပြီး ရေးထားပြီးသား၊ နက်ဒုက္ခကြောင့် မတင်ဖြစ်ဘူး။ မနက်ဘုရားရှိခိုးတိုင်း မိဘနှစ်ပါးကို ကန်တော့နေကျမို့ အဖေ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ထွေထွေထူးထူး သတ်မှတ်ပြီး မကန်တော့ဖြစ်ပါဘူး။ စိတ်ထဲက သတိရနေရင် ပြီးတာပဲမဟုတ်လား။ နောက်တနေ့ အိမ်မှာ ဦးရီးတော် မိတ်ဆွေတွေ ညစာဖိတ်ကျွေးမှာမို့ အဲဒီနေ့က တအိမ်လုံး ရှင်းလင်းရေး လုပ်နေရပါတယ်။ တနေကုန် ဖတ်ဖတ်မောလို့။ ကိုယ့်ကိုယ်ကိုယ်တောင် အတော်လေး သနားနေမိတယ်။
***
၂၈၊ ၇၊ ၂၀၁၀ (ဗုဒ္ဓဟူးနေ့)

ညဘက် ဧည့်သည်တွေဖိတ်ထားတာမို့ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ကတည်းက စပြီးချက်ရတယ်။ ချက်ပြုတ် ဆေးကြော လှီးချွတ် … စက်ရုပ်လိုပဲ တလှုပ်လှုပ်နဲ့ လုပ်လိုက်ရတာ တနေ့လုံးထိုင်ကို မထိုင်လိုက်ရဘူး။ ကိုယ်တိုင်ချက်ပြုတ်ထားပြီး စားလဲမစားနိုင်ဘူး။ ကိုယ်ချက်ထားတာလေးတွေ ဖွယ်ဖွယ်ရာရာမို့ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ချင်ပေမဲ့ အဲဒီလောက် အချိန်မရပါဘူး။ ည ၁၁ နာရီ သိမ်းဆည်းပြီး အိပ်ရာထဲရောက်မှ နားရတယ်။ ပင်ပန်းတယ်ဆိုတာ ပြောမပြတတ်အောင်ပဲ၊ အဲဒီနေ့ကို ခုပြန်တွေးရင် ဖျားချင်လာတယ်။ ဒါပေမဲ့ … အင်း … ပျော်ပါတယ် … ။
***
၃၁၊ ၇၊ ၂၀၁၀ (စနေနေ့)

အဲဒီနေ့ကတော့ အောက်စ်ဖို့ဒ်ဓမ္မ၀ိဟာရကို သွားကြပါတယ်။ ဦးရီးတော်မိတ်ဆွေရဲ့ ဆွမ်းကျွေးအလှူပါ။ အောက်စ်ဖို့ဒ်က ဆရာတော် ဦးဓမ္မသာမိက သက်သတ်လွတ် ဘုဉ်းပေးတာမို့ ဆရာတော်ကြိုက်တယ်လို့ ပြောဖူးတဲ့ ပဲကြော် ကြော်သွားပါတယ်။ အများအတွက်က ခေါက်ဆွဲကြော်။

ဦးဓမ္မသာမိက အင်္ဂလိပ်လို တရားချီးမြှင့်ပြီး တိပိဋကဆရာတော်က “အကာနဲ့ အနှစ်”ဆိုတဲ့ တရားကို ဟောပါတယ်။

ဒါန သီလ ဘာဝနာ ပြုရာမှာ အကာက ဘယ်လို အနှစ်က ဘယ်လိုဆိုတာ ခွဲခြားပြီး ဟောပြသွားပါတယ်။ ဆရာတော်ရဲ့ ထုံးစံအတိုင်း ရယ်စရာလေးနဲ့ မပျင်းရအောင် ပြောတာမို့ တရားနာပရိသတ်လဲ သဘောကျကြပြီး အိပ်မငိုက်ကြပါဘူး။ အောက်စ်ဖို့ဒ်ကျောင်းမှာတော့ ၇-ရက် တရားစခန်းဝင်သူ လူငယ်လေးတွေနဲ့ စည်ကားနေတာကို အားရစဖွယ် တွေ့မြင်ခဲ့ရတယ်။
***
၁၊ သြဂုတ်၊ ၂၀၁၀ (တနင်္ဂနွေနေ့)

တူဝရီးနှစ်ယောက် မြက်ရိတ်၊ ခြံရှင်း၊ ရေလောင်း၊ ပေါင်းသင်၊ အပင်တွေ မြေဆွေးထည့် … လက်ဆောင်ရထားတဲ့ ပန်းသီးပင်လေး မြေပေါ်ချစိုက် … အလုပ်မရှိ ရှာကြံလုပ်ရင်း ခြံထဲမှာ အချိန်ကုန်သွားတယ်။
***
၂၊ သြဂုတ်၊ ၂၀၁၀ (တနင်္လာနေ့)

ဘုရားရှိခိုး မနက်စာစားပြီးတာနဲ့ လန်ဒန်ကိုသွားကြတယ်။ ဦးရီးတော် ကိစ္စနဲ့ပါ။ မနက် ၈ နာရီခွဲ အိမ်ကထွက်၊ ၁၁နာရီ ခွဲ လန်ဒန်က အမျိုးတွေအိမ်ကိုရောက်တယ်။ အလွန်တရာ ရှုပ်ယှက်ခတ်လှစွာသော နာမည်ကြီး အောက်စ်ဖို့ဒ်လမ်းမှာ လမ်းသလားတယ်။



အမေရိကန် သံရုံးနား ဓာတ်ပုံသွားရိုက်တယ်။ အမျိုးတွေအိမ်က Wembley Stadium နားမှာဆိုတော့ အဲဒီအနီးတ၀ိုက် ခြေညောင်းလက်ဆန့် (ကားနဲ့) ပတ်ပြီး ဟိုဟိုဒီဒီကြည့်တယ်။
ည ၈ နာရီ သာသာမှာ လန်ဒန်ကပြန်လာပြီး အိမ်ကို ည ၁၁ နာရီမထိုးမီ ပြန်ရောက်ပါတယ်။ ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေ သိမ်းဆည်းပြီးသကာလ အိပ်ရာထဲ ဒိုင်ဗင်ပစ်ပြီး ၀င်အိပ်လိုက်တယ်။ ပင်ပန်းလိုက်တာ … ဒါပေမဲ့ … ဟုတ်ကဲ့ … ပျော်ပါတယ်။
***
၅၊ သြဂုတ်၊ ၂၀၁၀ (ကြာသပတေးနေ့)

ဂါးဒင်းစန်တာသွားတယ်။ အပင်တွေ သွားငေးတယ်။ သီးပွင့် ဖူးငုံ ဝေဆာ လန်းဆန်းနေကြတဲ့ အပင်လေးတွေကိုမြင်ရ ကြည့်ရတာ စိတ်ချမ်းသာစရာပါပဲ။ ဘာဝယ်ခဲ့သလဲ … ဟုတ်လား … ဟင့်အင်း … မ၀ယ်ပါဘူး။ ပိုက်ဆံအကုန်ခံလို့။ အိမ်မှာ မြက်ပင်တွေ အများကြီးရှိတယ်။ ရိတ်လို့ကို မနိုင်ဘူး။ တော်ပြီလေ … အဲဒီလောက်ဆို လုံလောက်ပါပြီ။

***
သုံးပတ်စာ ဒိုင်ယာရီက အတော်ကို ရှည်သွားတယ်။ ငုတ်တုတ်ထိုင်မယ်ဆိုပြီး ဒီသုံးပတ်လုံး ကောင်းကောင်းကို မထိုင်လိုက်ရပါဘူး။ ကျောင်းပိတ်ပေမဲ့ မေဓာဝီ မအားဘူးဆိုတာ သိပြီး သနားမလားလို့ ရေးလိုက်ပါတယ်။ အလှူဒါနတွေ ပြုနေပေမဲ့ ကိုယ့်ပိုက်ဆံတော့ တပြားမှမပါပါဘူး။ ဒါပေမဲ့လဲ ဝေယျာဝစ္စ လုပ်အားဒါနတော့ အများကြီး တလုံးတခဲ ပါတာပေါ့လေ။ (ဒါ နည်းသလားနော်) အခုလက်ရှိမှာတော့ အင်တာနက် အခြေအနေ နည်းနည်းကောင်းပေမဲ့ ဖုတ်လှိုက်ဖုတ်လှိုက်မို့ အရင်လို ဘလော့ကို စိတ်ကြိုက်မဂင်းနိုင်တော့ပါဘူး။ ပျက်ကွက်မှုအပေါင်းအတွက် နားလည်ပေးကြပါလို့ … ။
***
မေဓာဝီ
၅၊ သြဂုတ်၊ ၂၀၁၀
၁၅း၁၀ နာရီ

8 comments:

ကိုကိုမောင်(ပန်းရနံ့) said...

သုံးပတ်စာ ဒိုင်ယာရီကို သုံးမိနစ်နှင့်အပြီးဖတ်သွားတယ်။

ဒါနဲ့.. အဲဒီဓါတ်ပုံထဲမှာ မေဓာဝီက အချောဆုံးနော်။းဝ)။ (ရမ်းသုတ်ခြင်း)

ဝေယျာဝစ္စလဲ ကုသိုလ်ပါဘဲလေ။ ပိုက်ဆံကုန်မှ ကုသိုလ်ရတာမဟုတ်တာ။ ယူတတ်ရင်ကုသိုလ်ချည်းပါဘဲ။ ဒါကြောင့် ဆရာတော်တွေက ပြောနေဟောနေကြတာလေ။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကုန်ဘဲ ရနိုင်တဲ့ ကုသိုလ်တွေထဲမှာ ဝေယျာဝစ္စလဲ ပါတယ်တဲ့။ မေဓာဝီတို့ကတော့ ကုသိုလ်ထူးပါ့ဗျားးး။

အင်း... ၀မ်းလျောတာကလဲ ကိုးန၀င်းကျေရုံပါဘဲလား။းဝ)

khin oo may said...

ဒီထက်ပိုရှည်စေချင်ပါသေးတယ်။

သက်ဝေ said...

၃ ပတ်စာ ဒိုင်ယာရီကို ဖတ်သွားတယ်..

ကျောင်းပိတ်ပေမဲ့ မေ မအားဘူးဆိုတာ သိပြီး သနားသွားပါတယ်... သနားသွားပါတယ်...။ ဓါတ်ပုံတွေထဲမှာ မေ့ပုံလေးများ ပါမလားလို့ ရှာလိုက်ရတာ... တွေ့လဲ တွေ့ဘူး... ဟွန့်...

Anonymous said...

မမေဓါဝီ ရေ

အလုပ်မအား တာလေးတွေ ဖတ်သွားတယ် ... အများကြီး ချက်ပြုတ်ခဲ့ တာဘဲ တော်တော် မောသွားမှာပေါ့.. ကိုယ်တိုင် ကိုယ်ကျ စားတဲ့လူတွေ ဘုန်းဘုန်းတွေ အရသာရှိရှိ ကောင်းကောင်းမွန်မွန် လေး စားဘို့ စေတနာ လေးနဲ့ ထားချက်တဲ့ မ ကုသိုလ် တွေ အများကြီးရမှာပါနော်

ချစ်ခင်စွာဖြင့်
ရွှေစင်ဦး

ဧပရယ်လ်ပူး@ပူးတေ said...

မမမေ

ပူးတေက ကိုယ့်ကိုကိုယ် အလုပ်ရှုပ်လှချည်ရဲ့ဆိုပြီး နေ့တိုင်း သနားနေတာ။ ရန်ကုန်ကို ဖုန်းလှမ်းဆက်ပြီးလဲ သနားခိုင်းရသေးတာ... အခုတော့ မမမေကို သနားတာလေးတွေ နဲနဲ ခွဲပေးလိုက်ပါ့မယ်နော်...:) သနားတယ် သိလား

ဂါးဒန်းစင်တာလေးကိုတောင် သွားချင်တယ်.. အပင်လေးတွေ ငေးချင်လို့

ခင်တဲ့
ပူးတေ

ကိုအောင်(ပျူနိုင်ငံ) said...

ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာပါလား၊ ကျနော်
လည်း ခရီးတိုတွေ များနေလို့ ပို့စ်အသစ် မတင်
နိုင်သေးဘူးဗျာ၊ အရာရာ အဆင်ပြေပါစေ။

Anonymous said...

ကြီးမေရေ
စာတွေလာဖတ်သွားပါတယ် ကုသိုလ်တွေအများကြီးရလို့ ၀မ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်သွားပါတယ်
ခင်မင်စွာဖြင့်
seesein

Anonymous said...

မမေ.. ပို့စ် အသစ်ကလေးကို အားပါးတရ ဖတ်သွားပါတယ်။ သိပ်နေမကောင်းလို့.. နောက်မှ ကွန့်မန့် ရေးပါရစေ။ (မောင်ကြီး)